ဇွန်၈၊ ၂၀၂၆။
NN+Shy V(VOM)
တရုတ်နိုင်ငံရဲ့ ပိုးလမ်းမစီမံကိန်း Belt and Road (BRI) နဲ့ ဆက်စပ်တဲ့ မူဆယ်-မန္တလေး အမြန်ရထားလမ်းဟာ ပင်လယ်ထွက်ပေါက်မရှိတဲ့ တရုတ် နိုင်ငံတောင်ပိုင်း ပြည်နယ်တွေအတွက် မြန်မာနိုင်ငံကတစ်ဆင့် အိန္ဒိယသမုဒ္ဒ ရာ ထွက်ပေါက်ရစေမယ့် လမ်းကြောင်းတစ်ခု ဖြစ်လို့ တရုတ်နိုင်ငံအတွက် အထူးအရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်း-ကူမင်း-ရွှေလီကနေ မြန်မာနိုင်ငံရဲ့ ချက်အခြာကျတဲ့ မန္တလေးမြို့အထိ ချိတ်ဆက်မယ့် ရထားလမ်းစီမံကိန်းဖြစ်တယ်လို့ တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
တရုတ်အတွက် ဒီလမ်းကြောင်းကို အသုံးပြုနိုင်ခဲ့ရင် တရုတ်ဒေသတွင်း ကုန် သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာလည်း ပိုမိုလွယ်ကူလျင်မြန်လာ စေမှာ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ်အစိုးရဘက်က မြန်မာအစိုးရအဆက်ဆက်တိုင်း ဒီစီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့အတွက် တိုက်တွန်းနေတာလို့ မြန်မာ့အရေး လေ့လာသူတွေက မှတ်ချက်ပြုပါတယ်။
တရုတ်ဘက်က မြန်မာနိုင်ငံ မူဆယ်နဲ့ ကပ်လျက်ရှိတဲ့ ရွှေလီမြို့အထိ ရထား လမ်းစီမံကိန်းကို အကောင်အထည်ဖော်ထားနိုင်ပြီး၊ ချင်းရွှေဟော်နဲ့ ကပ်လျက် ရှိနေတဲ့ နန်းစန်မြို့အထိ ကားလမ်းစီမံကိန်းကို ဖော်ဆောင်ထားတယ်လို့ တရုတ် နယ်စပ်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။
“တရုတ်က ယူနန်ပြည်နယ်နဲ့ ပြည်မကြီးအတွက် ရထားလမ်းတွေက ဖောက် ထားပြီးပြီပေါ့နော်။ ချင်းရွှေဟော်နယ်စပ်က တရုတ်ဘက် အခြမ်းမှာ ဆိုရင်လည်း ကားလမ်းစီမံကိန်းက ပြီးပြီးသား။ မြန်မာဘက်က အခြေအနေမ ကောင်းလို့ မချိတ်နိုင်သေးတာလို့ပဲ နားလည်ရတယ်” လို့ တရုတ်နယ်စပ် မူဆယ်မြို့မှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းမှာပါတဲ့ မူဆယ်-မန္တလေး လမ်းပိုင်းအတွက် လမ်းကြောင်းရှာတဲ့ လေ့လာမှုအပိုင်းတွေ ပြီးစီးသွားပြီဖြစ် ပြီး အစီအစဉ်စဖို့ အဆင်သင့်ဖြစ်နေပြီလို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဒေါက်တာခိုင်ခိုင်စိုးက ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ နေပြည်တော်မှာလုပ်တဲ့ အစိုးရသစ်လက်ထက် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းကို အကြမ်းဖျင်း ရွေးချယ်ခဲ့ပြီးဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် တချို့နေ ရာတွေမှာ လုံခြုံရေးအရ စိတ်ချမရတဲ့အတွက် စီမံကိန်း ရပ်တန့်နေရတယ်လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
သမ္မတရုံးပြောခွင့်ရသူရဲ့ ပြောစကားအရဆိုရင် ရှမ်းမြောက်ဒေသမှာ ရထား လမ်းစီမံကိန်းက အကောင်အထည်ဖော်နိုင်ဖို့ ပိုပြီး နီးစပ်လာနိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
တရုတ်အစိုးရက အကောင်အထည်ဖော်ချင်နေတဲ့ ကျောက်ဖြူ-ကူမင်း ရထား လမ်းစီမံကိန်းနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွေဟာ အခုမှစတင်ဖို့ ခြေလှမ်းပြင်နေတာတော့ မဟုတ်ပါဘူး။
ဦးသိန်းစိန်အစိုးရ မတိုင်ခင်ကတည်းက ဒီစီမံကိန်းတွေကို တရုတ်က ဆောင်ရွက်ချင်နေခဲ့တာဖြစ်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၄ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ မြန်မာပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် မြစ်ဆုံစီမံကိန်းနဲ့ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်း တွေ ရပ်နားခဲ့ရပါတယ်။
NLD အစိုးရလက်ထက်အစောပိုင်းကာလမှာလည်း မြစ်ဆုံစီမံကိန်းအပါအဝင် တရုတ်စီမံကိန်းတွေကို ဆက်လက် ရပ်နားထားခဲ့ ပါတယ်။
