သူတို့အိမ်  အခန်း (၁၅၂)

ဆူးငှက်

 

စိတ်ဝင်စားလာသည့် ဘာသာရပ်တွေ
————————————–

ကျွန်တော်က သင်တန်းမှာ တနင်္လာနေ့မှ သောကြာနေ့ ညနေအထိ သင်တန်းတက်ရင်း အဝေးက သင်တန်းသားတွေကို ဓာတ်ပုံရိုက်ပေးသည်။ သောကြာနေ့ညနေ အိမ်ပြန်ရင်း ဖလင်ဆေးကူး အပ်သည်။ တနင်္ဂနွေနေ့ ညနေကျ ဓာတ်ပုံတွေ ယူသွားပြီး အပ်သည်။ သင်တန်းမှာ ပို့ချသည့် ဘာသာရပ်များကို ရောက်စက စိတ်မဝင်စားသော်လည်း သင်တန်းချိန် တစ်ပတ်အတွင်း စိတ်ပါဝင်စားသည့် ဘာသာရပ်များလည်း ရှိလာသည်။

ထိုဘာသာရပ်များအနက် ကျောင်းအုပ်ကြီး ပို့ချသော စီမံခန့်ခွဲရေးဘာသာရပ်က ကျောင်းအုပ်ကြီး၏ အသင်အပြကောင်းခြင်းကြောင့် စိတ်ဝင်စားလာသည်။ ကျောင်းအုပ်ကြီးက သင်ခန်းစာတစ်ခုကို ပို့ချလျှင် စာသင်တာနှင့် မတူဘဲ အတွေ့အကြုံများကို ပြောပြနေရာမှ သုံးသပ်အဖြေထုတ်ပြသည်။ သူ့အချိန်ဆိုလျှင် ပျော်စရာကောင်းသည်။ ကျွန်တော့်ထက် အတန်းငယ်ခဲ့ဖူးသော ဆရာမလေးတွေကတော့ စာရင်းကိုင်ဘာသာ၊ သချာၤဘာသာနှင့် ပထဝီဘာသာတွေ သင်သည်။ သူတို့ သင်ခန်းစာတွေက စာရင်းကိုင်ကလွဲလို့ ကျန်ဘာသာရပ်တွေက အလယ်တန်းအဆင့် များပဲ ဖြစ်သည်။

စကားစပ်၍ ပြောရလျှင် သင်တန်းသားအချို့၏ နေရပ်ကျေးလက်များက အလွန်ဝေးခေါင်လှသည်။ အဘယ့်ကြောင့် ဆိုသော် စာရင်းကိုင်ဘာသာရပ်သင်သောအခါ ကုန်စုံဆိုင်တစ်ဆိုင်၏ လချုပ်စာရင်းတွင် လုပ်ငန်းသုံး ပစ္စည်းအနေနှင့် ရေခဲသေတ္တာဟု ပါရှိရာ ထိုရေခဲသေတ္တာကို သေတ္တာထဲတွင် ထည့်ရောင်းသော ရေခဲများဟုပဲ သိကြသည့် သင်တန်းသား များပင် ရှိသည်။ ရေခဲသေတ္တာ (fridge / freeze) ဟုမသိကြ။ ရေခဲသေတ္တာကို မြင်လည်း မမြင်ဖူးကြတဲ့။ သည်တော့ သူတို့အဖို့ ယခု သင်တန်းတက်ရခြင်းသည် ဧရာမ အခွင့်အရေးကြီး ဖြစ်တော့သည်။

လေ့လာရေး ခရီးစဉ်
———————–

သည်လိုနှင့် သင်တန်းကာလ ၁လလောက်ကြာတော့ မေမြို့သို့ လေ့လာရေးခရီး ထွက်ရသည်။ မေမြို့က နို့ချက်သ/မ လုပ်ငန်းနှင့် ဈေးလေးအနီးက သမဝါယမအသင်း၁သင်းကိုလည်း လေ့လာရမတဲ့။ ထိုအခါ မေမြို့ကဲ့သို့ နေရာကို ရောက်ရမည်ဆိုတော့ သင်တန်းသား များမှ ဝမ်းသာမဆုံး ကျေးဇူးတင်မဆုံးပေါ့။ ထိုခရီးစဉ်တွင် ကျောင်းအုပ်ကြီးတော့ လိုက်ပါမည်မဟုတ်ဘဲ ဒုတိယ ကျောင်းအုပ် ဆရာမကြီး လိုက်ပါမည်။ ထိုဆရာမကြီးကလည်း အသင်အပြကောင်းကာ စည်းကမ်းကြီးသော ဆရာမကြီး ဖြစ်သည်။

