ဇူလိုင် ၂၇ ၊ ၂၀၂၆
GG (VOM)
ဒီနှစ် ၂၀၂၆ ခုနှစ် ခုနှစ်လနီးပါးကာလအတွင်း ရန်ကုန်မှာ YBS ယာဥ်မတော်တဆမှုကြောင့် ၁၉ ယောက်သေဆုံးခဲ့ပြီး ၃၇ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က သိရသည်။
ဇန်နဝါရီ ၁ ရက်ကနေ ဇူလိုင် ၂၀ ရက်နေ့အထိ YBS ယာဥ်မတော်တဆမှုပေါင်း ၃၉ ကြိမ်အထိဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီယာဥ်မတော်တဆမှုတွေကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
YBS ယာဉ်မတော်တဆမှုတွေနဲ့ ပတ်သက်ပြီး လူသေဆုံးစေတဲ့အထိဖြစ်ပွားစေတဲ့ YBS ယာဉ်မောင်းကို ရာသက်ပန်ထုတ်ပယ်တဲ့နည်းနဲ့ အရေးယူမှုပြုလုပ်နေတဲ့အပြင် သတ်မှတ်စည်းကမ်းဖောက်ဖျက်တဲ့ ယာဥ်မောင်းတွေကိုတော့ ဒဏ်ငွေနှစ်ဆရိုက်တဲ့ အစီစဥ်ပြုလုပ်နေတယ်လို့ သိရပါတယ်။
” ကျွန်တော်တို့က လူသေတဲ့အထိဖြစ်တဲ့ ဖြစ်စဥ်ဆိုရင် ယာဥ်မောင်းကို အမြဲတမ်း ရာသက်ပန်ထုတ်ပယ်တယ်။ YBS ကို မောင်းခွင့်မပေးတော့ဘူး။ ကညန ကယာဥ်မောင်းလိုင်စင်ကိစ္စတော့သူ့တို့ဘာသာ ဘာလုပ်လုပ်။ ရဲဘက်ကလည်း သူ့တို့ဘာသာ ဘာလုပ်လုပ်ပေါ့ ။ ယာဥ်တိုက်မှုကတော့ အရင်နှစ်နဲ့ဆိုရင် နည်းနည်း မတိမ်းယိမ်းပါပဲ ။ ” လို့ YRTC ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ် ။
ယာဥ်မတော်တဆမှုဖြစ်ပွားတဲ့ YBS ယာဥ်မောင်းကို အရေးယူတဲ့အပြင် ယာဥ်တိုက်မှုအတွင်း ထိခိုက်နစ်နာသူတွေကို သက်ဆိုင်ရာ ယာဥ်လိုင်းကုမ္ပဏီ နဲ့ YBS ယာဥ်မောင်းတွေကနေ နစ်နာကြေးပေးအပ်တာမျိုးလည်းရှိတယ်လို့ သိရပါတယ်။
YRTC ကတော့ လက်ရှိမှာ စည်းကမ်းဖောက်ဖျက်တဲ့ YBS ယာဉ်မောင်းတွေကို ဖြစ်စဥ်အပေါ်လိုက်ပြီး ပြစ်ဒဏ်၊ ငွေဒဏ် ချမှတ်နေပြီး ယာဥ်မောင်းတယောက်အနေနဲ့ သုံးကြိမ်အထက် စည်းကမ်းဖောက်ဖျက်ပါက ရာသက်ပန်ထုတ်ပယ်ခြင်း၊ယာဉ်မောင်း Smart Card ဖျက်သိမ်းခြင်း၊ကညန ယာဉ်မောင်းလိုင်စင်ကို အချိန်ကာလတခု သတ်မှတ်ပြီး ပိတ်သိမ်းအရေးယူခြင်းတာတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။
ဒါအပြင် အခုနောက်ပိုင်းမှာ ဒဏ်ကြေးချမှတ်မှုအပေါ်ကို နှစ်ဆတိုးပြီး ဒဏ်ရိုက်အရေးယူနေတယ်လို့ သိရပါတယ်။
” စည်းကမ်းမလိုက်နာတာ အမြန်မောင်းတဲ့ကိစ္စအပါ အခုဆို ဒဏ်ဆိုနှစ်ဆတိုးရိုက်မယ်။ အရင်က ၁၀၀၀၀ ရိုက်ရင် ၂၀၀၀၀ ပေါ့။ ပိုပြီးတော့အရေးယူထားတဲ့သဘောပေါ့။” သူကထပ်ပြောပါတယ်။
YBS ကားတွေ မတော်တဆမှုဖြစ်ပွားမှု မရှိအောင်နဲ့ စည်းကမ်းဖောက်ဖျက်မှုမရှိစေရေး ၊ မူးယစ်ဆေးဝါးသုံးပြီး မောင်းနှင်တာမျိုးမဖြစ်အောင် အသိပညာပေးတာ ၊ စစ်ဆေးခြင်းတွေ ၊ အရေးယူမှုတွေကို YRTC အနေနဲ့ ပြုလုပ်နေပေမယ့်လည်း YBS ယာဥ်မောင်းတချို့က လိုက်နာမှုမရှိတဲ့အတွက် ယာဥ်မတော်တဆမှုတွေဖြစ်ပွားကာ လူသေဆုံးရတဲ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းကဆိုရင် YBS ယာဥ်မတော်တဆမှုပေါင်း အကြိမ် ၇၀ ဖြစ်ပွားခဲ့ပြီး လူ ၃၀ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၅၄ ယောက်ရှိခဲ့တယ်လို့ YRTC စာရင်းအရ သိရပါတယ်။
၂၀၂၄ ခုနှစ်မှာဆိုရင် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၁၅ ရက်အထိYBS ယာဉ်မတော်တဆမှုအကြိမ်ရေ ၇၀ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ယောက်နဲ နှင့် ဒဏ်ရာရရှိသူ ၁၃၆ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – လူမှုကူညီရေး အသင်း ( ပုံဟောင်း)
