ဇူလိုင် ၈ ၊ ၂၀၂၆
GG (VOM)
အစိုးရက စားအုန်းဆီ ခွဲတမ်းကို လျှော့ချလိုက်တာကြောင့် စာအုပ်နဲ့ဆီထုတ် တွေမှာ ဆီရရှိမှု နည်းသွားတဲ့အပြင် တချို့မြို့နယ်တွေမှာဆိုရင် ဆီစာအုပ်ရှိပြီး ဧည့်စာရင်းနေထိုင်သူဖြစ်ပါက ဆီထုတ်မပေးတော့တဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဇူလိုင်ကစပြီး စားအုန်းဆီခွဲတမ်းကို လျှော့ချလိုက်တာဖြစ်လို့ ဆီခွဲတမ်း ရရှိမှု လျော့သွားတဲ့အတွက် စားသုံးသူတွေကို ဆီရောင်းချပေးရာမှာလည်း အလေးချိန်လျော့သွားတာ ၊ ဆီစာအုပ်ရှိပေမယ့်လည်း အိမ်ထောင်စုဇယား ရှိသူတွေကိုသာ ဆီထုတ်ပေးတဲ့ ပုံစံပြောင်းလဲတာတွေကို စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ် ။
ရန်ကုန်တိုင်းမှာဆိုရင် ရွှေပြည်သာမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကအထိ ဆီစာအုပ်ရှိသူတိုင်းကို ဆီခွဲတမ်းထုတ်ပေးခဲ့ပေမယ့် အခုဇူလိုင်လကစပြီး ဆီစာအုပ်ရှိပေမယ့်လည်း ဧည့်စာရင်းနဲ့နေထိုင်သူဖြစ်ပါက ဆီစာအုပ်ပြန်သိမ်းပြီး ဆီထုတ်မပေးတော့တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
” အခုရွှေပြည်သာမှာ ဧည့်စာရင်းနဲ့ နေသူတွေရဲ့ ဆီစာအုပ်တွေကို ပြန်သိမ်းပြီး ဆီမပေးတော့ပါဘူး ။ရွှေပြည်သာ သန်းခေါင်စာရင်းရှိမှ ဆီရရှိမယ် ပြောပါတယ် ။ ဆီတခါထုတ်ရင်လည်း ၅၀ သားဆိုပေမယ့် ၄၅ ကျပ်သားလောက်ပဲပါတယ်။ ၅၀ သားဆိုတာကလည်း သန်းခေါင်စာရင်းတခုကို တခါထုတ် ၅၀ သားပဲ ပေးတာပါ။ အခု ဧည့်စာရင်းတွေမရတော့ဘူးဆိုတော့ ဒုက္ခရောက်ရပါတယ်။ ” လို့ ရွှေပြည်သာ ဒေသခံတယောက်က ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာဆိုရင်တော့ ဆီစာအုပ်ရှိတဲ့သူတိုင်းကို ဆီထုတ်ပေးနေပေမယ့် ဆီထုတ်ပေးတဲ့ပုံစံကို ပြောင်းလဲထားကြောင်း ၊ အရင်က အိမ်ထောင်စုဇယားရှိတဲ့ အိမ်ထောင်စုအလိုက် တလကို ဆီနှစ်ပိဿာနူန်းထုတ်ပေးရာကနေ အခုဇူလိုင်ကစပြီး အိမ်ထောင်စုမှာရှိတဲ့ လူဦးရေအလိုက် တယောက်ကို တလအတွက် ၅၀ သားနူန်း ပြောင်းလဲထုတ်ပေးနေတယ်လို့ သိရပါတယ် ။
ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ဆီခွဲတမ်းရရှိမှုအနေနဲ့လည်း မြို့နယ်အလိုက် ၂၀ ရာခိုင်နူန်း မှ ၆၀ ရာခိုင်နူန်းလောက်အထိ ဆီခွဲတမ်းလျှော့ချ ခံခဲ့ရတာကြောင့် စားသုံးသူအဆင်ပြေအောင် ဆီခွဲတမ်းကို ဝေမျှပေးနေရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ဆီကလည်း တချို့မြို့နယ်တွေဆို သုံးပုံနှစ်ပုံလောက်ဖြုတ်လိုက်တယ်။ တချို့က တဝက်ပေါ့။ ကျွန်တော်တို့ လှိုင်သာယာမြို့နယ် ဆိုရင် တဝက်နီးနီး ၄၀ ရာခိုင်နူန်းလောက် ဖြုတ်လိုက်တယ်။ ဖြုတ်ချလိုက်တော့ ဆီက မလောက်မငှတွေ ဖြစ်ကုန်တာပေါ့ ။လှိုင်သာယာမှာတော့ ဧည့်စာရင်းလည်းမဖြုတ်ဘူး ။ အိမ်ထောင်စုစာရင်းလည်းမဖြုတ်ဘူး ။ စည်ပင်စျေးထဲမှာ နည်းနည်းလျှော့လိုက်တယ်။ အစိုးရလည်း ဆီကိုလျှော့ချလိုက်တာလေ။ တမြို့နယ်နဲ့ တမြို့နယ်တော့မတူဘူး ။ ဆီခွဲတမ်းလျော့တဲ့မြို့ရှိသလို တိုးသွားတဲ့မြို့လည်းရှိတယ်။ ဆီပိုလျှံတယ်လို့ထင်တဲ့နေရာကို လျှော့ပြီး ဆီခွဲတမ်းလျော့တယ် လိုအပ်တယ်လို့ ထင်တဲ့ဘက်ကို ပိုတိုးပေးလိုက်တာ ။ လျှော့တဲ့အထဲမှာ ရန်ကုန်တိုင်းကများတာပေါ့။ ” လို့ ရန်ကုန်တိုင်း ဆီစက်ပိုင်ရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ် ။
ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှုကို ၆ ရာခိုင်နူန်းလောက်လျှော့ချ တင်သွင်းလိုက်တာကြောင့် ပြည်တွင်းစားဆီစျေးကွက်မှာ အစိုးရထုတ်စျေးနဲ့ စားအုန်းဆီ ခွဲတမ်းပေးမှုကလည်း လျော့ကျသွားတာဖြစ်တယ်လို့ သိရပါတယ်။
အစိုးရအနေနဲ့ စားအုန်းဆီကို ပြည်ပကနေ တင်သွင်းမှုလျှော့ချတဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချခြင်း ၊ ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကို အားပေးခြင်း ၊ခွဲတမ်းရရှိတဲ့ စားအုန်းဆီကို စျေးတင်ရောင်းချတဲ့စျေးကွက်ကို ပပျောက်အောင် လုပ်ဆောင်လို့တဲ့ သဘောဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်တယောက်က သုံးသပ်ပါတယ်။
” တနိုင်ငံလုံးအနေနဲ့ဆိုရင် စားအုန်းဆီ ခွဲတမ်းဖြန့်ဖြူးပေးမှုက ၆၀ ရာခိုင်နူန်းလောက် လျှော့လိုက်တဲ့သဘောတော့ရှိတယ်။ ဘာကြောင့်ခွဲတမ်းလျှော့လဲဆိုရင် နိုင်ငံတော်ရဲ့ ပေါ်လစီ မူဝါဒကိုက ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု ဖြန့်ဖြူးမှုကို အားပေးတဲ့ပေါ်လစီပေါ့။ပြည်တွင်းဆီစက်တွေကနေ ဆီများများကြိတ်ပြီး ဆီများများထုတ်ပြီး များများရောင်းရမယ်ဆိုတာမျိုး။ ပြည်တွင်း SME လုပ်ငန်းတွေကိုပြန်ပြီး စျေးကွက်ဝေစုပိုရအောင်လုပ်ပေးတဲ့သဘောမြင်တယ်။ အဲဒီသဘောက ၅၀ ရာခိုင်နူန်းပါဝင်မှာဖြစ်သလို တဖက်မှာလည်း စားအုန်းဆီ ခွဲတမ်းမှာက လုပ်ငန်းသုံးရယ် ပြည်သူကို ဖြန့်တဲ့ဆီရယ် နှစ်ပိုင်းရှိတယ်။လျှော့တာကအခု လုပ်ငန်းသုံးရော ပြည်သူရော လျှော့ချလိုက်တယ်။ တချို့ကျ လုပ်ငန်းသုံးဆိုပြီး လုပ်ငန်းမသုံးပဲ ပြန်ရောင်းချနေတာတွေရှိတယ်။ အဲဒါကြောင့် တရားမဝင်ရောင်းချနေတဲ့ စျေးကွက်ကို တဖက်တလမ်းကနေ ထိန်းချုပ်လိုက်တာလို့ မြင်တယ်။ ” လို့ ဆီလုပ်ငန်းရှင်တယောက်က သုံးသပ်ပြောပါတယ်။
လက်ရှိမှာတော့ စားအုန်းဆီ ခွဲတမ်းဖြန့်ဖြူးမှုလျှော့ချလိုက်တဲ့အတွက် စားသုံးသူတွေအဆင်မပြေသလို ပြင်ပဆီစျေးကွက်မှာလည်း နေရာဒေသအလိုက် စားအုန်းဆီ တပိဿာကို ၁၅၀၀၀ ကျပ်ကနေ ၁၈၀၀၀ ကျပ်အတွင်း စျေးဖြစ်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လတုန်းကဆိုရင် စားအုန်းဆီ တပိဿာကို လက်ကား ၁၂၀၀၀ ကျပ် ၊ လက်လီ ၁၅၀၀၀ ကျပ်နူန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စားအုန်းဆီစျေးနူန်း မြင့်တက်လာတဲ့အပြင် ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေလည်း ဖြစ်ပေါ်လာနေကြောင်း ၊ စားအုန်းဆီ ခွဲတမ်းရရှိမှုနည်းပြီး စျေးနူန်းမြင့်တက်လာတဲ့အခြေအနေဟာ အခြေခံလူတန်းစားတွေအတွက် အဆင်မပြေဘဲ ဒုက္ခရောက်ရတယ်လို့ သိရပါတယ်။
ပြည်သူတွေကို အစိုးရသတ်မှတ်စျေးနဲ့ ခွဲတမ်းချရောင်းပေးတဲ့ စားအုန်းဆီ ခွဲတမ်းကလည်း လက်ရှိမှာ မြို့ပေါ်နေ လူတန်းစားတွေသာ ရရှိနေပြီး ကျေးလက်နေပြည်သူတွေအနေနဲ့ ဆီခွဲတမ်း ရရှိမှု မရှိသလောက်နည်းတယ်လို့ သိရပါတယ်။
လက်ရှိမှာ စားအုန်ဆီ ရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်းစျေးနူန်းက ဇူလိုင် ၃ ရက်မှ ၉ ရက်နေ့အထိ တပိဿာကို ၇၂၄၅ ကျပ်သတ်မှတ်ထားပြီး ခွတမ်းချပေးရာမှာ နေရာဒေသအပေါ်လိုက်ပြီး ရောင်းချပေးတဲ့စျေးနူန်းက ၉၀၀၀ ကျော်လောက်အထိသာရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ စားသုံးဆီလိုအပ်ချက်ရှိတာကြောင့် ပြည်ပနိုင်ငံတွေဖြစ်တဲ့ မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံ ကနေ နှစ်စဥ် စားအုန်းဆီတန်ချိန် သိန်းနဲ့ချီတင်သွင်းနေရပြီး အစိုးရဘက်ကတော့ နှစ်အလိုက် ဆီတင်သွင်းမှုပမာဏကို လျှော့ချမှုရှိနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – MEODA
