နေပြည်တော်၊ မတ်- ၁၆- ၂၀၂၆
SA(VOM)
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို ဒီကနေ့မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာ နေပြည်တော်မြို့၊ ဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ လွှတ်တော်အဆောက်အဦးဝင်း ပြည်သူ့လွှတ်တော်အဆောက်အဦမှာ စတင်ကျင်းပမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယ ဥက္ကဋ္ဌ တို့ကိုလည်း ဒီကနေ့မှာ ရွေးကောက် တင်မြှောက်မှာဖြစ်ပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲမှာ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၄၄၀ ရှိတဲ့အထဲက ၂၆၃ နေရာကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ခဲ့ပြီး ကျန်တဲ့ ၁၁၀ နေရာအတွက် တပ်မတော်ကခန့်အပ်ထားတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၂၆၃ နေရာတွေထဲကပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၃၁ နေရာနဲ့အများဆုံး အနိုင်ရရှိခဲ့ပါတယ်။ အခြား တိုင်းရင်းသားပါတီတွေနဲ့ ပါတီအသီးသီးက လက်ကျန်နေရာများကို ရရှိခဲ့ကြပြီး လစ်လပ်နေရာ ၆၇ နေရာ ရှိခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ပါတီအသီးသီးက ပြည်သူ့လွှတ်တော် အမတ်တွေဖြစ်ကြတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ၂၃၁ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)က ၇ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ က ၅ ဦး၊ မွန်ညီညွတ်ရေးပါတီ က ၅ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ က ၄ ဦး၊ နာဂအမျိုးသားပါတီ က ၄ ဦး၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ က ၁ ဦး၊ ရခိုင်တိုင်းရင်းသားများပါတီ က ၁ ဦး၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်း ညီညွတ်ရေးပါတီ ၁ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ၁ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၁ ဦး၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ ၁ ဦး၊ တသီးပုဂ္ဂလ ၁ ဦး ရှိပြီး တပ်မတော်က ခန့်အပ်ထားတဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး စုစုပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၃ ဦး ရှိမှာဖြစ်ပါတယ်။
လွှတ်တော်ရဲ့ သက်တမ်းဟာ ငါးနှစ်ဖြစ်ပြီး နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အမျိုးသားစီမံကိန်းနှင့် ဘတ်ဂျက်အတည်ပြုခြင်း၊ အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းကျောင်းတည့်မတ်ပေးခြင်းစတဲ့ တာဝန်တွေကို အဓိကဆောင်ရွက်ရတဲ့ လွှတ်တော်ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – ကိုကိုလွင် / ရှိုင်းအောင် (VOM)