ဒါပေမယ့် ၂၀၁၇ မှာတော့ ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းတွေပါ ဝင်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor – CMEC) စီမံကိန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ (Wang Yi) က မြန်မာအစိုးရကို ထပ်မံအဆိုပြုခဲ့ပါတယ်။
မြန်မာဘက်က စီမံကိန်းအချို့ကို သဘောတူခဲ့တာကြောင့် မြန်မာနဲ့ တရုတ်နိုင် ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ “ခါးပတ်နှင့် လမ်း ကြောင်း စီမံကိန်း” (BRI) အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က ပေကျင်းမြို့မှာ လက်မှတ်ရေးထိုးခဲ့ပြီး စီးပွား ရေးစင်္ကြံဆိုင်ရာ အချက် ၁၅ ချက်ကို ထပ်မံသဘောတူခဲ့ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မူဆယ်-မန္တလေး မီးရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာရေးဆိုင်ရာ သဘောတူစာချုပ်ကို တရုတ်-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခဲ့ပါတယ်။
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် (Kyaukphyu Special Economic Zone) နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မူဘောင် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
လက်မှတ်ရေးထိုးပွဲအချို့မှာ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ (Wang Yi) တက်ရောက်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၇ ရက်ကနေ ၁၈ ရက်အထိ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ရဲ့ ခရီးစဉ်မှာလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာ နယ်စပ်စီး ပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဆိုင်ရာ သဘော တူညီချက်တွေ ပါဝင်တဲ့ အချက် ၃၃ ပါ သဘောတူစာချုပ်တွေကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းအတွက် လမ်းအူကြောင်းရှာဖွေတာနဲ့ နည်းပညာပိုင်းဆိုင်ရာ ကွင်းဆင်းလေ့လာဆောင်ရွက်တဲ့ လုပ်ငန်းတွေကို တရုတ်နိုင်ငံ China Railway Eryuan Engineering Group (CREEG) က ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ ပါတယ်။
မြေပြင်ကွင်းဆင်းတိုင်းတာချိန်မှာ ကျေးရွာတွေနဲ့ ဒေသခံတွေရဲ့ လယ်ယာမြေ တွေ ရထားလမ်းစီမံကိန်းထဲ ပါဝင်နေတာကို တွေ့ခဲ့ရတယ်လို့ ရှမ်းမြောက် ဒေသခံတွေထံကနေ သိရပါတယ်။
“ကွတ်ခိုင်နဲ့ သိန္နီမြို့ရဲ့ အနောက်နဲ့ အရှေ့ဘက်က ရွာတွေပါတယ်။ လယ် တွေ၊ တောင်ယာတွေ၊ ရွာရဲ့ ရေထွက်တွေလည်း ပါတာပဲ။ သူတို့ တိုင်းသွား တာ။ အခု ပြန်စရင်တော့ ဘယ်လိုဖြစ်မလဲတော့ မသိဘူး” လို့ ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။
၂၀၂၀ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ချိန်မှာ တရုတ်နဲ့ မြန်မာ ကြား ဆက်ဆံရေး အနည်းငယ် အေးစက်သွားခဲ့သလို နိုင်ငံက အကောင် အထည် ဖော်လိုနေတဲ့ စီမံကိန်းအချို့လည်း ရပ်တန့်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ TNLA၊ MNDAA၊ AA တပ်ဖွဲ့တွေ ပူးပေါင်းပြီး ၁၀၂၇ မြို့သိမ်းတိုက်ပွဲတွေကို ဖော်ဆောင်ခဲ့တဲ့ ၂၀၂၃ အောက်တိုဘာကစပြီး တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်တန့်ခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။