အထူးသဖြင့် ထိုခရီးစဉ်တွင် အုပ်စု ၅စုခွဲကာ ဆရာများက ကြီးကြပ်ပြီး ခရီးစဉ်တလျှောက် စည်းကမ်း အပါအဝင် လေ့လာမှုအားနှင့် အခြား လေ့လာအားများနှင့်ပါ အမှတ်ပေးမှာတဲ့။ ထိုအမှတ်များဖြင့် အုပ်စုအဖွဲ့လိုက် ပြိုင်ဆိုင်ရမှာတဲ့။ ထိုပြိုင်ဆိုင်မှုက သင်တန်းသားများသာမက ကြီးကြပ်သည့်ဆရာ ဆရာမများကိုပါ ကြီးကြပ်မှု အရည်အချင်းကို အမှတ်ပေး ယှဉ်ပြိုင်စေရမှာတဲ့။ ထို့ကြောင့် ထိုမေမြို့ခရီးစဉ်ကို စာတော်သည့် ဆရာချစ်သင်တန်းသူ သင်တန်းသားများက အတော် အားခဲကြသည်။ ကြိုတင်၍ပင် မေမြို့နှင့် ပတ်သက်တာ၊ လေ့လာရမည့် သမဝါယမအသင်းနှင့် ပတ်သက်တာတွေ ကြိုတင် ဖတ်မှတ်လေ့လာနေကြသည်။ သက်ဆိုင်ရာ ခေါင်းဆောင် ဆရာများကလည်း ကိုယ့်လူကိုယ် ကြိတ်၍ မောင်းနေကြသည်။

ကျွန်တော်ကတော့ နဂိုကတည်းက ဒီသင်တန်းကိုရော သမဝါယမ စီမံကိန်းဆိုတာကိုရော စိတ်မဝင်စား သောကြောင့် ထိုခရီးစဉ်မှာ သေချာပေါက် ဓာတ်ပုံရိုက်ကြမှာမို့ ဖလင်ဘယ်နှလိတ်ယူရမလဲ၊ မီးအတွက် ဝန်ကျဉ်းမယ့် မီးခွက်ပဲ ယူမလားဆိုတာမျိုးပဲ ပြင်ဆင်နေသည်။

ဝမ်း တူး သရီး ရိုက်မယ်
————————–

တကယ်လည်း ထိုခရီးထွက်တော့ ဓာတ်ပုံတွေ လက်မအားအောင် ရိုက်ရသည်။ ဘီအီးဖော၊ ရုက္ခဗေဒဥယျာဉ်၊ ကန်တော်ကြီး စသည်ဖြင့် သင်တန်းသူ သင်တန်းသားတစ်ယောက် မရိုက်ဘူးဆိုသူကပင် ၅ပုံ အနည်းဆုံပေါ့။ ထို့ကြောင့် အဓိက လေ့လာရသည့် သမဝါယမ အသင်းဆိုင် သမဝါယမ လုပ်ငန်းများသို့ ရောက်လျှင်ပင် တာဝန်ရှိသူက ရှင်းပြတာကို စာအုပ်နှင့် လိုက်မှတ်ရင်း ကျွန်တော့်ကို မေးဆတ်ပြကာ သူတို့ကို ဓာတ်ပုံရိုက်ခိုင်းသည်။ အလားတူ ထိုနေရာများရှိ လုပ်ငန်းနှင့် ပတ်သက်သော ဇယားတွေ ဆိုင်းဘုတ်တွေ အချက်အလက် စာတွေကို စာအုပ်နှင့် ကူးနေပုံကအစ ကျွန်တော့်မှာ တဖြောင်းဖြောင်း ရိုက်ပေးနေရသည်။

