ဇူလိုင် ၆-၂၀၂၆
KKA(VOM)
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းနဲ့ မကွေးတိုင်းကို ဖြတ်သန်းသွားတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းဟာ ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူ (မဒေးကျွန်း)ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ထောင်ချီ ရှည်လျားတဲ့ မဟာဗျူဟာမြောက် စီမံကိန်းကြီး ဖြစ်ပါတယ်။ ဒီပိုက်လိုင်းတလျှောက် လုံခြုံရေးကို အစိုးရတပ်မတော်က တာဝန်ယူထားပါတယ်။ ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ်အသီးသီးမှာလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေလှုပ်ရှားနေကြပါတယ်။
မန္တလေးနဲ့ မကွေးတိုင်းအတွင်း ပိုက်လိုင်းဖြတ်သန်းရာ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံ၊ ရေစကြို၊ ပခုက္ကူ၊ ပေါက်၊ မကွေး စတဲ့ မြို့နယ်တွေအတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ NUG လက်အောက်ခံ PDF တပ်တွေနဲ့ မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ ၅၀ နီးပါးရှိနေပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းများကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေစုဆောင်းပြီး ဖွဲ့စည်းထားတဲ့ ပြောက်ကျားအဖွဲ့ငယ်လေးတွေကလည်း ပိုက်လိုင်းအနီးဝန်းကျင် ကျေးလက်ဒေသတွေမှာ လှုပ်ရှားနေတာတွေ ရှိပါတယ်။ ပိုက်လိုင်း ဖြတ်သန်းရာ ရှမ်းမြောက်နဲ့ မန္တလေးအစပ်တွေမှာလည်းTNLAနဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေရှိပါတယ်။
“ကျနော်တို့လည်း ဒီကိစ္စကို ထိန်းပြောရမယ်။ဒါက ထိလွယ် ရှလွယ်ဗျ။ အမှန်တကယ်လည်း လက်နက်ကိုင်အဖွဲ့တွေက ရှိနေတာပဲ။ ဒါကို ပေါ့လို့မရဘူး။တပ်မတော်အနေနဲ့က ထိထိရောက်ရောက် လုပ်ထားမှ တန်ကာကျမယ်။ဒီလောက်ပဲ သုံးသပ်ပေးလို့ရမယ်။”လို့ သမိုင်းသုတေသီ ဦးအောင်ကျော်မိုး(ပန်းပျိုးလက်)က VOM ကိုပြောပါတယ်။
ပိုက်လိုင်းတလျှောက်မှာ အခုလို လက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားနေတာဟာ စီမံကိန်းရေရှည်တည်တံ့ရေးအတွက် အန္တရာယ်ကြီးလှပါတယ်။ ဒါကြောင့်လည်း အစိုးရတပ်မတော်က ပိုက်လိုင်းလုံခြုံရေးအတွက် အထူးကင်းစခန်းများ ချထားပြီး ဆောင်ရွက်နေသလို၊ နယ်မြေစိုးမိုးရေးအတွက်လည်း စစ်ကြောင်းထိုး ရှင်းလင်းတာတွေကိုပါ လုပ်ဆောင်နေရပါတယ်။
အချို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေဟာ အစိုးရတပ်မတော်ကို စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးရန်အတွက် ပိုက်လိုင်းထိန်းချုပ်ရေးစခန်း တွေနဲ့ကင်းစခန်း တွေကို အဝေးမှ လှမ်းပစ်တိုက်ခိုက်မှု တွေ ပြုလုပ်ခဲ့ဖူးပါတယ်။တရုတ်နိုင်ငံအနေဖြင့်လည်း သူတို့ရဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ဒီပိုက်လိုင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုရှိ နေတဲ့အတွက် အစိုးရတပ်မတော်အနေနဲ့ စစ်ရေးလုံခြုံရေးကို အထူးသတိပြု ကိုင်တွယ်ရမယ့် အနေအထား ဖြစ်ပါတယ်။သဘာဝပိုက်လိုင်းကိစ္စဟာ ပြည်တွင်းစစ်ရေးသာမက နိုင်ငံတကာဆက်ဆံရေးအထိပါ ဂယက်ရိုက်ခတ်နိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။
“ဒီပိုက်လိုင်းသာ ထိခိုက်သွားရင် တရုတ်မြန်မာဆက်ဆံရေးအပြင် အစိုးရရဲ့စီးပွားရေး၊ လုံခြုံရေးအပေါ် ဘယ်လောက်ထိထိုးနှက်ချက်ဖြစ်သွားနိုင်မလဲ။ ဒါတွေက ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေနဲ့ပါဆိုင်တယ်။ ကိုယ့်အစိုးရအရေးဟာကိုယ့်အရေးပဲ။ ဒါကြောင့် လုံခြုံရေး အလေးပေးထားရမယ်။”လို့ ဦးခင်မောင်ထွန်း(သုံးပန်လှ)က သုံးသပ်ပြောဆိုပါတယ်။
မန္တလေးနဲ့ မကွေး သဘာဝပိုက်လိုင်းတလျှောက်မှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်း အရေအတွက်နဲ့ အင်အားကို အတိအကျ ကိန်းဂဏန်းထုတ်ဖို့ခက်ခဲပါတယ်။ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ တွေဟာအခါအားလျော်စွာ စုဖွဲ့မှု တွေပြုလုပ်ပြီး တိုက်ခိုက်လာနိုင်တဲ့အတွက် မပေါ့ဆသင့်တဲ့နေရာဖြစ်ပါတယ်။ မြန်မာ့အလယ်ပိုင်း စစ်မျက်နှာရဲ့ အပြောင်းအလဲဟာ သဘာဝပိုက်လိုင်း လမ်းကြောင်းကြောင့် စစ်ရေးချိန်ခွင်လျှာကိုပါ ရိုက်ခတ် ပြောင်းလဲ သွားစေနိုင်ကြောင်း သတိချပ်သင့်ပါတယ်။
