ဇူလိုင် ၂၇ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမှာ ကားပေါ်ကို သစ်ပင်လဲကျခဲ့တာကြောင့် ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့တဲ့ လူမှုကူညီရေး အသင်းဆီက သိရပါတယ်။
ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့ ၊ မနက် ၁၀ နာရီခွဲကျော်မှာ ဆရာစံလမ်း ၊ ပုလဲကွန်ဒိုအနီးမှာ မောင်းနှင်လာတဲ့ လိုက်ထရပ်ကားပေါ်ကို သစ်ပင်လဲကျခဲ့တာ ဖြစ်ကြောင်း ၊ သစ်ပင်လဲကျမှုကြောင့် ယာဉ်မောင်းအမျိုးသားဖြစ်သူက နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
သေဆုံးသူက ဦးကျော်သက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ အသက် ၁၅ နှစ်အရွယ်ဟာ သေဆုံးသူရဲ့တူ ဖြစ်တယ်လို့ သိရပါတယ်။
” ဖုန်းသတင်းဝင်တာ ၁၀ နာရီခွဲလောက်ပါ။ ရောက်သွားတော့ ယာဉ်မောင်းက အသက်မရှိတော့ဘူး ။ ဘေးမှာလိုက်ပါလာတဲ့ ကောင်လေးကတော့ အသက်ရှင်တယ်။ လက်နဲ့ ခြေထောက်ဒဏ်ရာနည်းနည်းပဲရတယ်။မီးသတ်ရောက်ပြီးတော့မှ သစ်ပင်ကိုဖြတ်ပြီး ထုတ်ရတာ ။ သေတာက ဦးလေး၊ ဒဏ်ရာရတာက တူပါ ။ အဲဒီကောင်လေးက မြောင်းမြကနေ ရန်ကုန်ကို မနေ့ကမှရောက်တာ ။ ဦးလေးဆီမှာ အလုပ်လုပ်ဖို့ဆိုပြီးရောက်လာတာ ။ ကားက မောင်းနေရင်း သစ်ပင်ကလဲကျပြီး ပိသွားတာ ။ အခုထိ ကောင်လေးက ဘာမှမေးမရသေးတော့ မိသားစုနဲ့လည်း အဆက်သွယ် မရသေး ဘူး ။ ” လို့ မြေပြင်ကူညီရေး လုပ်ခဲ့တဲ့ မေတ္တာအလင်း လူမှုကူညီရေး အသင်းဝင်က ပြောပါတယ် ။
လက်ရှိမှာ သေဆုံးသူရုပ်အလောင်း နဲ့ ထိခိုက်ဒဏ်ရာရရှိသူကောင်လေးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒဏ်ရာရတဲ့ကောင်လေးကိုတော့ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
အဆိုပါ ကားပေါ် သစ်ပင်လဲကျမှု ဖြစ်စဉ်မှ သေဆုံးသူနဲ့ ဒဏ်ရာရလူနာကို ကယ်ထုတ်မှုကို မီးသတ်ဦးစီးဌာန နဲ့အတူ လူမှုကူညီရေး အသင်းတွေက ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ကယ်ထုတ်မှုဖြစ်စဉ်က မိနစ် ၂၀ ကျော်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အနာဂတ်အလင်းတန်းလူမှုကူညီရေးအသင်း
