ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေ

ဇူလိုင် ၂၇ – ၂၀၂၆
SN (VOM)
ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အစိုးရတပ်ဘက်က အင်အားဖြည့်တင်းခြင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လျက်ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်ဟာ စစ်သင်္ဘော၊ ဇက်ရေယာဉ်တွေကို အသုံးပြုကာ ၎င်းတို့ တပ်စွဲထားတဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ရှိ ရွှေသောင်ယံ၊ ရေကြည်၊ သာပေါင်း၊ အင်္ဂပူနဲ့ လေးမျက်နှာမြို့နယ်တွေက တပ်စခန်းတွေဆီ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူတွေ အဆက်မပြတ် ပို့ဆောင်နေပြီး AA တပ်တွေကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲက ဇူလိုင် လဆန်းပိုင်းကတည်းက တောက်လျှောက်ဖြစ်နေတာ။ အစိုးရတပ်က သူတို့ လက်လွှတ်လိုက်ရတဲ့ ပွိုင့် (၂၂၇) ကာကင်းစခန်းတွေကို ပြန်ရဖို့ တန်ပြန် ထိုးစစ်ဆင်နေတာ။ သာပေါင်း၊ စက်ဒေါင့်ကြီးရွာကနေတဆင့် သာပေါင်းနဲ့ ရေကြည်မြို့တွေကြားက စခန်းတွေကို ရေကြောင်းကနေ အင်အား ‌ဆက်တိုက်ဖြည့်နေတယ်။ တိုက်ပွဲက နှစ်ဖက် အထိအခိုက်လည်း များနေပြီ။ အခုထိတော့ အစိုးရတပ်က စခန်းတွေ ပြန်ရသွားမျိုး မရှိသေးဘူး” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ရေကြည်မြို့နယ်ထဲက (၂၈၈) ပွိုင့်ကုန်း၊ (၁၈၈) ပွိုင့်ကုန်းနဲ့ (၁၄၈) ပွိုင့်ကုန်းတွေကို ပြီးခဲ့တဲ့ ဇွန်လအတွင်းက သိမ်းယူခဲ့ပြီး အခု ဇူလိုင်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာလည်း (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း နှစ်ခုကို ထပ်မံ သိမ်းယူနိုင်ခဲ့တယ်လို့ AA က ဇူလိုင် ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်းတွေကို ပြန်လည်ရရှိနိုင်ဖို့ တပ်မ (၆၆) နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းတွေ ပါဝင်တဲ့ တပ်အင်အား အများအပြားနဲ့ တန်ပြန်ထိုးစစ် ဖော်ဆောင်နေတာဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“ရေကြည်နဲ့ သာပေါင်းနယ်အစပ်က တိုက်ပွဲတွေမှာဆို စစ်တပ်ဘက်က အထိုင်စခန်းတွေချပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာတွေ ရှိတယ်။ အဲဒီ နယ်စပ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလိုပဲ လေးမျက်နှာဘက်မှာလည်း အင်အားဖြည့်ဖို့လာတဲ့ စစ်ကြောင်းတွေကို AA က ကြားဖြတ်ပိတ်ဆို့ပြီး တိုက်ခိုက်နေတာရှိတယ်။ အစိုးရတပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေ သုံးပြီး ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေတယ်” လို့ သူက ပြောပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်မှာတော့ အစိုးရတပ်တွေဟာ လက်ရှိမှာ ရေကြည်မြို့နယ်ထဲက အမြောက်တပ် (၃၄၄) အပြင် လေးမျက်နှာမြို့နယ်ဘက်မှာလည်း အင်အား ဖြည့်တင်းနေသလို ပုသိမ် – မုံရွာ လမ်းပိုင်းမှာလည်း တပ်ဖွဲ့ဝင်အင်အား အများအပြား အသုံးပြုကာ နေရာယူထားတယ်လို့ ဖော်ပြထားပြီး လက်ရှိ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အစိုးရတပ် တာဝန်ရှိသူတွေဘက်ကတော့ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
AA တပ်တွေဟာ ရခိုင်ပြည်နယ်ထဲက ဂွမြို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီနောက် ဧရာဝတီတိုင်းအတွင်းက ရွှေသောင်ယံ၊ သာပေါင်းနဲ့ ဂွမြို့နယ်စပ်နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာဖြစ်ကာ တိုက်ပွဲအတွင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ မကျီးဇင်ရွာနဲ့ ဘောမိရွာကို AA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW