ပေကျင်း၊ စက်တင်ဘာ-၂၉-၂၀၂၅
ရတီ(VOM)
တရုတ် အာဏာရကွန်မြူနစ်ပါတီဟာ လာမယ့်ငါးနှစ်အတွင်း နိုင်ငံရဲ့ ဦးတည်ချက် အစီအစဉ်တွေချမှတ်ရေး ဆွေးနွေးရန်အတွက် အောက်တိုဘာလနှောင်းပိုင်းမှာ အဓိကအစည်းအဝေး တရပ်ကျင်းပမယ်လို့ နိုင်ငံပိုင်မီဒီယာက ဒီကနေ့မှာ ကြေညာပါတယ်။
ထိပ်သီးခေါင်းဆောင်တွေဟာ ဘေဂျင်းမြို့မှာ အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမယ့် ညီလာခံမှာ စုဝေးကြမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။ လာမယ့်နှစ်မှစတင်ပြီး ငါးနှစ်အတွက် ကြီးမားတဲ့ မူဝါဒပန်းတိုင်များချမှတ်မယ့် နိုင်ငံရဲ့ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို ဆွေးနွေး ချမှတ်ကြမှာ ဖြစ်ပါတယ်။
လက်ရှိလုပ်ဆောင်နေတဲ့ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းစတင်ချိန်မှစပြီး စီးပွားရေး နှေးကွေးမှု ၊ လူငယ်အလုပ်လက်မဲ့မြင့်မားမှုနဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာမှုကို တရုတ်နိုင်ံငံ ရင်ဆိုင်နေရပါတယ်။
ပြည်တွင်းနဲ့ ပြည်ပအန္တရာယ်တွေနဲ့အတူ စိန်ခေါ်မှုတွေရှိနေတာကြောင့် လာမယ့် ငါးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးကို မျှတစွာ အလေးပေးဆောင်ရွက်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ဧပြီလမှာ ပြောကြားထားပါတယ်။
အိမ်ခြံမြေကဏ္ဍမှာ နှစ်ရှည်လများ ကြွေးမြီပြဿနာ၊ ပြည်တွင်းအသုံးစရိတ် ဆက်တိုက်ကျဆင်းနေမှု၊ အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ မြင့်တက်လာခြင်းက တရုတ်ခေါင်းဆောင်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှ တခုဖြစ်ပါတယ်။
သြဂုတ်လတွင် လူငယ်အလုပ်လက်မဲ့နှုန်း ၂၁ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ ဒါအပြင် တရားဝင်အချက်အလက်များအရ ထုတ်ကုန်နံ့ လက်လီရောင်းချမှုဟာ တနှစ်အတွင်း အနှေးဆုံးဖြစ်နေတယ်လို့ တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Ref:CNA
Photo:AFP
