ဇွန် ၃ – ၂၀၂၆
SS (VOM)
လက်ရှိမှာ ပြည်ပနိုင်ငံတွေဆီ မြန်မာလုပ်သား တရားဝင်စေလွှတ်မှုတွေကို ထပ်မံလျှော့ချဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ပြည်ပထွက်ခွာဖို့ စောင့်ဆိုင်းနေသူတွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ မလေးရှား အစရှိတဲ့ နိုင်ငံတွေဆီ မြန်မာလုပ်သား စေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လကုန်ပိုင်းကတည်းက လူဦးရေပမာဏ လျှော့ချထားတာဖြစ်ပြီး အကန့်အသတ်နဲ့သာ ထွက်ခွာခွင့်ပြုနေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း နိုင်ငံတော်သမ္မတက ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်မှုတွေကြောင့် ပြည်တွင်းမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေ လျှော့နည်းလာနေတယ်လို့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တဲ့အတွက် အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြည်ပလုပ်သား တရားဝင် စေလွှတ်နေမှုတွေကို ထပ်မံ လျှော့ချဖို့ လုပ်ဆောင်နေတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။
“အရင်ကတည်းကလည်း ပြည်ပလုပ်သားစေလွှတ်မှုကို တင်းကျပ်ထားတယ်။ နောက်ပိုင်းမှာ ဒီထက်ပိုပြီး တင်းကျပ်မှုတွေ၊ စိစစ်မှုတွေ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရတယ်။ နိုင်ငံအလိုက် အလုပ်ခေါ်စာ (Demand) တွေအတွက် လစဉ်စေလွှတ်ခွင့်ပြု OWIC (ပြည်ပအလုပ်သမား သက်သေခံကတ်) အရေအတွက်ကို အကြီးအကျယ် ကန့်သတ် လျှော့ချလာနိုင်တယ်။ ကျွန်တော်တို့ အေဂျင်စီတွေအတွက် လုပ်သားခေါ်ဖို့အရေး ရပ်တန့်လုနီးပါး ဖြစ်နေတဲ့အချိန်မှာ တင်းကျပ်တာတွေ ထပ်ပြီး လုပ်ဆောင်သွားမယ်ဆိုရင် လုပ်ငန်းရေရှည်လည်ပတ်နိုင်ဖို့ ခက်ခဲသွားနိုင်တယ်။ မူဝါဒတွေ တမျိုးပြီးတမျိုး ပြောင်းနေတာက သွားဖို့ပြင်ဆင်နေတဲ့ အလုပ်သမားတွေအတွက်လည်း အချိန်တွေ၊ ငွေတွေ ဆုံးရှုံးနစ်နာနိုင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ပြည်ပနိုင်ငံတွေအလိုက် အလုပ်ခေါ်စာ (Demand) တစောင်အတွက် တလကို ထိုင်းနိုင်ငံကို အယောက် ၅၀၊ ဂျပန်နိုင်ငံကို ၁၅ ယောက်၊ တောင်ကိုရီးယားနိုင်ငံကို ၁၀ ယောက်နဲ့ စင်ကာပူနိုင်ငံကို ငါးယောက်သာ စေလွှတ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူ တယောက်က “ဂျပန်နိုင်ငံမှာသွားပြီး အလုပ် လုပ်ဖို့အတွက် သူများဆီကငွေကို အတိုးနဲ့ယူပြီး အေဂျင်စီကို ဝန်ဆောင်ခအပြီးအစီး သွင်းထားရတာ။ ခြောက်လကျော်နေပြီ၊ အခုထိ မသွားရသေးဘူး။ အတိုးတွေသာ တလပြီးတလ တက်လာတယ်။ အလုပ်သွားလုပ်ရဖို့က မသေချာသေးဘူး။ ဒီလိုနဲ့ ဂျပန်ပြည်ဝင်ခွင့်သက်တမ်းက ကုန်တော့မယ်။ တဖြည်းဖြည်းနဲ့ အတိုးနွံနစ်တော့မယ်။ အစီအစဉ်ပြောင်းပြီး ထိုင်းဘက်ကိုပဲ အောက်လမ်းကနေ သွားရမလား စဉ်းစားနေတာ။ ဒီမှာအလုပ်လုပ်ပြီး အကြွေးဆပ်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ” လို့ ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေအပေါ် လိုင်စင်နဲ့ စပေါ်ငွေတွေကို တင်းကျပ်လာခြင်းနဲ့ အလုပ်ခေါ်စာအသစ်တွေ တင်ပြရာမှာ စိစစ်မှုတွေ ရှိနေတာကြောင့် ကြိုတင်ငွေပေးသွင်းပြီးသား အလုပ်သမားတွေအတွက် စိုးရိမ်မှုတွေ မြင့်တက်စေတယ်လို့ ကိုရီးယားနိုင်ငံကို ထွက်ခွာဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။
“သူများနိုင်ငံမှာ အလုပ်သွားလုပ်ဖို့၊ မြန်မာပြည်က ထွက်နိုင်ဖို့အတွက် ဗီဇာ၊ လေယာဉ်လက်မှတ် နောက်ကျနေတဲ့အချိန်မှာ ချေးထားတဲ့ငွေရဲ့ အတိုးက လစဉ် တက်နေတာပါ။ ဒီမှာကလည်း အလုပ်ကမရှိ၊ ကိုရီးယား သွားဖို့ကလည်း ဘယ်နေ့ဘယ်ရက်မှန်း အတိအကျ မသိရသေးတော့ ဝင်ငွေမရှိဘဲ အတိုးပေးနေရတာ၊ ကြာတော့ အိမ်ဂရံကိုပါ ပေါင်ထားရတယ်။ တချို့ အသိတွေဆိုလည်း အတိုးပေးဖို့အတွက် တခြားတယောက်ဆီကနေ အတိုးနဲ့ ထပ်ချေးရတဲ့သူတွေလည်း ရှိတယ်။ ဒီလိုနဲ့ အတိုးသံသရာလည်ပြီး မပေးနိုင်တော့ တခြားကို မိသားစုလိုက် ပြောင်းပြေးရတဲ့သူလည်း ရှိတယ်” လို့ သူက ပြောပါတယ်။
ပြည်ပမှာ သွားရောက် အလုပ် လုပ်ကိုင်ခွင့် ရရှိနိုင်ဖို့အတွက် သတ်မှတ်လူဦးရေအတိုင်း အလှည့်ကျ စောင့်ဆိုင်းနေရတာကြောင့် အချိန်ကြန့်ကြာခြင်း၊ ပွဲခ/အေဂျင်စီခတွေ ပိုမိုကုန်ကျခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခြင်းတွေလည်း ဖြစ်ပေါ်နေရတယ်လို့ သိရပါတယ်။
“ပြောချင်တာက ဝန်ကြီးဌာနရဲ့ မူဝါဒ အပြောင်းအလဲတွေ များနေတာက လူတွေကို ဘဝပျက်စေပါတယ်။ ကိုယ့်နိုင်ငံထဲမှာပဲ အလုပ် လုပ်ပြီး နေသွားဖို့ဆိုတာကလည်း တိုးတက်ရာ တိုးတက်ကြောင်း ဘာမှမရှိဘူး။ ဒီနိုင်ငံမှာက ၁၀ နှစ်လောက် အလုပ်လုပ်လည်း ရတဲ့လစာနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူး” လို့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေသူက ပြောပါတယ်။
အခုလို ပြည်ပထွက်ခွာခွင့်အပေါ် တင်းကျပ်မှုတွေ ပြုလုပ်နေတာဟာ အလုပ်သမား အသစ်တွေအပြင် ခွင့်ပြန် အလုပ်သမားတွေအတွက်ပါ အခက်အခဲတွေ ဖြစ်ပေါ်စေတယ်လို့ သိရပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားသလို အေဂျင်စီ တခုချင်းအလိုက် စေလွှတ်ခွင့် လုပ်သားအရေအတွက် ကန့်သတ်ထားတဲ့အပြင် အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီ တရားဝင်လွှဲပို့ဖို့နဲ့ ဝင်ငွေခွန်ပေးဆောင်ဖို့ကိုလည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Photo – DMH
