ဇန်နဝါရီ ၂၇၊ ၂၀၂၅
NN(VOM)
ကုသခံလိုသူတွေ များလာတာကြောင့် သီပေါမြို့ သီတဂူစက္ခုဒါန မျက်စိ ဆေးရုံက ၅၅ ကြိမ်မြောက် အခမဲ့မျက်စိကုသမှုအစီအစဉ်ကို မူလသတ်မှတ်ထားတဲ့ ရက်ထက် နှစ်ရက်စောပြီး စတင်လိုက်ရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
မူလက ဒီအစီအစဉ်ကို ဒီလ ၂၈ ရက်နေ့မှာ စတင်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကုသရက် မတိုင်ခင်မှာပဲ မျက်စိကုသချင်သူတွေ ကြိုတင်လာ ရောက်စောင့်နေကြတာကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက ကုသမှု တွေကို စတင်လိုက်ရတယ်လို့ သီပေါမြို့ သီတဂူမျက်စိဆေးရုံ ဦးဆောင်နေတဲ့ သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဥူးပညာသီရိက မိန့်ကြားပါ တယ်။
“အေးလည်း အေးနေပြီး လူတွေကလည်း လာအိပ်စောင့်နေကြပြီဆိုတော့ ခွဲစိတ်ပေးမယ့် ဆရာဝန် အင်အားလည်း ပြည့်နေတယ်။ ဒါကြောင့် မနေ့ကပဲ စလိုက်တာပါ။ မနေ့က ၁၇ ယောက် ခွဲပြီးပါပြီ”
ဇန်နဝါရီလ ၂၆ ရက်နေ့ တနေ့တည်းမှာပဲ လူနာ ၁၁၉ ယောက်ကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ၁၇ ယောက်ကို ခွဲစိတ်ကုသပေးခဲ့ တယ်လို့ သိရပါတယ်။
မျက်စိအခမဲ့ကုသမှုအစီအစဉ်ကို ဒီလ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒီလ ၂၉ ရက်နေ့ နောက်ဆုံးထား လာရောက်ပြသနိုင်ရင် ပိုအဆင်ပြေမယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
အရင်နှစ်တွေမှာတော့ သီပေါမြို့အတွင်း တိုက်ပွဲတွေ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် မျက်စိကုသမှုအစီအစဉ်တွေကို ယာယီရပ်နားထားခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် ဇွန်လမှာ ၅၄ ကြိမ်မြောက် ကုသမှုအစီအစဉ်ကို ပြန်လည်စတင်နိုင်ခဲ့ပါတယ်။
မျက်စိလာပြသသူ တစ်ယောက်ကတော့
“အရင်က စစ်ကိုင်းမှာ ပြသရပေမယ့် အခြေအနေ မကောင်းသေးတော့ မသွားရဲပါဘူး။ သီပေါမှာ ပြန်ဖွင့်ပေးတော့ အဆင်ပြေသွားတယ်။ မန္တလေးလို မြို့ကြီးတွေ သွားဖို့က ကားခနဲ့ မလွယ်ဘူး” လို့ ပြောပါတယ်။
သီပေါသီတဂူ မျက်စိဆေးရုံမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ နမ္မတူ၊ နမ့်ဆန် စတဲ့ မြို့တွေက လူနာတွေ တင်မကဘဲ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အညာဒေသတွေက မျက်စိဝေဒနာရှင် တွေပါ လာရောက်ကုသကြတယ်လို့ သိရပါတယ်။
မျက်စိလာကုသတဲ့ လူနာတွေကို သီပေါမြို့ မဟာမုနိဘုရားကြီးဝန်းအတွင်းမှာ နေထိုင်နိုင်အောင် စီစဉ်ပေးထားပြီး ခွဲစိတ်ကုသခံရတဲ့ လူနာတွေအတွက် နေထိုင်ရေးကိုလည်း အခမဲ့ စီစဉ်ပေးထားပါတယ်။
မျက်မှန်လိုအပ်တဲ့သူတွေအတွက်လည်း သက်သာတဲ့ ဈေးနှုန်းနဲ့ မျက်မှန်တွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ကုသမှုကာလအတွင်းမှာ မျက်စိအထူးကု ဆရာဝန်ကြီးတွေက စေတနာနဲ့ လာရောက်ကုသပေးကြပြီး လိုအပ်တဲ့ ဆေးဝါးတွေကိုတော့ ပြင်ပအလှူရှင် တွေက ဝိုင်းဝန်းလှူဒါန်းပေးကြတာ ဖြစ်ပါတယ်။
သီပေါမြို့ သီတဂူစက္ခုဒါန မျက်စိဆေးရုံကို ၂၀၀၈ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တနှစ်ကို သုံးကြိမ်လောက် မျက်စိအခမဲ့ စမ်းသပ်စစ်ဆေးမှုနဲ့ ခွဲစိတ်ကုသမှုတွေကို ဆောင်ရွက်ပေးနေပါတယ်။
ဆေးရုံစတင်ဖွင့်လှစ်ခဲ့တဲ့အချိန်ကနေ အခုအချိန်အထိ မျက်စိဝေဒနာရှင် လေးသောင်းနီးပါးကို စမ်းသပ်ကုသပေးနိုင်ခဲ့ပြီး လူနာ တသောင်းနီးပါးကို ခွဲစိတ်ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
