နိုဝင်ဘာ ၂၃၊ ၂၀၂၅
Shy V (VOM)
လားရှိုးမြို့နယ်အတွင်းက MNDAA တပ်စွဲထားတဲ့ နေရာ တချို့ကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းကစပြီး လောက်ကိုင်ဘက် ပစ္စည်းတွေ စတင်သယ်ယူ ရွှေ့ပြောင်းနေပြီလို့ သတင်းထွက်ပေါ်နေပေမယ့် ကားတွေ ဖြတ်သန်းလာတာမျိုး မတွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ့်ပေါင်ဘက်ကနေတော့ ဘာမှာ ထူးထူးဆန်းဆန်း သယ်တာမျိုးတော့မတွေ့ရဘူး။ စစ်သားတွေတောင် ခြေလျင် ထပ်ဆင်းလာပြီး နမ္မ တောင်မဝင်ဘူး နမ့်ပေါင် ရောက်မှ ကားတွေနဲ့ ဘယ်သွားကြတာလဲ မသိဘူး။ ကားနဲ့ သွားကြတာတော့ ရှိတယ်” လို့ နမ့်ပေါင် ဒေသခံ အမျိုးသမီး တေယာက်က ပြောပါတယ်။
နမ့်ပေါင်ေဒသမှာတော့ MNDAA ဘက်ကတရုတ်လုပ်ငန်းရှင်တွေနဲ့ ဝ လုပ်ငန်းရှင်တွေ ကိုခေါ်ထည့်ပြီး ကျောက်မီးသွေးတွေ တူးနေပြီး တစ်သျှူး ငှက်ပျော စိုက်ပျိုးဖို့ ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။
“နမ့်ပေါင်က ပါးစပ်နဲ့ ပေးထားတာ။ နမ့်ပေါင် မှာရော ဟိုယ မှာရော ကိုးကန့်တွေ ထိုင်သေးတယ်လေ။ ပစ္စည်းက သယ်စရာမှ မရှိတော့တာ။ စသိမ်း ကတည်းက အကုန် သယ်သွားပြီလေ။ ဆေးရုံမှာလည်း ဘာမှ မရှိတော့ဘူးလေ အစ ကတည်းကနေ ” လို့ နမ့်ပေါင် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
လားရှိုးမြို့နယ် ဟိုယ၊ နမ့်ပေါင်၊ မယ်ဟန်၊ နောင်မွန်၊ နားဆော့ MNDAA တပ်ဖွဲ့တွေ စရွှေ့တယ်လို့ သိရပေမယ့် လုံခြုံရေး ဂိတ် တွေတော့ ချထားဆဲဖြစ်ကြောင်း ရှမ်းမြောက်ရဲ့ အခြေအနေကို လေ့လာ စောင့်ကြည့်နေသူ တယောက်က ပြောပါတယ်။
သိန္နီနဲ့ ကွမ်းလုံ လမ်းမ ပေါ်ကနေတော့ ပစ္စည်း သယ်ဆောင်တဲ့ ကားမျိုး ဖြတ်သန်းလာတာမျိုး မတွေ့ရလို့ ညပိုင်း ဖြတ်သန်းတာမျိုးဖြစ်နိုင်ပေမယ့် ဒီရက်ပိုင်း ကား ဖြတ်သန်းသွားလာမှု ထူးခြားတာ မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
Photo Crd# Google
