ထိုင်းရောက်မြန်မာတချို့ရဲ့ စည်းကမ်းမဲ့ လုပ်ရပ်တွေကြောင့် တခြားသော မြန်မာလုပ်သားတွေပါ ထိခိုက်လာ

ဇူလိုင် ၂၇ – ၂၀၂၆
SS (VOM)
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့ရဲ့ လူသတ်မှု ကျူးလွန်ခြင်း၊ အုပ်စုဖွဲ့ရန်ဖြစ်ခြင်းနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ခြင်း အစရှိတဲ့ စည်းကမ်းမဲ့ လုပ်ရပ်တွေကြောင့် တရားဝင် အလုပ်လုပ်ကိုင်နေသူတွေနဲ့ အေးချမ်းစွာ နေထိုင်ကြတဲ့ တခြားသော မြန်မာနိုင်ငံသားတွေပါ ထိုင်းလူမှုကွန်ရက်မှာ အမုန်းစကားတွေနဲ့ ဖိနှိပ်ခံရမှုတွေကို ရင်ဆိုင်လာကြရတယ်လို့ ထိုင်းရောက် မြန်မာတွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး စစ်ဆေးရေးနဲ့ ဖမ်းဆီးမှုတွေကို အရင်ကထက်ပိုပြီး တင်းကျပ်စွာ လုပ်ဆောင်လာကြသလို တဖက်မှာလည်း အလုပ်သမားတွေရဲ့ အခွင့်အရေး၊ နေထိုင်ခွင့်သက်တမ်းနဲ့ မှတ်ပုံတင်လုပ်ငန်းစဉ်တွေကို ထိုင်းအစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ပိုမိုစိစစ် ကန့်သတ်ဖို့ တောင်းဆိုလာကြတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“တချို့မြန်မာတွေက လုံးဝ စည်းကမ်းမရှိကြဘူး။ ခုဆို လူသက်မှုဖြစ်လည်း မြန်မာတွေ၊ သောက်စားပြီးရန်ဖြစ်လည်း မြန်မာတွေ၊ ဆူညံနေလို့ အတိုင်ခံရလို့ ဝင်ဖမ်းလိုက်ရင်လည်း မြန်မာတွေပဲ ဖြစ်နေကြတာ။ အဲဒီတော့ ထိုင်းတွေ ခုလို ဖမ်းတာလည်း အပြစ်ပြောလို့မရဘူး။ တချို့က မနေတတ်ဘူး။ လူမိုက်လိုလိုနဲ့ အုပ်စုဖွဲ့နေကြတယ်။ တကယ်လို့ စည်းကမ်းရှိရှိနဲ့နေရင် အခုလိုတွေ ဖြစ်လာမှာမဟုတ်ဘူး” လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ မြန်မာတွေအပေါ် တင်းကျပ်တဲ့ ဥပဒေတွေနဲ့ ဖမ်းဆီး အရေးယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေသလို ထိုင်းလူမျိုး အသိုင်းအဝိုင်းကြားမှာလည်း မြန်မာတွေအနေနဲ့ လူမှုရေးအရ ခွဲခြားဆက်ဆံခံရခြင်း၊ နှိမ်ချ ဆက်ဆံခံရခြင်းတွေ ရှိနေတဲ့အပြင် ပြဿနာ ရှာတတ်တာကြောင့်လို့ ဆိုကာ ထိုင်းလူမျိုး အိမ်ပိုင်ရှင်တွေက အိမ်ငှားပေးဖို့ကိုတောင် ဝန်လေးလာကြတယ်လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံရောက် နောက်ထပ် မြန်မာလုပ်သား တယောက်ကလည်း ထိုင်းသတင်းဌာနတွေရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာက မြန်မာသတင်းတွေရဲ့အောက်မှာ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ ရေးသားတဲ့ မှတ်ချက်တွေကိုကြည့်ပါက အခုလို ဖြစ်ရပ်တွေအပေါ် ထိုင်းနိုင်ငံသားတွေ စိတ်ဆိုး ဒေါသထွက်နေတာကို အတိုင်းသား မြင်တွေ့ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“အခုဆို မြန်မာတွေကို မနေစေနဲ့၊ မောင်းထုတ် ဆိုပြီး ပြောလာကြတာတွေ အများကြီး တွေ့ရတယ်။ ပတ်ဝန်းကျင်မှာလည်း နေရထိုင်ရတာ ကျဉ်းကျပ်လာတယ်။ ဘယ်သွားသွား အမြင်မကြည်တဲ့ အကြည့်တွေ၊ သံသယ မျက်လုံးတွေနဲ့ အကြည့်ခံရတယ်။ မြန်မာတွေ နာမည် ပျက်ပြီးရင်း ပျက်လာတာက တော်တော်ဆိုးတယ်။ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ် ဆိုသလို ဖြစ်နေပြီ။ တချို့ အလုပ်ရှင်တွေဆို မြန်မာတွေကို