သည်တော့ ထိုခရီးစဉ်မှာ ကျွန်တော်က သင်တန်းသားနှင့် မတူဘဲ ဘုရားဖူးအဖွဲ့နှင့် လိုက်ပါလာသည့် ဓာတ်ပုံဆရာပဲ ဖြစ်နေသည်။ ကိုင်းဗျာ.. ဒီလိုသင်တန်းသားက ရပါလိမ့်မယ် အမှတ်တွေ၊ လက်ထဲမှာလည်း ကင်မရာဘဲပါပြီး ဘာမှတ်စုစာအုပ်မှလည်းမပါ၊ ဘာမှလည်း မမှတ်။ ကိုယ်လေ့လာရမည့် အသ်းနံမည်ပင်မသိ။ ကျွန်တော်တို့ အုပ်စု ၄ကို ကြီးကြပ်ရသည့် ဆရာလည်း ကျွန်တော့်ကြောင့် မျက်နှာမရ တုတ်ရမှာ သေချာနေပြီ။ ကျွန်တော်ကလည်း နည်းနည်းလေးမှ အပိုးမကျိုး၊ ဟန်ဆောင် ပန်ဆောင်ပင် လေ့လာရမည့် လုပ်ငန်းတွေကို စိတ်ဝင်စားဟန်မပြ။ အမှန်က ကြီးကြပ်သည့်ဆရာများက ချက်ချင်း အရေးယူသင့်သည့် လုပ်ပေါက်ဖြစ်သည်။

သင်တန်းခန်းမထဲ လူစုဖို့ အရေးပေါ် အစီအစဉ်
————————————————

ထိုခရီးစဉ်က အပြန် သင်တန်းကျောင်းရောက်တော့ နေဝင်ပါပြီ။ ရေမိုးချိုး ညစာစားပြီး အဆောင်ထဲ ဝင်အိပ်ကြရုံပေါ့။ ဆရာတွေရော ကျောင်းသားတွေရော ပင်ပန်းကြပြီ။ သို့သော် သင်တန်းကျောင်းထဲ ကားတွေဆိုက်ပြီး မကြာမီ သင်တန်းခန်းမရှိ စပီကာကတဆင့် ကြေညာသံ ထွက်လာ၏။ ရေမိုးချိုးဖို့ နာရီဝက်နားပြီးသည်နှင့် ညစာကို ချက်ချင်းကျွေးမည်၊ ထို့ကြောင့် ညစာစားပြီး ည ၇နာရီ ထိုးသည်နှင့် ဆရာဆရာမများရော သင်တန်းသူသင်တန်းသားများ အားလုံး ခန်းမဆောင်ကြီးထဲ မပျက်မကွက် လာကြရမည်တဲ့။ ကျောင်းအုပ်ကြီးရဲ့ အထူးအစီအစဉ်တဲ့။

ထိုကြေညာသံက သင်တန်းသူသင်တန်းသားများထက် ဆရာဆရာမများက ထိပ်လန့်ကုန်သည်။ နဂိုက ပြန်လာသည်နှင့် နားကြဖို့ဖြစ်သည်။ အခု ကျောင်းအုပ်ကြီးက ချက်ချင်းပဲ ဆရာဆရာမများရော၊ သင်တန်းသူ သင်တန်းသားများ အားလုံး ခန်းမကြီးထဲ စုခိုင်းလိုက်တာက ခရီးစဉ်နှင့် ပတ်သက်ပြီး ကျောင်းအုပ်ကြီးက တစ်ခုခု အရေးတကြီးပြောစရာရှိလို့ ဖြစ်မည်။ ထိုပြောစရာက အကောင်းတော့ မဟုတ်တန်ရာ ဆိုကာ ဆရာတွေ ဆရာမတွေကြား တီးတိုးတီးတိုးပင် ဖြစ်နေကြ၏။ ဆရာဆရာမများအားလုံးက ကျောင်းအုပ်ကြီးကို အတော် လေးစားကြတာ သိသာသည်။ အချို့ဆရာဆရာမများက ကျောင်းအုပ်ကြီးထက် အသက်ကြီးကြသော်လည်း အတော် ရိုသေကြသည်။

