ဒုဋ္ဌဝတီ တံတားကျိုးလို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ တံတားဦးနဲ့ မန္တလေးကို RBE ရထားခရီးစဉ် ပြေးဆွဲပေးနေ

မန္တလေး၊ ဇူလိုင်- ၈- ၂၀၂၆
SA(VOM)
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒုဋ္ဌဝတီ တံတားကျိုးခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေတဲ့ မန္တလေးနဲ့ တံတားဦးကို RBE ရထားခရီးစဉ်အသစ် ဇူလှိုင် ၁ ရက်က စတင်ပြီး ပြေးဆွဲပေးနေတယ်လို့ မန္တလေးဘူတာကြီးကနေ သိရပါတယ်။
” မန္တလေးဘူတာကြီးကနေမှစပြီး စီးတာ တံတားဦးဘူတာကိုရောက်တယ်၊ တံတားဦးကနေမှ လက်မှတ်ပြန်ဝယ်ပြီး ပြန်ထွက်ခဲ့တာ ၁၅ မိနစ်လောက်တော့ကြာတယ်၊ မန္တလေးသူတွေဆိုတော့ လိုင်းကားကတော့ တသက်လုံးက မကြိုက်တာပဲ၊ ရထားစီးရတာတော့ အခုအနေအထားလေးက တော်တော်အဆင်ပြေတယ်၊ ရထားလေးလည်းသန့်တယ်၊ ပန်ကာတွေဘာတွေလည်း ဖွင့်ပေးတယ်၊ တော်တော်ကိုအဆင်ပြေပါတယ် သပ်သပ်ရပ်ရပ်ကလေးဆိုတော့၊ ကလေးတွေရော အားလုံးပေါင်း လက်မှတ် ၉ ဆောင်ဝယ်လိုက်တာ အငယ်လေး ၄ နှစ်နဲ့ ၆ နှစ် နှစ်ယောက်အတွက်ကတော့ လူကြီးလက်မှတ်ဝယ်ရတယ်၊ တစောင်ကို ၁၅၀၀ ပဲ၊ ကောင်းပါတယ် တချို့ဆိုရင် ပုလိပ်ဘက်ကနေ မန္တလေးကို အလုပ်လာတဲ့သူတွေရှိတယ်၊ သူတို့အတွက် ပိုပြီးအဆင်ပြေတယ် မန္တလေးဘူတာကြီးကို မနက် ၈ နာရီ ဝန်းကျင်ရောက်တယ်၊ မနက်အစောကြီးစီးရင်လေ အဲ့လိုကျသူတို့အလုပ်ချိန်မှီတယ်၊ ညနေထွက်တဲ့ရထားကလည်း အလုပ်ဆင်းချိန်နဲ့ ကွက်တိပေါ့ ” လို့ မိသားစုလိုက် RBE ရထားအပျော်စီးခဲ့တဲ့ မန္တလေးမြို့ခံတဦးက VOM ကိုပြောပါတယ်။
မန္တလေး-တံတားဦး အသွားအပြန် တစ်နေ့ကို နှစ်ကြိမ် မနက်ပိုင်း/ညနေပိိုင်း ပြေးဆွဲပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ နံနက်ပိုင်း ခရီးစဉ်အဖြစ် မန္တလေးဘူတာကြီးကနေ နံနက် ၅နာရီမှ စတင်ထွက်ခွာမှာ ဖြစ်ပြီး တံတားဦးဘူတာကို နံနက် ၆နာရီ ၃၀မိနစ်တွင် ဆိုက်ရောက်မှာဖြစ်ပါတယ်။
တံတားဦးကနေ မန္တလေးဘူတာကြီးကို နံနက် ၇ နာရီ ၁၅ မိနစ်မှာ စတင်ထွက်ခွာမည်ဖြစ်ပြီး မန္တလေးဘူတာကြီးမှာ နံနက် ၈ နာရီ ၄၅ မိနစ်မှာ ဆိုက်ရောက်မှာ ဖြစ်တယ်လို့သိရပါတယ်။
ညနေပိုင်း ခရီးစဉ်အဖြစ် မန္တလေးဘူတာကြီးမှ ညနေ ၅နာရီ ၁၅ မိနစ်မှ စတင်ထွက်ခွာကာ တံတားဦးဘူတာကို ည ၇ နာရီမှာဆိုက်ရောက်မှာ ဖြစ်ပါတယ်။
တံတားဦးဘူတာကနေ ည ၇နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာလာမှာဖြစ်ပြီး မန္တလေးဘူတာကြီးကို ည ၈ နာရီ ၄၅ မိနစ်မှာဆိုက်ရောက်မှာ ဖြစ်တယ်လို့သိရသည်။
မန္တလေး-တံတားဦး ရထားလက်မှတ်ခမှာ ခရီးစဉ် အစ – အဆုံးအတွက် ငွေကျပ် ၁၅၀ဝ သက်မှတ်ထားပြီး ရှမ်းစု၊ မြို့ဟောင်း၊ မြစ်ငယ်၊ ပုလိပ် စသည့်ဘူတာတွေမှာ ရပ်နားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မန္တလေး၊ ပုလိပ်၊ တံတားဦး လမ်းပိုင်း ကို မီးရထား သို့မဟုတ်ကားရထား ပြေးဆွဲပေးနိုင်ဖို့ အစီအစဥ်ရှိ မရှိ ကို မြစ်သားမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်း ဇွန်လ ၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး (ဒုတိယနေ့အခမ်းအနား)မှာ လွှတ်တော်ဥက္ကဋ္ဌက တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ပြီးနောက် ဒီလို RBE ရထားပြေးဆွဲပေးတဲ့ ခရီးစဥ်ကို အစိုးရက အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ – လူမှုကွန်ယက်စာမျက်နှာ

Related posts

Leave a Comment

VOM News

FREE
VIEW