ဧပြီ ၆ ၊ ၂၀၂၆
GG + KBT(VOM)
စစ်ကိုင်းတိုင်း ၊ ကသာမြို့တွင်းကို အစိုးရတပ်က ထိန်းချုပ်လိုက်ပြီးနောက် အခြေအနေတည်ငြိမ်မှုရှိလာတဲ့အတွက် စစ်ရှောင်တွေ မြို့တွင်းကို ပြန်လည် ဝင်ရောက်မှု ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ ကသာကို ရေလမ်းကြောင်းတခုတည်းကနေ ပြန်လည်ဝင်ရောက်နိုင်သေးတာ ဖြစ်ကြောင်း ၊ ရေကြောင်းကနေ ဝင်ရောက်လာသူတွေနဲ့ ကုန်ပစ္စည်းတင်သွင်းမှုတွေကို ရဲတပ်ဖွဲ့ ၊ထွေအုပ်အပါ ဌာနဆိုင်ရာတွေက ဆိပ်ကမ်းမှာ စိစစ်ပြီး စားရင်းပြုစုလက်ခံနေတယ်လို့သိရပါတယ်။
လုံခြုံရေးအရ ပုလွှေရွှေဆိပ်ကမ်း နဲ့ ကသာဆိပ်ကမ်းကနေ ဝင်လာတဲ့ပစ္စည်းတွေကို စစ်ဆေးခြင်း၊ မှတ်ပုံတင်စစ်တာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
” မနက်က စက်လှေတွေနဲ့ လူတွေလည်း ပြန်ဝင်လာတာရှိတယ်။ ကမ်းနားမှာ ပစ္စည်းတွေဝင်လာတာကို လက်ခံတယ်။ဖောက်စစ်တာတွေလုပ်နေတယ်။ မြို့ထဲလည်း အရင်ကထက် ပိုပြီး သွားလာမှုရှိကြတယ်။ မြို့တွင်းပစ်ခတ်မှုတော့ မရှိဘူး ။ ကျွန်တော်တောင်အခု ဆိုင်ပြန်ဖွင့်ဖို့လုပ်နေတာ။ မြို့ပြင်ဘက် နည်းနည်းလှမ်းတဲ့ဘက်မှာတော့ ပစ်နေတာမျိုးကြားရသေးတယ်။ ” လို့ ကသာ ဒေသခံက ပြောပါတယ်။
ကသာမြို့ကို ဒီကနေ့မနက်ပိုင်းမှာဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ စက်လှေ ခြောက်စီးနဲ့ စစ်ဘေးရှောင် ပြန်လည်ဝင်ရောက်လာပြီး သူခိုးရန် ကင်းရှင်းရေးအတွက်လည်း ပြည်သူတွေက နေအိမ်တွေမှာပြန်လည်နေထိုင်လိုကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကုန်းလမ်းကြောင်းကိုလည်း အမြန်ဆုံးပြန်ဖွင့်ပေးဖို့လည်း. ကသာပြင်ပရောက် စစ်ရှောင်ပြည်သူတွေက တောင်းဆိုနေကြပါတယ်။
” သူခိုးတွေက ခုထိခိုးတုန်းပဲ။ ခုတခါခိုးတာက အိမ်ပိုင်ရှင်ပုံစံတွေနဲ့ ဝင်ပြီး ပစ္စည်းတွေကို သယ်ကြတာ။ တချို့လည်း အိမ်တွေမီးလောင်ကြတယ်။ ကျန်တဲ့အိမ်ကြတော့လည်း.သူခိုးကနှိပ်စက်နဲ့ဆိုတော့ အိမ်ကို ပြန်ချင်ကြတာပေါ့။ ” လို့ ဒေသခံက ပြောပါတယ် ။
မိုးညှင်းမှာ ရောက်နေတဲ့စစ်ဘေးရှောင်တွေလည်းနဘား၊ကသာလမ်းမကြီးအတိုင်းဖွင့်ပေးလို့ ရရင်ဖွင့်ပေးပါလို့ စကားပါးကြတယ်။ သူတို့လည်းအတော့်ကို အဆင်မပြေကြလို့ပါ။ ပြောလို့ရတဲ့သူရှိရင်ပြောပေးကြပါ။ ” လို့ ကသာမြို့ဒေသခံ အမျိုးသမီးတယောက် ကပြောပါတယ်။
လုံခြုံရေး တပ်ဖွဲ့ဝင်တယောက်ကတော့ လက်ရှိမှာ ထီးချိုင့် – အင်းတော် – နဘား လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် နဘားလမ်းဆုံကို ထိန်းချုပ်နိုင်ဖို လုပ်ဆောင်နေကြောင်း မကြာခင်မှာ လမ်းပိုင်း ပြန်ဖွင့်နိုင်မယ့် အခြေအနေရှိတယ်လို့ ပြောဆိုထားပါတယ်။
ကသာမြို့ကနေ စစ်ရှောင်သွားသူ အများစုဟာ မော်လူး ၊ မိုးညှင်း ၊ မြစ်ကြီးနား ၊ ရွှေကူ ၊အင်းတော် ၊ စစ်ကိုင်း ၊ မန္တလေး ၊ ရန်ကုန် အပါအဝင် တောတောင်ထဲမှာ စစ်ဘေးရှောင်နေကြ ရတာဖြစ်ပါတယ် ။
နေရပ်စွန့်ခွာပြီး စစ်ရှောင်သွားသူတွေထဲကမှ အိမ်စောင့်ချန်ရစ်မထားနိုင်ခဲ့တဲ့ နေအိမ်တွေမှာဆိုရင် ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။
ကသာမြို့မှာတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ညက စပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီအချိန်ကတည်းက မြို့အဝင်အထွက် ပိတ်ထားပြီး ကုန်လမ်းကြောင်းလည်း ပိတ်ထားဆဲ ဖြစ်ပါတယ်။
ကသာမြို့နယ် တိုက်ပွဲအကြားမှာ လက်နက်ကြီး နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ သမိုင်းဝင် အဆောက်အဦ ၊ ဘုန်းကြီးကျောင်း၊ ပြည်သူ့ ဆေးရုံကြီးတွေ မီးလောင် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