ကျောင်းအုပ်ကြီးက ပုံမှန်အချိန်တွင် ဆရာဆရာမများသာမက သင်တန်းသားများအထိ အဆောင်ရှေ့မှောက် လမ်းလျှောက်ရင်း ရောက်လာကာ ရင်းရင်းနှီးနှီး စကားပြောသည်။ သင်တန်းသားများ၏ နယ်မြေဒေသအကြောင်း စိတ်ဝင်တစားမေးသည်။ ရယ်စရာများပင် ပြောသေး၏ သို့သော် သင်တန်းချိန်မှာတော့ သင်တန်းသားတွေသာမက ဆရာဆရာမများအထိ မျက်နှာသာ မပေး၊

သူ့အချိန် မဟုတ်သော်မှ စာသင်ခန်း ဘေး၊ စာသင်ခန်းနောက်က တိတ်တဆိတ်ရောက်လာကာ ဆရာဆရာမများ၏ သင်ကြားနေမှုကိုလည်း စောင့်ကြည့်ကြည့်ကာ မှားလျှင် ချက်ချင်းထောက်ပြသည်။ သင်တန်းသားတွေက စည်းကမ်း ဖောက်လျှင်လည်း ချက်ချင်း သတိပေးသည်။ သူကိုယ်တိုင်လည်း နိုင်ငံတကာ က တက္ကသိုလ်တွေ ကျောင်းတွေ သင်တန်းတွေ အတွေ့အကြုံများတော့ ပညာရပ်အပေါ် တန်ဖိုးထား လေးစားသည်။

မုန့်ဝေမှာလား၊ တုတ်ဝေမှာလား
————————————

ထို့ကြောင့် ယခုည ခန်းမကြီးထဲ ချက်ချင်း လူစုခိုင်းလိုက်တော့ ဆရာဆရာမများလည်း ခေါင်းနပန်းကြီး ကုန်ကြတာ မဆန်းလှပေ။ ဤသို့ဖြင့် ကျွန်တော်တို့လည်း ရေမိုးချိုး၊ ထမင်းစား၊ အဝတ်အစားလဲပြီး ၇နာရီမထိုးမီ ကတည်းက ကုပ်ချောင်းကုပ်ချောင်းနှင့် ခန်းမကြီးထဲ သွားကာ သတ်မှတ်ထားသည့် ကိုယ့်ထိုင်ခုံနေရာ ကိုယ်ထိုင်ရင်း ရင်ခုန်နေတော့၏။ အများစုက ခရီးစဉ်တွင် ရေးမှတ်ထားသည့် မှတ်စုာအုပ်ဖွင့်ပြီး အချက်အလက်တွေကို အလွတ်ရအောင် ကျက်နေကြသည်။ အကယ်၍ စာမေးလျှင်လည်း မဖြေနိုင်မှာ စိုးကြလို့ ဖြစ်သည်။

ကျွန်တော်ကတော့ ရှေ့မှာ စာအုပ်တစ်အုပ် ချထားသော်လည်း ဟန်ပြပဲ ဖြစ်ပါ၏။ ထိုစာအုပ်ထဲမှာက ခရီးစဉ်နှင့် ပတ်သက်တာ ဘာစာတစ်လုံးမှ မရှိ။ စာမေးလျှင်လည်း မတတ်နိုင်၊ ပေးသည့်အပြစ်ခံရုံပဲရှိသည်။ အလွန်ဆုံး RTU ပေါ့လေ။ အိပ်ရာလိတ် လိတ် အိမ်ပြန်၊ ပြန်ပေတော့မစဉ်းစားနဲ့ Return to unit ပေါ့။ သည်လို အောက်မေ့ပြီး ဟန်ကိုယ့်ဖို့ လုပ်နေရ၏။

