ဩဂုတ် ၂၁ – ၂၀၂၆
SN (VOM)
မိုးနှောင်းရာသီ ရောက်ရှိတော့မှာဖြစ်လို့ မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်ပြီး စစ်တောင်း၊ ရွှေကျင်၊ ပဲခူးမြစ်ရေတွေ ဆက်လက် မြင့်တက်နိုင်တာကြောင့် ရေကြီးရေလျှံမှု သတိပြုဖို့လိုတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
မိုးနှောင်းရာသီအတွင်း လာမယ့် စက်တင်ဘာလလောက်မှာ အရှေ့ဘက်ကလာတဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေ မြန်မာနိုင်ငံကို ဖြတ်နိုင်ခြေရှိတာကြောင့် မိုးရွာသွန်းမှု ဆက်ကောင်းနေနိုင်တယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“မိုးများလာပြီဆိုတာနဲ့ ချက်ချင်း ရေတက်နိုင်တယ်။ မြစ်တွေ၊ ချောင်းတွေဘေးမှာ နေတဲ့သူတွေအနေနဲ့ ရေကြီးမှု သတိပြုရမှာဖြစ်သလို တောင်ကုန်းတောင်တန်း ဒေသတွေမှာလည်း လျှပ်တပြက် ရေကြီးမှုကို သတိပြုရမယ်။ လက်ရှိ မြင့်တက်နေတဲ့ ရွှေကျင်မြစ်ရေကလည်း စစ်တောင်းမြစ်ထဲကို ဝင်မယ်။ စစ်တောင်းမြစ်မှာလည်း မဒေါက်က စိုးရိမ်ရေမှတ်ကိုကျော်နေတာ တော်တော်ကြာနေပြီ။ ဒါကြောင့် မိုးနှောင်းကာလမှာ စစ်တောင်းမြစ်တလျှောက်က ဒေသတွေ ရေကြီးရေလျှံမှု သတိပြုဖို့လိုတယ်” လို့ သူက ပြောပါတယ်။
မိုးနှောင်းကာလမှာ ဘင်္ဂလားပင်လယ်အော်မှာ ရှိနေတဲ့ မုတ်သုံလေ အားကောင်းမှုတင်မကဘဲ ဗီယက်နမ်ကမ်းခြေနားမှာရှိတဲ့ လေဖိအားနည်းဆဲလ်ကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့်လည်း မိုးရွာသွန်းမှု များပြားနေနိုင်ပြီး လာမယ့် ၁၀ ရက်အတွင်းမှာလည်း မြန်မာနိုင်ငံ (တောင်ပိုင်း) ဒေသတွေမှာ ရှစ်ရက်ခန့် မိုးပိုနိုင်သလို မြစ်ဝကျွန်းပေါ်၊ ရခိုင်နဲ့ မြန်မာနိုင်ငံ (အရှေ့ပိုင်း) ဒေသတွေမှာလည်း သုံး၊ လေးရက်လောက်အထိ မိုးရွာသွန်းမှု များပြားနေနိုင်တယ်လို့ ဆိုပါတယ်။
“လက်ရှိမှာ မြစ်ကြီးတွေက ရေပြန်ကျနေလို့ စိုးရိမ်စရာ မရှိပေမယ့် မြစ်ငယ်တွေဖြစ်တဲ့ စစ်တောင်းမြစ်၊ မဒေါက်ဆိုရင်လည်း စိုးရိမ်ရေမှတ်ကို ကျော်နေတယ်။ ဒါပေမယ့် ရေတက်တော့ နှေးတယ်။ တရက်ကို ၂ လက်မ၊ ၃ လက်မလောက်ကနေ အများဆုံး ၄ လက်မ၊ ၅ လက်မလောက်ပဲ တက်နေတယ်။ သူကတော့ ရေအတက် ကြာနေနိုင်သေးတယ်။ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေနိုင်သေးတယ်” လို့ မိုး/ဇလ ညွှန်ချုပ်က ပြောပါတယ်။
ဒီကနေ့ ဩဂုတ် ၂၁ ရက်၊ မနက်ပိုင်းမှာ ထပ်ပြီး ရေတက်လာတာက ရွှေကျင်မြစ်ရေဖြစ်ကာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ၃ ပေခန့် ဆက်လက် မြင့်တက်လာနိုင်သလို သောင်ရင်းမြစ်ရေဟာလည်း မြဝတီမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ ပေကျော်ကို ရောက်ရှိနေကာ နောက်တရက်မှာ ၅ ပေခန့် ဆက်လက် မြင့်တက်နိုင်တယ်လို့ သူက ပြောပါတယ်။
“သောင်ရင်းမြစ်ရေကတော့ ရေအတက်များနေတုန်းပဲ။ သူက အရင်စံချိန်တော့ မကျော်သေးပေမယ့် လက်ရှိမှာ စိုးရိမ်ရေမှတ် ကျော်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ရေဘေးလွတ်တဲ့ နေရာတွေ ရှောင်သင့်တယ်။ ဒါပေမယ့် သောင်ရင်းမြစ်ရေက မြန်မာနိုင်ငံအတွက် တအားကြီး သက်ရောက်မှုတော့ မရှိဘူး။ သူက မြန်မာနဲ့ ထိုင်းနယ်စပ်မှာဆိုတော့ အောက်ဘက်ကို ဆက်သွားနိုင်တယ်။ နောက်တခု ဧရာဝတီတိုင်းမှာ ဖြစ်ထားတဲ့ ရေကြီးရေလျှံမှု။ သူကတော့ အပေါ်ပိုင်းမှာ ရေလျော့လာပြီး အောက်ဘက်ကို ဆင်းလာတာဖြစ်လို့ လေးမျက်နှာရဲ့ အောက်မှာရှိတဲ့ မြို့နယ်တွေလည်း ရေကြီးမှု သတိပြုရမယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် လာမယ့် ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလလောက်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နိုင်ခြေရှိနေပြီး မိုးကြိုနဲ့ အခုလို မိုးနှောင်းကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံဘက်ကို ဝင်ရောက်ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
