ဆန္ဒပြ​နေတဲ့ Myanmar Chaofa Leather Ware စက်ရုံအလုပ်သမား​တွေနဲ့ အလုပ်ရှင်တို့ ပြေလည်မှုရ

ဇွန် ၂၅ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် ၊ ဝါးတရာစက်မှုဇုန်က Myanmar Chaofa Leather Ware Limited အိတ်ချုပ်စက်ရုံအနေနဲ့ အလုပ်သမားတွေကို ဒေးကြေး ၊ရက်မှန်ကြေး ၊အချိန်ပိုကြေး တိုးပေးဖို့အတွက် ဆန္ဒပြတောင်းဆိုမှုအပေါ် အလုပ်ရှင် နဲ့အလုပ်သမားကြား သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။
အလုပ်သမားတွေ တောင်းဆိုတဲ့ ဒေးကြေး ၊ ရက်မှန်​ကြေး နဲ့ အချိန်ပိုကြေး တိုးပေးဖို့အချက်သုံးချက်ထဲကမှ ဒေးကြေး နဲ့ ရက်မှန်​ကြေးကို တိုးပေးလိုက်တာကြောင့် အလုပ်ရှင် အလုပ်သမားအကြား ပြေလည်မှုရရှိပြီး နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့တာလို့ သိရပါတယ် ။
အလုပ်ရှင် အလုပ်သမား သဘောတူညီချက်အရ စက်မြင့် ၊ စက်နိမ့် အလုပ်သမားအားလုံးကို တန်းတူ ဒေးကြေး ၁၁၅၀၀ ကျပ် သတ်မှတ်လိုက်ပြီး ရက်မှန်ကြေးကိုလည်း.၄၀၀၀၀ ကျပ်ပေးဖို့ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ အချိန်ပို​ကြေးကိုတော့ အရင်တိုင်း ၂၀၀၀ ကျပ်သာ ပေးဖို့ သဘောတူခဲ့ပါတယ်။
” မနေ့က အလုပ်ရှင် အလုပ်သမားသဘောတူစာချုပ် ချုပ်ခဲ့တာပါ။ ” လို့ အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ STUM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အလုပ်သမားတွေတောင်းဆိုခဲ့တာကတော့ ဒေးကြေးကိုစက်မြင့် – ၁၀၇၀၀ ကျပ် နဲ့ စက်နိမ့် ၁၀၅၀၀ ကျပ် ပေးခြင်းအစား အလုပ်သမားအားလုံးကိုတန်းတူ ၁၂၀၀၀ ကျပ်ပေးရန် ၊ အချိန်ပိုကြေးကို ၂၀၀၀ ကျပ်အစား ၃၀၀၀ ကျပ် တိုးပေးဖို့ ၊ ရက်မှန်ကြေးကို ၃၀၀၀၀ ကျပ်အစား ၅၀၀၀၀ ကျပ်အဖြစ်တိုးပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ် ။
” ရက်မှန်ကြေးဆိုရင် ကျွန်တော်တို့ တောင်းတာက ၅၀၀၀၀ ပါ ။သူတို့ပေးတာက ၄၀၀၀၀ ဆိုတော့ ကြားချပြီး လက်ခံလိုက်တာပါ။ အိုတီကြေးကတော့ အရင်တိုင်းပဲ တိုးမပေးဘူး။ ဒေးကြေးကလည်း ခုဆို စက်နိမ့် စက်မြင့် အတူတူဖြစ်သွားပြီ။ တိုးပေးလိုက်တာတွေရဲ့ နောက်ဆက်တွဲ စည်းကမ်းချက်တွေတော့ ပါတယ်။ ရက်ပျက်လို့ ငွေဖြတ်တဲ့ ပုံစံတွေပါ မတူတော့ဘူး ။ အဲဒါမျိုးတော့ရှိတာပေါ့။ ပြီးတော့ ကျွန်တော်တို့ တောင်းဆို ခဲ့တဲ့ရက်တွေမှာ လုပ်ငန်းခွင်မဝင်ခဲ့ဘူး ။ အဲဒီအတွက်လည်း လုပ်ခလစာမရဘူ ။ ” လို့ အလုပ်သမားတယောက်က ပြောပါတယ်။
အလုပ်သမား ၂၉၃ ယောက်ဟာ ဒေးကြေး၊ ရက်မှန်ကြေး ၊ အချိန်ပိုကြေး တိုးမြှင့်ပေးဖို့အတွက် စက်ရုံ လုပ်ငန်းခွင်မဝင်ဘဲ ဇွန် ၁၈ ရက်ကနေ ၂၄ ရက်အထိ ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ကြောင်း ၊ တောင်းဆိုမှု ခုနှစ်ရက်အကြာမှာ အလုပ်ရှင်အလုပ်သမား အကြားသဘောတူညီမှုစာချုပ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
သဘောတူညီမှုစာချုပ်က တနှစ်သက်တမ်းဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ အလုပ်ပိတ် ရက်အတွက်ကိုတော့ အခုတိုးပေးလိုက်တဲ့ ဒေးကြေးခံစားခွင့် ရရှိမှာမဟုတ်ဘဲ စက်မြင့် အလုပ်သမားဆိုရင် ၁၀၇၀၀ ကျပ် ၊ စက်နိမ့်အလုပ်သမားဆိုရင် ၁၀၅၀၀ ကျပ် သာရရှိမယ်လို့ သိရပါတယ်။
ဒါအပြင် ဥပဒေပါခွင့်ဖြစ်တဲ့ အလုပ်သမားတယောက် ရပိုင်ခွင့်တွေထဲက ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် ယူပါကလည်း အဲဒီရက်အတွက်ကို ဒေးကြေးအနေနဲ့ ၇၈၀၀ ကျပ်သာ ရရှိမှာဖြစ်ပါတယ်။
ရက်မှန်ကြေးပေးရာမှာလည်း လတလရဲ့ ရှေ့ ၁၅ ရက်မှာ ခွင့်ယူရင် ရက်မှန်ကြေးထဲကနေ ၂၀၀၀၀ ကျပ်ဖြတ်မှာ ဖြစ်ပြီး နောက်ထပ် ၁၅ ရက်မှာ ခွင့်ယူပါက ၂၀၀၀၀ ကျပ် ဖြတ်ခံရမှာဖြစ်တယ်လို့ စာချုပ်အရ သိရပါတယ်။
Myanmar Chaofa Leather Ware Co., Ltd (အိတ်ချုပ်စက်ရုံ)က တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၃၈၇ ယောက်ရှိကြောင်း အဲဒီထဲကမှ အလုပ်သမား ၂၉၃ ယောက်က ဆန္ဒပြတောင်းဆိုမှုကို ပြုလုပ်ခဲ့တာပါ။
ဓာတ်ပုံ – STUM

Related posts

Leave a Comment

VOM News

FREE
VIEW