အချိန်ကို အတိအကျလေးစားသော ကျောင်းအုပ်ကြီးက ၇နာရီ ၁၅မိနစ်တိတိတွင် ခန်းမထဲ ခပ်သွက်သွက် ဝင်လာပြီး စကားပြောစင်သို့ သွားသည်။ ထုံစံအတိုင်း အားလုံက မတ်တပ်ရပ် နှုတ်ဆက်ကြကာ ပြန်ထိုင်ကြပြီး ဆရာကြီးထံက အသံမထွက်သေးမီ တုတ်တုတ်မှမလှုပ်ဘဲ နားစွင့်နေကြ၏။ ထို့နောက် ဆရာကြီးက ခပ်တိုတို ခပ်ပြတ်ပြတ်ပဲ ပြောပါ၏။

 

ရက်မဆိုင်းဘဲ ချက်ချင်း စီစဉ်တာတဲ့
—————————————

ခရီးစဉ်နှင့် ပတ်သက်ပြီး သင်တန်းသားများ၏ တုံ့ပြန်မှုကို ရက်မဆိုင်းဘဲ သိလို၍ အခုညမှာပဲ ခေါ်ယူလိုက်ရခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းထားသည့် အုပ်စုများက ကြီးကြပ်သည့် ဆရာကိုယ်တိုင် ရွေးချယ်လိုက်သည့် အုပ်စုကိုယ်စားလည် သင်တန်းသားက ခရီးစဉ်နှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက်ကို နာရီဝက်မှ ၄၅မိနစ်အတွင်း စင်မြင့်ပေါ် တက်ရောက် ပြောကြားရမည်ဖြစ်ကြောင်း ထိုပြောကြားသည့်အချက်အလက်များကို နားထောင် သုံးသပ်ပြီး ချက်ချင်း အမှတ်ပေးမှာ ဖြစ်ကြောင်း။

ထို့ကြောင့် ကြီးကြပ်သည့် ဆရာများအနေနှင့် မိမိတို့ အုပ်စု အမှတ်များများရဖို့ ကိုယ်စားလည် အရွေးမမှားဖို့လိုကြောင်း၊ ခရီးစဉ်တွင် ကြီးကြပ်သည့် ဆရာများကိုယ်တိုင် လိုက်ပါခဲ့ကြသောကြောင့် မိမိတို့အုပ်စုက ဘယ်သူက လေ့လာအားကောင်းသည်ဆိုသည်ကို သိရှိပြီးမို့ လူရွေးမှန်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိက ဒီခရီးစဉ်မှာ လိုက်ပါခြင်းမရှိသည့်အတွက် သင်တန်းသားများ၏ လေ့လာအားကို မသိပါကြောင်း ထို့ကြောင့် ကြီးကြပ်သည့် ဆရာများ၏ မိမိအုပ်စုအတွက် လူရွေးမှန်ခြင်းကိုလည်း သိရှိလို၍ ယခုအစီအစဉ်ကို ချက်ချင်းစီစဉ်ရပါကြောင်း ပြောကြားကာ အုပ်စု ၁ က စ၍ ကြီးကြပ်ဆရာက လူရွေးပြီး စင်မြင့်ပေါ် လွှတ်ပေးရန် ကိုလည်း တဆက်တည်း ပြောကြား လိုက်သည်။

ဆရာဆရာမတွေမှာ နဂိုထင်ထားသည့် အပြစ်တွေ့လို့ ဆူပူကြိမ်းမောင်းမှာမဟုတ်တာ သေချာလို့ စိတ်အေးကြသော်လည်း ချက်ချင်းပဲ သူတို့ကို ကျောင်းအုပ်ကြီးက လူရွေးခိုင်းလိုက်တော့ ခေါင်းကုပ်သွားကြသည်။ ထို့ကြောင့် ရှေ့မှာ ထိုင်နေသော်လည်း နောက်သို့ လည်ပြန်ကာ မိမိ အုပ်စုက သင်တန်းသားတွေကို ကြည့်ရင်း လူရွေးနေကြသည်။ ကြာလို့လည်း မဖြစ်။ ထို့ကြောင့် အုပ်စု ၁ က စ၍ လူရွေးကာ နံမည်ကြေညာပြီး စင်မြင့်ပေါ်စေလျွတ်တော့သည်။ ကျောင်းအုပ်ဆရာကြီးက စင်ပေါ်မှ ဆင်းကာ ရှေ့ဆုံးတန်းရှိ ဆရာဆရာမများနှင့် အတူထိုင်ပြီး စောင့်ကြည့် နားထောင်တော့သည်။