မိုးကြိုနဲ့ မိုးနှောင်းကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ အိန္ဒိယနိုင်ငံကို ၅၀ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်ကို ၃၀ ရာခိုင်နှုန်း ဝင်ရောက်နိုင်ပြီး ၂၀ ရာခိုင်နှုန်းကတော့ မြန်မာနိုင်ငံဘက်ကို လာတာဖြစ်လို့ လာမယ့် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာ မုန်တိုင်းဖြစ်ပေါ်နိုင်မှုကို သတိပြုရမယ်လို့ သူက ပြောပါတယ်။
“ရေကြီးရေလျှံမှုကလည်း ပုံမှန်အရဆို အောက်တိုဘာလလောက်အထိကို သွားတယ်။ မြစ်ကြီးတွေမှာသာ ဖြစ်တာနည်းသွားမယ်။ ခုဏကပြောတဲ့ စစ်တောင်းမြစ်တို့၊ သောင်ရင်းမြစ်တို့၊ ပဲခူး၊ ရွှေကျင်၊ မြန်မာနိုင်ငံ အထက်ပိုင်းမှာဆို ဒုဋ္ဌဝတီပေါ့။ ဒီနေရာတွေ ဆက်ပြီးသတိထားရမယ်။ အဓိက ကတော့ မုတ်သုံမိုးအပြင်ကို အရှေ့ဘက်ကလာတဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေကြောင့်လည်း မိုးတွေ များလာနိုင်တယ်။ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းဒေသတွေမှာ အဲဒီကာလတွေဆို ပုံမှန် မိုးများလေ့ရှိတယ်။ ဒါကြောင့် အဲဒီကာလတွေမှာလည်း ရေကြီးရေလျှံမှုကို ဆက်ပြီး သတိပြုရဦးမှာပါ” လို့ သူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုတွေ ပိုမိုဆိုးရွားလာတာဟာ သစ်တောပြုန်းတီးခြင်းနဲ့ မြစ်ကြမ်းပြင်တွေမှာ အနည်အနှစ်တွေစုပုံကာ တိမ်ကောလာခြင်းတို့ကြောင့် အဓိက ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောပါတယ်။
“သစ်ပင်တွေ မရှိတော့တဲ့အခါ မိုးရေကို မြေဆီလွှာက မစုပ်ယူနိုင်တော့ဘူး။ ဒါကြောင့် ရေတွေက အထိန်းအကွပ်မဲ့ ဖြစ်သွားပြီးတော့ မြေမျက်နှာပြင်အတိုင်း လျင်လျင်မြန်မြန်ကို စီးဆင်းလာပြီး မြို့ပြနဲ့ ကျေးရွာတွေထဲ တိုက်ရိုက် ရောက်လာပြီး ရေကြီးတာ။ တောင်စောင်းတွေမှာလည်း မြေပြိုမှုတွေ ပိုပြီး ဖြစ်စေနိုင်တယ်” လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တယောက်က ပြောပါတယ်။
သစ်တောပြုန်းတီးမှုကြောင့် တောင်စောင်းတွေနဲ့ ကုန်းမြေတွေမှ မြေဆီလွှာတွေဟာ မိုးရေတွေနဲ့အတူ စီးမျောလာပြီး မြစ်ချောင်းတွေထဲကို ဝင်ရောက်လာကာ မြစ်ဝှမ်းနဲ့ မြစ်ကြမ်းပြင်တွေမှာ အနည်အနှစ်တွေ အလွန်အကျွံ စုပုံလာတာကြောင့် မြစ်ရဲ့ ရေဆံ့နိုင်စွမ်းအားလည်း နည်းပါးလာတယ်လို့ သူက ပြောပါတယ်။
“အခုက မိုးနည်းနည်းလောက် ရွာလိုက်ရုံနဲ့ ရေလျှံပြီး ရေတွေကြီးနေတာ။ ဒါ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းနေပြီဆိုတာကို ပြတာ။ ရာသီဥတု ဖောက်ပြန်နေတာ။ ကမ္ဘာ့အပူချိန်တွေကလည်း တနှစ်ထက်တနှစ် မြင့်တက်လာနေတယ်။ အချိန်အခါမဟုတ် မိုးကြီးတာတွေကလည်း ဒါတွေကြောင့် ဖြစ်နေတာ။ သဘာဝဂေဟစနစ် ပျက်စီးသွားပြီ။ ရေအရင်းအမြစ်တွေ ညစ်ညမ်းကုန်ပြီ။ ရေဘေးဒဏ်ကို တားဆီးပေးနိုင်စွမ်းက သဘာဝအတိုင်း မရှိတော့ဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် သတ္တု၊ သယံဇာတ တူးဖော်ခြင်းလုပ်ငန်းတွေကို စက်ယန္တရားကြီးတွေနဲ့ အလွန်အကျွံ ပြုလုပ်နေတာ၊ မြေစာပုံတွေကို စည်းကမ်းမဲ့ စွန့်ပစ်နေတာတွေကလည်း ရေစီးရေလာ လမ်းကြောင်းတွေကို ပိတ်ဆို့စေပြီး ချောင်းငယ်၊ မြစ်ငယ်တွေကို တိမ်ကောစေကာ ရေကြီးရေလျှံမှုကို ပိုမိုဆိုးရွားစေတယ်လို့ သူက ပြောပါတယ်။
Photo – CJ
