နေပြည်တော်၊ ဇူလိုင်- ၁ – ၂၀၂၆
KKL(VOM)
သာပေါင်းမြို့နယ်ထဲက ကျေးရွာတွေရဲ့ လျှပ်စစ်မီး ရရှိမှုအခြေအနေက ကျေးရွာအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမပြည့်တဲ့အကြောင်း သာပေါင်းအမတ် ဦးမောင်မောင်စိုး ရဲ့ တင်ပြမှုကို ၂၀၂၇/၂၀၂၈ ဘဏ္ဍာနှစ်ကစတင်ပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းထဲမှာ ထည့်သွင်းလျာထားပြီး ရံပုံငွေရရှိတဲ့အပေါ်မူတည်ကာ ဆောင်ရွက်ပေးမယ်လို့ ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး က ဖြေကြားပြောဆိုခဲ့ပါတယ်။
သာပေါင်းမြိုနယ်မှာ ကျေးရွာအုပ်စု ၆၇ အုပ်စုရှိပြီး ကျေးရွာ ၃၉၄ ရွာ ရှိတဲ့အထဲမှာ လျှပ်စစ်မီးရတဲ့ရွာ ၃၈ ရွာလို့ ဆိုတဲ့အတွက် ကျေးရွာအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းမပြည့်ဘူးလို့ ဦးမောင်မောင်စိုးကတင်ပြခဲ့ပါတယ်။
အခုသူ မီးရရှိဖို့တင်ပြတဲ့အုပ်စု ၄ ခုကတော့ ငှက်ပျောတော ၊ မဲဇလီကွင်းပေါက် ၊ ဆင်လမ်းနဲ့ သပြေကုန်း ကျေးရွာအုပ်စုတွေဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ကန်ကြီးဒေါင့်နဲ့ တစ်ဖက်ကမ်းလို့ဆိုတဲ့အပြင် ကန်ကြီးဒေါင့် က မီးကို သာပေါင်းမြို့နယ် အုပ်စု ၄ စုထဲက ပြည်သူတွေကတော့ မြင်သာမြင် မကြင်ရ ဟိုဖက်ကမ်းကထိန်ထိန် ဒီဖက်ကမ်းကမှိန်မှိန်လို့ဆိုပြီး နိုင်ငံတော် သီချင်းထဲကလို ခွင့်တူညီမျှဝါဒတူညီစေလိုတယ်လို့ မေးခွန်းမေးမြန်းရင်း သူ့မြို့နယ်ထဲက ကျောင်းသားကျောင်းသူတွေရဲ့ လျှပ်စစ်မီးမရလို့ အခက်အခဲဖြစ်ရတဲ့အကြောင်းကိုပါ ဦးမောင်မောင်စိုးက ထည့်သွင်းတင်ပြခဲ့ပါတယ်။
ဦးမောင်မောင်စိုးရဲ့မေးခွန်းအတွက် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဌာနရဲ့တွက်ချက်မှုအရ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၅၈၂၀ ပေ (၂.၉၉၇ မိုင်) အပါအဝင် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၃ လုံး နဲ့ ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီ ထရန်စဖော်မာ ၁ လုံး ဘိုအပ်ပြီး ခန့်မှန်း စုစုပေါင်းကျပ် ၈၄၅.၃၇၅ သန်း ကုန်ကျမယ်လို့ဆိုပါတယ်။
၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်းအသုံးစရိတ်မှာ လျာထားပေးမယ့်အကြောင်းနဲ့ ဘဏ္ဍာငွေရရှိမှုအပေါ် မှာ ဆောင်ရွက်သွားမယ့်အကြောင်း အပြင် ကျေးရွာတွင်း ၄၀၀ ဗို့လိုင်း လုပ်ငန်းတွေကိုတော့ သက်ဆိုင်တဲ့ ကျေးရွာတွေက ကိုယ်ထူကိုယ်ထ စနစ်နဲ့ လုပ်ရမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ပါတယ်။