သင်တန်းသားလား၊ ဓာတ်ပုံဆရာလား
————————————–

ဆရာဆရာမတွေ သင်တန်းသားတွေက ပွစိပွစိနှင့် လှုပ်ရှားသွားသလို၊ စာတော်သည့် သင်တန်းသား အချို့ကလည်း မှတ်စုစာအုပ်ဖွင့်ကာ စာပြန်ကျက်ကြ၊ အနားရှိ အချင်းချင်းကို လိုအပ်နိုင်သည့် အချက်များ မေးကြ ဖလှယ်ကြနှင့် ခေါင်းချင်း ဆိုင်ကြတော့၏။ သည်တွင် ကျွန်တော်က စိတ်ပူပန်မှု လုံးဝမရှိတော့ပေ။ ကိုယ်နှင့် မဆိုင်တော့ဟုပင် စိတ်ချလက်ချဖြစ်သွားတော့သည်။ ဟုတ်တယ်လေ၊ ဒီခရီးစဉ်မှာ ကျွန်တော်က ကင်မရာတစ်လုံးနှင့် ဓာတ်ပုံလျှောက်ရိုက်နေသူလေ။ ဘာမှ မလေ့လာ၊ ဘာမှ မမေးမြန်း၊ ဘာစာတစ်လုံးမှလည်း မမှတ်သား၊ ခရီးစဉ်တလျှောက်လုံး လက်ထဲမှာ ကင်မရာနှင့် ဖလက်ရှ်ဂန်းကလွဲ စာရွက်အတိူအစမျှပင်မပါ။ လေ့လာရမည့် အသင်းများ၏ စာပွဲနားပင် မကပ်။

သည်လိုသင်တန်းသားကို ကြီးကြပ်သည့်ဆရာက ဘယ့်နှယ် မျက်နှာ အပျက်ခံပြီး ရွေးပါ့မလဲ။ ခေါင်းထဲပင် ထည့်မှာမဟုတ်၊ ကျွန်တော်တို့ အုပ်စုထဲမှာ စာတော်ကျောင်းသားတွေက အများသား၊ တိုင်းအသင်းစုက ကိုတင်အောင်စန်းရှိသည်၊ အမရပူရမြို့နယ်အသင်းက ဦးဘရီရှိသည်။ မကွေးအသင်းစုက ကိုသန့်စင် ရှိသည်၊ နို့ချက်က ကိုသန်းမြင့် ရှိသည်။ အမလေး စာတော်ရုံမက ဆရာများနှင့်ပါ တပူးတွဲတွဲ ရင်းနှီး ကြသော သင်တန်းသားတွေ ရှိသည်။ မန္တလေးရော မကွေးကရော တိုင်းအသင်းစုများက နားကြီးမျက်စိကြီးများလည်း ဖြစ်သည်။ သည်တော့ အုပ်စုမှာ အဆင့် ဘိတ်ချီး ကျွန်တော်က နေသာသပ၊ လေညာက လေ။

ပြောနိုင် ဆိုနိုင်ကြသူတွေ
————————-

ဤသို့ဖြင့် အုပ်စု ၁ က ကိုယ်စားလည်အဖြစ် မကွေးတိုင်းအသင်းစုကပဲ ခပ်ချောချော သွက်သွက် သင်တန်းသူလေးက ခရီးစဉ်နှင့် ပတ်သက်သည့် လေ့လာတွေ့ရှိချက်များကို စာရင်းနှင့် အင်းနှင့် ကိန်းနှင့် ဂဏန်းနှင့် ပြောသွားနိုင်၏။ တော်ပါပေ့။ အုပ်စု ၂ က လည်း မြင်းခြံမြို့နယ်သ/မက အမှုဆောင်လည်းဟုတ်၊ လုပ်ငန်းစု တာဝန်ခံ လည်းဟုတ်၊ ပါတီက ဝမ်းသတ်အဖြစ် တာဝန်ပေးထားခြင်းလည်း ဟုတ်သူ ကျောင်းဆရာဟောင်းကြီးကလည်း ကျကျနန ပြောသွားနိုင်သည်။ သူကတော့ ကိန်းဂဏန်းထက် ပါတီ၏ သမဝါယမနှင့် ပတ်သက်သော မူဝါဒတွေ၊ စီမံချက်တွေ၊ ရည်မှန်းချက်တွေကို အသားပေးပြောသွားသည်။ ဒါတောင် သူ့လက်ထဲက မှတ်စုစာအုပ်ထဲမှာ ဖတ်ပြစရာ အချက်အလက်တွေ ကျန်နိုင်ပါသေးသည်။ သတ်မှတ်ထားသည့် ၄၅မိနစ်ထက် ကျော်မှာစိုးလို့ ဘရိတ်အုပ်လိုက်ပုံရ၏။

အုပ်စု ၃ က ခပ်သွက်သွက် သင်တန်းသူတစ်ယောက် တက်ပြောသည်။ သူက မတ္တရာ အခြေခံ သ/မ က ဝန်ထမ်းဖြစ်သည်။ သူကလည်း မခေလှ၊ လမ်းစဉ်လူငယ်မှာ မြို့နယ်အဆင့် လူငယ် တာဝန်ခံဖြစ်သည်။ ရန်ကုန် ပါတီဌာနချုပ်က နိုင်ငံရေးသင်တန်း တစ်ခုမှာ အဆင့် ၁ ရခဲ့ဖူးသူတဲ့။ သူကလည်း ကိန်းဂဏန်း အချက်အလက်များ သာမက မူဝါဒတွေလည်း အတော်ပြောသွားသည်။ သူလည်း အချိန်ကြောင့်သာ၊ စာအုပ်ထဲမှာ ပြောစရာ အချက်တွေ ကျန်ဦးမှာ သေချာသည်။ ကိုင်း.. ကျွန်တော်တို့ အုပ်စု ၄ လေ။ ကြီးကြပ်ဆရာ ဆရာဦးခင်ထွန်းက မျက်မှန်ကြီး တဝင်းဝင်းနှင့် မတ်တတပ်ရပ်သည်။ ကိုတင်အောင်စန်းက သူ၏ ပေါင် ၂၀၀ကျော် ကိုယ်လုံးကြီးကို ခါးဆန့်ကာ မတ်လိုက်သည်။ ဆရာဦးခင်ထွန်း ခေါ်လိုက်သည်နှင့် အသင့် ထလို့ ရအောင်လေ။ သူ့နောက်က အမရပူရ ဦးဘရီက ပုဆိုးပြင် ဝတ်ကာ ကိုတင်အောင်စန်းကို လှမ်းကြည့်ပြီး မောင်ရင် နေခဲ့တော့ဟူသော အမူအရာနှင့် ခေါင်းမော့၏။ မကွေးကိုသန့်စင်က နဂိုကတည်းက ခပ်အေးအေးနေသူမို့ သူ့ခေါ်လိုက်လျှင် အသင့်ဖြစ်ရန် ရှေ့က စာအုပ်ထဲက စာတွေကို ငုံ့ဖတ်နေသည်။ တံတားဦး နွားနို့ဆရာ ကိုသန်းမြင့်က သူ့မျက်မှန်ထူကြီးကို ပင့်တင်ကာ ရှေ့က ဆရာဦးခင်ထွန်းဆီ မျှော်ကြည့်နေ၏။ ကျွန်တော်က သူတို့ကို လှမ်းကြည့်ကာ ကိုယ့်လူတွေ အလျော့မပေးနဲ့နော်၊ ဖိုက်တင်းဟူသော အမူအရာဖြင့် မေးဆတ်က လက်မထောင်ပြထားသည်။

