ဇူလိုင် ၂၆ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်းထဲ ညောင်ဦးမြို့နယ် နဲ့ မိတ္ထီလာမြို့နယ်တွေမှာ နှစ်ရက်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူခုနှစ်ယောက် အသတ်ခံရပြီး တယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
မနေ့က ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာ ညောင်ဦးမြို့နယ် ၊ ထရိုင်းတောကျေးရွာဒေသခံဖြစ်တဲ့ ဦးဉာဏ်ပို ဆိုသူကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အထိဝင်ရောက်ပြီး သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
” အဲဒီ ထရိုင်းတောရွာက ဗျတ္တပန်းဆက်လမ်းပိုင်းမှာရှိတာ ။ မနေ့က မနက်ပိုင်း အိမ်ထဲထိဝင်ပစ်သွားတာ ။ စစ်တပ်သတင်းပေးဆိုပြီး ဝင်ပစ်တယ်ပြောတာပဲ ဟုတ်မဟုတ်တော့ သေချာမသိဘူး ။ အခုရက်ပိုင်း အုပ်ကြီးတွေနဲ့ ဒေသခံတွေ အသတ်ခံရတာ ပြန်ဖြစ်လာတယ် ။ ရွာက အုပ်ကြီးဆို ကြောက်ပြီးရှောင်နေတယ် ရွာမှာမရှိဘူး ။ ဘယ်ရောက်နေမှန်းလည်းမသိဘူး ။ ထောက်ခံစာဆိုရင် မြို့တက်ယူရတယ်။ အုပ်ကြီးမရှိတော့လည်း ရွာကတခုခုဆို မြို့တက်ရတဲ့ ဒုက္ခက မသေးဘူး ။ ” လို့ ဒေသခံက ပြောပါတယ် ။
ဇူလိုင် ၂၄ ရက်နေ့မှာ ၊ မိတ္ထီလာမြို့နယ် ၊ ဆည်အောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးမင်းနဲ့ ညီဖြစ်သူ ကိုကံစစ်မင်း ဆိုသူတို့ကို ည ၉ နာရီကျော်လောက်မှာ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က နေအိမ်အထိဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင် ၂၄ ရက်နေ့ ၊ မနက် ၆ နာရီကျော်လောက်မှာပဲ ညောင်ဦးမြို့နယ် ၊ ညောင်ဦး – ကျောက်ပန်းတောင်းလမ်းပိုင်းမှာရှိတဲ့ တောင်ဘီရွာမ ကျေးရွာမှာလည်း ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေ ဝင်ရောက်ပစ်ခတ်လို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် လူလေးယောက်သေဆုံးပြီး တယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေး မှူးအပါအဝင် လူခုနှစ်ယောက် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး ။
ဇွန် ၂၆ ရက်နေ့ကလည်း တပေါက်ရုံကျေးရွာမှာနေထိုင်တဲ့ ဝါးခင်းကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်ဆွေကို ဒေသတွင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီး မှုရှိခဲ့တယ်လို့ သိရပါတယ် ။
ဇွန် ၁၅ ရက်ကလည်း ညောင်ဦးမြို့နယ် ၊ ငါ့သရောက်မြို့နယ်၊ တောပြားရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းက ကျောင်းဆရာ နဲ့ ဆရာမ ရှစ်ယောက်ကို ဖမ်းဆီးပြီး ငွေဒဏ်ရိုက်ကာ ပြန်လွှတ်ပေးတဲ့ ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့ကလည်းညောင်ဦးမြို့နယ်၊ လက်ပန်တဲရွာမှာ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို လက်နက်ကိုင်အဖွဲ့တခုက နေအိမ်ထဲထိဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သြဂုတ် ၂၂ ရက်ကလည်း ညောင်ဦးမြို့နယ်၊စဥ့်ကူမြို့က ကျူရှင်ဆရာမဆိုသူ ဒေါ်အိအိခိုင်နဲ့ မှတ်ပုံတင်ပွဲစားဆိုသူ ဦးမောင်ဝင်းဆိုသူတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
ဇူလိုင် ၃၁ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှာ မူလတန်းပြ ဆရာမတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ဇူလိုင် ၁၃ ရက်ကလည်း ညောင်ဦး ၊လက်ထုပ်ကျေးရွာမှာ အမျိုးသားတယောက် ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဇွန် ၉ ရက်ကလည်း ညောင်ဦး၊ ဒဟတ်ကန်ကျေးရွာမှ ရာအိမ်မှူး နဲ့ ကြံ့ခိုင်ရေးပါတီဝင်နှစ်ယောက်တို့ ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – CJ