၂၀၂၄ မှာတော့ တရုတ်အစိုးရဘက်က နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တိုင်းရင်းသားအဖွဲ့တွေကို တိုက်ပွဲရပ်ဖို့ ဖိအားပေးတောင်းဆိုခဲ့ပြီး မြန်မာအစိုး ရခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာ နိုင်ငံကို ရောက်လာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အငြိမ်းစားဗိုလ်ချုပ် မှူးကြီး ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသန်းစိန် (ဦးသိန်းစိန်) တို့နဲ့ သီးခြား တွေ့ဆုံခဲ့ပြီးနောက်မှာ တရုတ်နဲ့ မြန်မာကြား ဆက်ဆံရေး ပြန်လည်ခိုင်မာ လာခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ၂၀၂၄ နိုဝင်ဘာလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး ကူမင်းမြို့မှာ ကျင်းပတဲ့ မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးနဲ့ ဧရာဝတီ–ကျောက်ဖရား–မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်း အဝေးတွေကို တက်ရောက်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ အဲဒီခရီးစဉ်မှာ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ တွေ့ဆုံခဲ့ ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ဆိုင်ရာ ကိစ္စတွေအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ထပ်မံဆွေးနွေးခဲ့ပါတယ်။
ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး အခုနှစ် ဇွန်လအတွင်း သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာလည်း တရုတ်-မြန်မာ စီးပွား ရေးစင်္ကြံ (China–Myanmar Economic Corridor – CMEC) နဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) အောက်က အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတွေကို အရှိန်မြှင့်ဆောင်ရွက်သွား မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူ-မန္တလေး၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန် လည်ထွက်ပေါ်လာပါတယ်။
တရုတ်အစိုးရ အကောင်အထည်ဖော်လိုနေတဲ့ မန္တလေး-မူဆယ် ရထားလမ်း အသစ်ဟာ ရှမ်းပြည်မြောက်ပိုင်းက မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ကို ဖြတ်ပြီး ပလိပ်မြို့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
ရထားလမ်းဖြတ်သန်းမယ့် ရှမ်းမြောက်ဒေသက မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး မြို့နယ်တွေဟာ ၁၀၂၇ တိုက်ပွဲအပြီး နောက်ပိုင်းမှာ MNDAA ကိုးကန့် တပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းလက်နက်ကိုင် အဖွဲ့ SSPP၊ အရက္ခတပ်တော် AA တပ်ဖွဲ့တွေ အဓိက ထိန်းချုပ်ထားပါတယ်။
တရုတ်–မြန်မာ စီးပွားရေးဆက်သွယ်မှုအတွက် အရေးကြီးတဲ့ မူဆယ်–မန္တလေး ရထားလမ်း စီမံကိန်းလမ်းကြောင်းတလျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ခန့် လှုပ်ရှားနေတာရှိပြီး စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် လုံခြုံရေးအခြေအနေက အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ဒေသအခြေအနေ သိရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ အစိုးရအနေနဲ့ MNDAA၊ SSPP တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေး နွေးထားပေမယ့် KIA၊ AA တပ်ဖွဲ့တွေနဲ့တော့ အပစ်အခတ်မရပ် နိုင်သေးပါဘူး။ ဒါပေမယ့် တရုတ်အစိုးရ ကြားဝင်ညှိနှိုင်းမှုတွေ ရှိလာရင်တော့ ရှမ်းမြောက်ရ ထားလမ်းစီမံကိန်းက ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ် ပါတယ်။
“မြောက်ပိုင်းတိုက်ပွဲတွေ ရပ်ခဲ့တာကလည်း တရုတ်ကြားဝင်ပေးခဲ့လို့ဆိုတာ အသိသာပဲလေ။ အခုလည်း ဒီလမ်းကြောင်းပေါ်မှာ ကိုးကန့်တပ်ဖွဲ့ကပဲ အများ စု နေရာယူထားတာဆိုတော့ တရုတ်အစိုးရဘက်က ကြားဝင်ရင် ဒီစီမံကိန်း တွေ ဖြစ်လာမှာပါ” လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ယောက်က ပြောပါတယ်။