ဘယ်လိုမှ ထင်မှတ်မထားခဲ့တာ
———————————–

ထိုစဉ် ဆရာဦးခင်ထွန်းက အခြား အုပ်စုက ကြီးကြပ်ဆရာများလို နောက်လှည့်ကြည့်ကာ လူရွေးမည့် အမူအရာမရှိဘဲ သူ့ပုံစံအတိုင်း အေးတိအေးစက်ဖြင့် အစီအစဉ်ကြေညာနေသည့် ဆရာမ ဒေါ်ခင်မေဌေးကို သူ့အုပ်စုက ကိုယ်စားလည် သင်တန်းသားနံမည်ကို လှမ်းပြောလိုက်သည်။ ဆရာမက ဆရာဦးခင်ထွန်းအသံက တိုူလို့ သေချာအောင် နံမည်ကို လှမ်းမေးတော့ ထိုနံမည်က မိုက်ခွက်ကတဆင့် မသိမသာ အသံထွက်သွားသည်။ ထိုအသံကြားသည်နှင့် ကျွန်တော်လည်း ဒိန်းခနဲ ရင်ခုန် အံ့သြကာ ထူပူသွားသည်။ ကျွန်တော့ရှေ့တည့်တည့်တွင် ထိုင်နေသော မကွေးသား ကိုဇော်လင်းက ခေါင်းမတ်ကာ နားစွင့်တာ မြင်လိုက်သည်။ ဆရာမက ဦးခင်ထွန်းထံက နံမည်သေချာတော့ ကြေညာလိုက်သည်။ ကိုဇော်လင်းက ကျွန်တော့်ကို အစ်ကိူတစ်ယောက်လို ခင်ကာ လေးစားသည်။ သူကို ကျွန်တော်က မကွေးမင်းသားဟု အမြဲခေါ်၏။ အရပ်မြင့်မြင့် ဆံပ်က ဂုတ်ပေါ်ဝဲလုလုမှာ အကောက်လှိုင်းတွန့်များနှင့် ဖြစ်သည်။ လူကလည်း လူချော၊ ဘောင်းဘီရှည်ကိုလည်း စမတ်ကျကျ ဝတ်တတ်သည်။ သင်တန်းတက်ချိန် ပုဆိုးဝတ်လျှင်လည်း ချပ်ချပ်ရပ်ရပ်နှင့် စတစ်ကော်လာအဖြူလက်ရှည် ဝတ်သည်။ ပြီးတော့ ကတ္တီပါဖိနပ်နှင့် မင်းသားပါပဲလေ။

ဆရာမဒေါ်ခင်မေဌေး ကြေညာသံကြားလိုက်တော့ ကိုဇော်လင်းက ကျွန်တော့်ကို ဖျပ်ခနဲ နောက်လှည့်ကြည့်ပြီး သူ့ရှေ့က သူ့မှတ်စုစာအုပ်ကို ကျွန်တော့်ထံ အလျင်အမြန် လှမ်းပေးသည်။ သို့သော် ဆရာဦးခင်ထွန်းက ရှေ့ကနေ လှမ်းကြည့်ကာ ခေါ်နေလို့ ကျွန်တော်လည်း ကတိုက်ကရိုက် ပျာယီပျာယာနှင့် ကိုဇော်လင်းထိုးပေးသည့် စာအုပ်ကိုလည်းမယူနိုင်ဘဲ ထိုင်နေသည့် ခုံဘေးက လျှောက်လမ်းဆီထွက်ကာ စင်ပေါ်သို့ ခပ်သွက်သွက် တက်လိုက်သည်။ ဘယ်လိုမှ မျှော်လင့် မထားသော ကျွန်တော့်နံမည်ကို အုပ်စု ၄ ၏ ကိုယ်စားလည်အဖြစ် တက်ရောက် ပြောကြားရန် ဆရာဦးခင်ထွန်း၏ ရွေးချယ်မှုကို အခမ်းအနားမှူး ဆရာမ ဒေါ်ခင်မေဌေးက ကြေညာလိုက်တာလေ။ ကိုင်း.. သွားရော…

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW