ဇန်နဝါရီ ၃၁၊ ၂၀၂၅
NN(VOM)
MNDAA ကိုးကန့်တပ်က ပြန်လွှတ်ပေးမယ်လို့ ပြောထားတဲ့ အစိုးရတပ်ဖွဲ့ဝင် ၅၀၀ ထဲက ၂၀၀ နီးပါး မနေ့နေ့လယ်ပိုင်းမှာ လားရှိုးကို ရောက်လာတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။
“မနေ့က ရောက်လာတဲ့အထဲမှာ မော်တော်ပီကယ်တွေလည်း ပါတယ်၊ ရဲတွေလည်း ပါတယ်၊ စစ်သားတွေလည်း ပါတယ်” လို့ လားရှိုးမြို့ခံ တယောက် က ပြောပါတယ်။
ကျန်တဲ့သူတွေကတော့ နောက်လဆန်းပိုင်းလောက်မှ ထပ်ရောက်မယ်လို့ သိရပါတယ်။
“အခုတော့ ၂၀၀ ရောက်လာပြီ၊ ကျန်တဲ့အဖွဲ့တွေက နှစ်သစ်ကူးလောက်မှ ရောက်မယ်လို့ ပြောတယ်” ပြန်လွှတ်လာတဲ့ အစိုးရတပ်ဖွဲ့ဝင်တယောက် ကပြောပါတယ်။
တရုတ်နှစ်သစ်ကူးကာလ “တာကျောင်မဟာပူဇော်ပွဲ” အထိမ်းအမှတ်အနေနဲ့ စစ်သုံ့ပန်း ၅၀၀နဲ့ အခြားအကျဉ်းသား ကိုးဦးကို လွှတ်ပေးမယ်လို့ ကိုးကန့် တပ်ဖွဲ့ ဘက်က အခုရက်ပိုင်းမှာ ထုတ်ပြောထားတာဖြစ်ပါတယ်။
၁၀၂၇ တိုက်ပွဲကာလအတွင်း လားရှိုးမှာ အစိုးရတပ်ဘက်က စစ်ဗိုလ်ချုပ်တွေ အပါအဝင် တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် ထောင်နဲ့ချီပြီးဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီထဲက စစ်ဗိုလ်ချုပ်တွေ၊ မိသားစုဝင်တွေ၊ နေမကောင်းတဲ့သူတွေနဲ့ အသက်ကြီးတဲ့သူတွေကို ကိုးကန့် တပ်ဘက်က မကြာခဏ ပြန်လွှတ်ပေး ခဲ့ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့ မနေ့က လားရှိုးက ဆင်နှစ်ကောင်ဟိုတယ်မှာ ကိုးကန့်တပ်နဲ့ အစိုးရတပ် ကိုယ်စားလှယ်တွေ ထပ်တွေ့ကြပြီး စစ်သုံ့ပန်း တွေလည်း လားရှိုးကိုရောက်လာတာဖြစ်ပါတယ်။
မနေ့က တွေ့ဆုံပွဲပြီးသွားတဲ့နောက်မှာ လားရှိုးမြို့အထွက်က ကိုးကန့်တပ်ဖွဲ့ ဆုတ်ခွာ ထားတဲ့ မယ်ဟန်ဂိတ်မှာ ကိုးကန့်တပ်တွေ ပြန်ပြီး နေရာယူထား တာကို တွေ့ရတယ်လို့ မြို့ခံတွေ ထံကနေသိရပါတယ်။
ပုံစာ-ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့အားတွေ့ရစဉ်