ရှမ်းမြောက်ဒေသခံတွေကတော့ ဒီရထားလမ်းစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင် သာမှု ရှိစေချင်နေကြပါတယ်။
“အရင်အစိုးရလက်ထက် ရထားလမ်းမြေတွေ လာတိုင်းတုန်းကလည်း ဘယ်ရွာတွေ ဘယ်လောက်ပါမယ်၊ ဘယ်နေရာတွေ ကျန်မယ်၊ လယ်ယာ မြေအတွက်က လျော်ကြေးဘယ်လောက်၊ ရွာတွေရွှေ့ရင် ဘယ်လိုဆောင်ရွက် ပေးမယ်ဆိုတာမျိုး မရှိခဲ့ဘူး။ အခုဒီလုပ်ငန်းတွေ ပြန်စမယ်ဆိုရင်တော့ ပွင့်လင်းမြင်သာအောင် လုပ်ပေးစေချင်တာပါ” လို့ သိန္နီမြို့ခံ အမျိုးသား တစ်ယောက်က ပြောပါတယ်။
မန္တလေး-မူဆယ် ရထားလမ်းဟာ တရုတ်–မြန်မာ အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းမှာ ဘူတာရုံ ၃၀ ကျော် ပါဝင်ပြီး စုစုပေါင်းလမ်းကြောင်းအရှည် ၄၃၀ ကီလိုမီတာကျော် ရှိမယ်လို့ Wikipedia အချက်အလက်တွေအရ သိရပါတယ်။လမ်းခရီးမှာ တစ်နာရီကို ၁၆၀ ကီလိုမီတာနဲ့ မောင်း နှင်မှာဖြစ်လို့ မန္တလေးကနေ မူဆယ်ကို အချိန် ၃ နာရီခန့်သာ ကြာမယ် လို့ ရထားလမ်းစီမံကိန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် ကုန်ကျမယ့် ဒီရထားလမ်းစီမံကိန်း အတွင်းမှာ တံတား ၁၂၄ စင်းနဲ့ ဥမင်လှိုဏ်ခေါင်း ၆၀ ပါဝင်မယ်လို့လည်း သိရပါတယ်။
ဒေသအခြေအနေကို သိရှိသူဒေသခံ အမျိုးသား တယောက်ကတော့ မူဆယ်အထိ ရထားလမ်းဖောက်လုပ်မယ့် လမ်းကြောင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ရှိနေပြီး စီမံကိန်း အကောင်အထည်ဖော်လာရင် ဒေသအခြေအနေမှာ ထူးခြားတဲ့ ပြောင်းလဲမှု ဖြစ်လာမယ်လို့ မမြင်ကြောင်း ပြောပါတယ်။
“မူဆယ်–မန္တလေး ရထားလမ်း ဖောက်မယ့်တလျှောက် မူဆယ်ထိဆိုရင် SSPP၊ TNLA၊ KIA၊ MNDAA ဒါပဲ ရှိမှာပဲ။ သီပေါအောက်ပိုင်းက စစ်တပ်ပေါ့။ စီမံကိန်း အကောင်အထည်ဖော်လာရင် ဒေသအခြေအနေ ထူးထူးခြားခြား ပြောင်းလဲမယ် မထင်ဘူး” လို့ သူက ပြောပါတယ်။
ရထားလမ်းစီမံကိန်းကနေ ရရှိမယ့် အကျိုးအမြတ်နဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေအနေနဲ့ မြန်မာပြည်သူတွေအတွက် အကျိုးခံစားခွင့်ရမယ့်အပေါ် မေးခွန်းတွေ ရှိနေပြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးအကျိုးစီးပွားနဲ့ ပိုမိုဆက်စပ်နေတယ်လို့လည်း သုံးသပ်ကြသလို အထိုက်အလျောက် တိုင်းပြည်ဖွံ့ဖြိုးသာယာမယ်မျှော်လင့်သူတွေလည်းရှိနေပါတယ်။
တရုတ်အစိုးရက အကောင်အထည်ဖော်လိုနေတဲ့ ဒီရထားလမ်းစီမံကိန်းဟာ မြန်မာပြည်တွင်းရေး ပြဿနာတွေကြောင့် အစိုးရအဆက်ဆက်မှာ အကြောင်း အမျိုးမျိုးကြောင့် နှောင့်နှေးခဲ့ရပါတယ်။
ဒီရထားလမ်းစီမံကိန်းဟာ မူလက မူဆယ်ကနေ ကျောက်ဖြူအထိ ရထားလမ်းဖောက်လုပ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြောင့် စီမံကိန်းကို ဆိုင်းငံ့ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ မူဆယ်–မန္တလေး ရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှု ပြန်လည်စတင်ခဲ့ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာတော့ စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းကော်မတီနဲ့ နည်းပညာအဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြောင်းလည်း သိရပါတယ်။
လက်ရှိအစိုးရသစ်လက်ထက်မှာလည်း စီမံကိန်းဖော်ဆောင်မယ့် မြန်မာပြည်တွင်း ဒေသအချို့မှာ စစ်ရေးပဋိပက္ခတွေက ဆက်ရှိနေတာကြောင့် တရုတ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်း တွေ ဘယ်လောက်အထိ အကောင်အထည်ဖော်နိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့် ရမှာဖြစ်ပါ တယ်။
#voiceofmyanmar #VOM # မူဆယ်–မန္တလေး ရထားလမ်း စီမံကိန်းလမ်းကြောင်းတလျှောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ခန့်ရှိနေ