အလုပ်ပေးဖို့ကိုတောင် မပေးချင်ကြတော့ဘူး။ တချို့ အလုပ်ရှင်တွေကတော့ ရသင့်တဲ့အခွင့်ရေး မပေးဘဲ ခေါင်းပုံဖြတ်တာတွေ ခုနောက်ပိုင်း ပိုများလာတယ်။ တချို့မြန်မာတွေက ငါအထောက်အထား ပြည့်စုံတယ်ဆိုပြီး နေချင်သလိုနေ၊ ဘယ်သူဘာဖြစ်ဖြစ်ဆိုပြီး အနေအထိုင် မတတ်ကြတော့ အခုလိုတွေ ဖြစ်လာရတာ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာတွေဟာ လူတန်းစား အမျိုးမျိုးရှိပြီး တချို့က မိဘအခြေခိုင်ပေမယ့် စစ်မှုထမ်းရှောင်ရင်း ရောက်လာကြသူတွေ ရှိသလို တချို့ကတော့ သဘာ၀ဘေး၊ နယ်မြေ အေးချမ်းမှု မရှိတာတွေကြောင့် ရောက်လာကြတာဖြစ်ပြီး တချို့ကတော့ အလုပ်အကိုင် အဆင်မပြေတဲ့အတွက် ရောက်လာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“စည်းကမ်းမဲ့နေတဲ့ မြန်မာတွေအကုန်လုံး သူတို့ စိတ်ဓာတ်ကိုသူတို့ မပြုပြင်သမျှ၊ ကြာလေ အခြေအနေက ပိုဆိုးလာမှာသေချာတယ်။ ထိုင်း ဆယ့်ငါးယောက်ထိုင်ရင် ဘာအသံမှ မထွက်ဘူး။ မြန်မာသုံးယောက် ထိုင်လိုက်တာနဲ့ ဆေးရုံတရုံလုံး အသံဟိန်းနေတယ်။ အဲဒါတမျိုးပဲ အရင်ကြည့်။ ကျွန်တော်တို့ နိုင်ငံသားတွေ ဘယ်အဆင့် ရောက်နေလဲဆိုတာ” လို့ နောက်ထပ် ထိုင်းရောက် မြန်မာတယောက်က ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာလည်း အမှုအခင်း ဖြစ်ပွားမှုတွေ၊ ဝင်ရောက် စစ်ဆေးမှုတွေကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေတာမှာ မနေ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ရချတ်ပူလီမြို့ရှိ အိမ်ခြံဝင်းတခုမှာ ခြင်းလုံးနဲ့ ဘိလိယက် ကစားနေကြတဲ့ မြန်မာလုပ်သား အယောက် ၁၀၀ နီးပါး ဖမ်းဆီးခံရတယ်လို့ သိရပြီး ဆူပူမှုကြောင့် တိုင်ကြားတဲ့သူ ရှိတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က လာရောက်စစ်ဆေး ဖမ်းဆီးသွားတာလို့ သိရပါတယ်။
“အဲဒီခြံက ကစားရုံ ဖွင့်ထားတာ။ အသံကျယ်လို့ ဆိုပြီး တိုင်တဲ့သူရှိတော့ ရဲက လာစစ်တာ။ ပိုက်ဆံကြေးနဲ့ ဘိလိယက် ထိုးနေတဲ့သူ ၁၈ ယောက်၊ ပိုက်ဆံကြေးနဲ့ မဟုတ်ဘဲ အပျော် ခြင်းလုံးခတ်နေတဲ့သူက အယောက် ၇၀ ကျော် မိတယ်လို့ သိရတယ်။ ပိုင်ရှင်ကတော့ သူတို့က အလုပ်ပိတ်ရက် တရက်ပဲ လာကြတာ၊ အလုပ်ဖွင့်ရက်ဆို မလာဘူးလို့ ပြောပေးပေမယ့် ရဲတွေက ပိုင်ရှင်ကိုလည်း ဖမ်းတယ်။ လာကစားကြတဲ့ သူတွေကိုလည်း ဖမ်းတယ်။ ခြင်းလုံးတွေရော၊ ဘိလိယက်ထိုးတဲ့ ပစ္စည်းတွေရော အကုန် သိမ်းသွားတယ်။ ဖမ်းဆီးခံရသူတွေထဲက ပိုက်ဆံနဲ့ ကစားကြတဲ့ ၁၈ ယောက်ကို အရေးယူမယ်လို့ သိရတယ်” လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေသူက ပြောပါတယ်။
ဒါအပြင် ဇူလိုင် ၂၅ ရက်နေ့၊ ည ၇ နာရီကျော်ဝန်းကျင်ကလည်း ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ သာလန်ခရိုင်၊ သက်ပကရာဆတ်ထရီမြို့နယ်၊ ရွာအမှတ် (၁)၊ တန်ဆိုင်းရေတံခွန်ကို သွားရာလမ်းမှာ အရက်အလွန်အကျွံ သောက်ထားတဲ့ မြန်မာအမျိုးသားတယောက် မောင်းလာတဲ့ ပစ်ကပ်ထရပ်ကားတစီးက ဆိုင်ကယ် လေးစီးကို ဝင်ရောက် တိုက်မိမှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပစ်ကပ်ထရပ်ကား မောင်းသူဟာ အောင်မင်းဦးဆိုသူ ဖြစ်တယ်လို့ သိရပြီး ၎င်းရဲ့ သွေးအတွင်း အယ်လ်ကိုဟော ပါဝင်မှုကို စစ်ဆေးခဲ့ရာ သွေးထဲမှာ အရက်ပါဝင်မှု ၂၃၉ မီလီဂရမ်ရာခိုင်နှုန်း ရှိနေပြီး ဥပဒေက ခွင့်ပြုထားတဲ့ ပမာဏထက် ငါးဆကျော်အထိ လွန်ကဲနေတာကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“သူက ဆိုင်ကယ်တစီးကို အရင်တိုက်မိတာ။ အဲဒီလို တိုက်မိလို့ မောင်းပြေးတဲ့အချိန်မှာ ဆိုင်တဆိုင်ရှေ့မှာ နောက်ထပ် ဆိုင်ကယ် သုံးစီးကို ထပ်တိုက်မိတာ။ ဒဏ်ရာရတဲ့သူတွေကို သာလန်ဆေးရုံ ပို့ခဲ့ပေမယ့် အဲဒီထဲက နှစ်ယောက်က ည ၁၁ နာရီ၊ မိနစ် ၄၀ လောက်မှာ ဆေးရုံမှာ ဆုံးသွားတယ်။ ကားမောင်းသူကတော့ အခင်းဖြစ်တဲ့နေရာ၊ အဲဒီဆိုင်ရှေ့မှာပဲ ဖမ်းဆီးခံရတယ်” လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
အဲဒီ ယာဉ်တိုက်မှုဖြစ်တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာပဲ ညနေ ၆ နာရီခွဲဝန်းကျင်က ပရာကျင်ပူလီမြို့မှာ စာရွက်စာတမ်းကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားအချင်းချင်း စကားများရာက ဓားထိုးမှု ဖြစ်ပွားခဲ့ပြီး တယောက် ပွဲချင်းပြီး သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အခကြေးငွေ ပေးထားပြီး နှစ်လကျော်ကြာတဲ့အထိ အလုပ် လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရရှိသေးတဲ့ မြန်မာအမျိုးသား တယောက်ဟာ စာရွက်စာတမ်း ပြုလုပ်ပေးတဲ့ မြန်မာအကျိုးဆောင် တယောက်ထံ Work Permit သွားရောက် တောင်းယူရာကနေ အချင်းများပြီး လူသတ်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ အမှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့သူတွေထဲက တယောက်ကို ဖမ်းဆီးရမိထားပြီး ကျန်ရှိနေတဲ့ လေးယောက်ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်တာကြောင့် အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ထိုင်းရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေအနေနဲ့ နိုင်ငံအတွင်း ရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို စစ်ဆေး၊ ဖမ်းဆီးမှုတွေ တင်းကျပ်စွာ လုပ်ဆောင်လျက်ရှိတာကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရမှုတွေလည်း ရှိနေတာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့ကလည်း တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ သာဆိုင်းလွတ်ကျေးကွာအုပ်စု၊ ကုန်တိုက်ဘေးရှိ တောစပ်ဧရိယာမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလူမျိုး အယောက် ၂၀ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဇူလိုင် ၂၃ ရက်နေ့ကလည်း ကန်ချနဘူရီခရိုင်၊ သာမခါမြို့နယ်၊ ဆဲန်သိုကျေးရွာအုပ်စုအတွင်း ဝင်ရောက်စစ်ဆေးရာမှာ မြန်မာလုပ်သား ခြောက်ယောက် ဖမ်းဆီးခံခဲ့ရသလို ဇူလိုင် ၂၁ ရက်နေ့ကလည်း ရယောင်းခရိုင်၊ နိခွန်ဖတ်ထနာမြို့နယ်၊ ဖန်းနိခွန်ကျေးရွာအုပ်စုအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ Work Permit မရှိဘဲ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာလူမျိုး ၃၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW