ဖာပွန်ဗျူဟာကုန်း ဝန်းကျင်ကို KNLA က ပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

ဖေဖော်ဝါရီ ၁၁ – ၂၀၂၆
SS (VOM)
ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် အစိုးရတပ်ရဲ့ စစ်ဗျူဟာအခြေချ (စဗခ – ၁) ဝန်းကျင်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက လက်ရှိအချိန်အထိ ဝိုင်းဝန်း ပိတ်ဆို့ထားဆဲဖြစ်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
KNLA ပူးပေါင်း တပ်ဖွဲ့တွေဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ဖာပွန်ဗျူဟာကုန်းကို ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ရေး တကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိ တိုက်ပွဲ အခြေအနေကတော့ KNLA ဘက်က ထိုးစစ်အရှိန် မြှင့်ထားတယ်လို့ ပြောရမယ်။ အစိုးရတပ်ဘက်ကတော့ လေကြောင်းပစ်ကူနဲ့ တောင့်ခံထားတယ်။ တိုက်ပွဲက နေ့ရော၊ ညရော မနားတမ်းဖြစ်နေတာ။ နှစ်ဖက် အကျအဆုံးလည်း များတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ဖာပွန်မြို့နဲ့ ၄ မိုင်အကွာက အမှတ် (၁) စစ်ဗျူဟာ စခန်းကုန်းကို အစိုးရတပ်က လူအင်အားအကူ၊ ရိက္ခာအကူ အများအပြား ပို့ဆောင်နေတယ်ဆိုတဲ့ သတင်းကြောင့် KNLA ပူးပေါင်း တပ်ဖွဲ့တွေဟာ အစိုးရတပ်ရဲ့ စစ်ကူတွေ မ‌ရောက်မီနဲ့ အထိုင်မချခင် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ထိုးစစ်အရှိန် ထပ်မံမြှင့်တင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“KNLA တပ်တွေ မြေပြင်မှာ အရင်ဆုံး ရင်ဆိုင်နေရတာတော့ စဗခ (၁) ကို ဝန်းရံထားတဲ့ အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ တိုက်ကင်း၊ ကာကင်းတွေပါပဲ။ တိုက်ပွဲမှာ တချို့ ကာကင်းတွေကို သိမ်းပိုက်နိုင်ခဲ့တာ ရှိပေမယ့် လေကြောင်းကနေ တရစပ် ပစ်ခတ်တာတွေ ရှိနေလို့ ပြန်ပေးလိုက်ရတဲ့ စခန်းတွေလည်းရှိ‌တယ်” လို့ သူက ပြောပါတယ်။
မြေပြင်စစ်ရေး အခြေအနေအရ KNLA တပ်တွေဟာ ဗျူဟာကုန်းကိုတက်လာတဲ့ စစ်ကူနဲ့ ရိက္ခာလမ်းကြောင်း အားလုံးကို အခိုင်အမာ ဖြတ်တောက်ထားတဲ့အတွက် အစိုးရတပ်အနေနဲ့ စခန်းကုန်းမကျရေး လေကြောင်းပစ်ကူကိုသာ အဓိက အားကိုးနေရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ကမမောင်း၊ တံတားဦး (သဂေါ်ပလေ)၊ ကတိုင်တိ စတဲ့ နေရာအသီးသီးမှာ အထိုင်ချ တပ်စွဲထားတဲ့ အစိုးရတပ်ရဲ့ အခြေစိုက်စခန်းတွေနဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်း တပ်တွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
KNLA ပူးပေါင်းတပ်တွေဟာ ဖာပွန်မြို့အပါအဝင် အစိုးရတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ – ၄၃၄)၊ ခြေလျင်တပ်ရင်း (ခလရ – ၁၉) နဲ့ စစ်ဝတ်တန်ဆာ စုဆောင်းရေးဌာန (စစန – ၆၄၂) တပ်စခန်းအပြင် စခန်းကုန်းတချို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး ဗျူဟာကုန်းတခုသာ ကျန်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီ ဗျူဟာကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဗျူဟာကုန်းကို ရရှိပါက ဖာပွန်တမြို့လုံးကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဖာပွန်စစ်ဗျူဟာ စခန်းကုန်းမှာ အစိုးရတပ်ရဲ့ ခြေမြန်တပ်ရင်း (ခမရ – ၃၄၀၊ ၃၄၁) တပ်ရင်းနဲ့ တပ်မတော်ဆေးရုံ (တဆရ – ၂၁) တို့ အခြေချ တပ်စွဲထားတာဖြစ်ပြီး တပ်မဟာ (၅) နယ်မြေမှာ စစ်ရေးအရ အရေးပါတဲ့ စခန်းကြီးတခုဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW