မန္တလေး၊ ဇန်နဝါရီ – ၃၀- ၂၀၂၆
VOICE OF MYANMAR
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၇၁ လမ်း၊ ၂၇ လမ်း နဲ့ ၂၈ လမ်းကြားမှာရှိတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မန္တလေးတိုင်းရုံးမှာ ပါတီဝင်တွေစုပေါင်းပြီး ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုတဲ့အနေနဲ့ ထမနဲရောင်းပွဲတော်ကို ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ထမနဲ တဗူးကို ၂၅ ကျပ်သားပါဝင်ပြီးတော့ တဗူးကို ၈၀၀၀ ကျပ်နဲ့ရောင်းချပေးနေတာဖြစ်ပြီး ထမနဲဗူး အရေအတွက် ၅၀၀ ရောင်းချပေးမှာဖြစ် တယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မန္တလေးတိုင်းရုံး ကနေ သိရပါတယ်။
” မြန်မာ့ရိုးရာ စုပေါင်းထမနဲပွဲလို့ သတ်မှတ်ပါတယ်၊ အဓိက ကတော့ ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအတွက်ပါ၊ ၁၅ ကြိမ်ရှိပါပြီ၊ ရည်ရွယ်ချက်ကတော့ ထမနဲက မြန်မာ့ရု်းရာလုပ်ငန်းဖြစ်တယ်၊ ထမနဲတခုဖြစ်ဖို့ဆိုတာက စုပေါင်းလုပ်အားတွေ အများကြီးပါရတယ်၊ စည်းလုံးညီညွတ်မှုကို အကောင် အထည်ဖော်တဲ့အနေနဲ့ ရည်ရွယ်ပြီး နှစ်စဥ်နှစ်တိုင်း လုပ်တာဖြစ်တယ်” လို့ တစည ပါတီ မန္တလေးတိုင်း အတွင်းရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အဆိုပြုလွှာ တင်သွင်းခဲ့ပြီး တဦး က အသက် ကန့်သက်ချက်နဲ့ ပယ်ခံရတာကြောင့် ၈၉ ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ ကိုယ်စားလှယ်လောင်း ၈၉ ဦးထဲက အမျိုးသားလွှတ်တော်မှာ PR လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် FPTP ၂ ဦး နဲ့ တိုင်းဒေသကြီး PR ၆ ဦး စုစုပေါင်း ၁၁ ဦးကတော့ ရွေးကောက်ပွဲမှာ အောင်နိုင်ခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။
” မန္တလေးတိုင်ကတော့ မြို့ပြဖွံ့ဖြိုးမှုတွေကို အခြေခံပြီး အဓိကထားလုပ်ကြရမှာပါ၊ တိုင်းနဲ့ပတ်သက်ရင် လိုအပ်တာတွေအများကြီးရှိတာ ကျနော်တို့ သိပါတယ်၊ ဒါတွေကို စနစ်တကျပြင်ဆင်ပြီး ရနိုင်သလောက် စွမ်းနိုင်သမျှ မြို့ပြဖွံ့ဖြိုးရေး လုပ်ပါမယ်၊ အမျိုးသားလွှတ်တော်မှာ ပါမယ့်သူတွေကတော့ ပြည်သူအတွက် အကျိုးရှိမယ့် ဥပဒေတွေကို တင်ပြမယ်၊ ပြည်သူ့အတွက် အကျိုးမရှိမယ့် ဥပဒေတွေကို ပယ်ဖျက်ဖို့ ကျိုးစားတဲ့လုပ်ငန်းတွေ ဆောင်ရွက်မှာပါ၊ ကျနော်တို့မှာ လွှတ်တော်အထောက်အကူပြု ကော်မတီတွေရှိပါတယ်၊ ကော်မတီတွေကနေ လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်ကနေ ပံ့ပိုးပြီး လိုအပ်တာတွေ ကူညီဖို့ ကျိုးစားဆောင်ရွက်သွားပါမယ်” လို့ အတွင်းရေးမှူး ဦးခင်မောင်ဝင်းက VOM ကိုပြောပါတယ်။
ထမနဲရောင်းပွဲတော်ကို နှစ်စဥ်ကျင်းပ လာခဲ့တာဖြစ်ပြီး ဒီနှစ်ဆိုရင် ၁၅ ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
