ဧပြီ ၃ ၊ ၂၀၂၆
GG (VOM)
Taxi ယာဉ် ၊ သုံးဘီးယာဉ် နဲ့ ကုန်တင်ယာဥ်တွေကို မောင်းနှင်တဲ့ ခရီးအကွာအဝေးပေါ်လိုက်ပြီး စက်သုံးဆီရောင်းချပေးတဲ့ စနစ်ကို ဒီကနေ့ ဧပြီ ၃ ရက်မှာ စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
ခရီးမောင်းနှင်တဲ့အကွာအဝေးပေါ်လိုက်ပြီး ၅ ကီလိုကို စက်သုံးဆီ တလီတာနူန်း ရောင်းချပေးသွားမှာဖြစ်ပြီး ကီလိုကြည့်ရှု့မရတဲ့ ကားတွေအနေနဲ့ကတော့ ကီလိုမတက်ပါက နောက်တကြိမ် ဆီဖြည့်ခွင့် ရရှိမှာ မဟုတ်ဘူးလို့ စက်သုံးဆီ ဆိုင်တချို့က အသိပေးထားတာ တွေ့ရ ပါတယ်။
ခရီးအကွာအဝေးပေါ်လိုက်ပြီး ကီလိုမီတာသတ်မှတ်ကာ စက်သုံးဆီ ရောင်းချပေးမှာဆိုပေမယ့်လည်း တပတ်အတွက် ဆီထုတ်ယူနိုင်တဲ့ပမာဏကတော့ အရင်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ ဖြစ်တယ်လို့ ကနဦးသိရပါတယ်။
” ဒီနေ့ ဆီ ထည့်ခဲ့ပြီးပါပြီ ။ 92 စျေးအနည်းငယ်တက်တယ်။ ဆီပေးတာကတော့ အရင် အတိုင်းလီတာ ၉၀ ကို တပတ်သုံး ကြိမ်ပါပဲ ။ထူးခြား သွားတာက ကားကို ကီလို ဖတ်ပါတယ်။နောက်တခေါက်ထည့်ရင် ကီလို ဖတ်ပြီးမှ ပြန်ပေးပါမယ်။ ” လို့ ကားသမားတယောက်က ပြောပါတယ်။
မောင်းနှင်တဲ့ ခရီးအကွာအဝေးပေါ်လိုက်ပြီး ကီလိုသတ်မှတ်ပြီး စက်သုံးဆီ ရောင်းတဲ့စနစ်က ဆီခွဲတန်းကို တန်းစီထုတ်ယူပြီး ပြင်ပမှာ ဆီထုတ်ရောင်းချမှုတွေကို ထိန်းချုပ်ဖို့အတွက် ဝန်ကြီးဌာနက လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ Taxi ၊ ကုန်တင်ကား ၊ သုံးဘီးကား တွေကိုသာ ကီလိုသတ်မှတ်ပြီး ဆီရောင်းဖို့ သတ်မှတ်လိုက်တာဖြစ်ပေမယ့် စက်သုံးဆီ အရောင်းဆိုင်တွေကတော့ လိုက်ထရပ် ၊ ဟိုက်ဂျက်တွေကိုပါ ခရီးအကွားအဝေးပေါ်လိုက်ပြီး ဆီရောင်းချပေးမှာ ဖြစ်ကြောင်း အသိပေးထားတာတွေ့ရ ပါတယ်။
” ဒီကနေ့ ဆီသွားထုတ်တာ ကျွန်တော့်ကား ခွေးဘီလူး ဟိုက်ဂျက်ကို ကီလိုမှတ်လိုက်တယ်။ ကားက ကလေးကျောင်းပို့တာပဲ အဓိကသုံးပါတယ်။ အိမ်စီးနဲ့ လုပ်ငန်းသုံး ဘယ်လိုခွဲလဲမသိဘူး ။ဘာမှလည်း သေချာမသိရဘူး ။ လုပ်ငန်းသုံး မဟုတ်တဲ့ ဟိုက်ဂျက်ဆိုရင် ကီလိုသိပ်မတက်တော့ ဆီက သိပ်ရမယ့်ပုံမပေါ်ဘူး ။ ” လို့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ် ။
ခရီးအကွာအဝေးပေါ်လိုက်ပြီး ကီလိုသတ်မှတ်ကာ စက်သုံးဆီ ရောင်းချပေးတဲ့အစီအစဥ်က ဆီထုတ် မှောင်ခို ရောင်းချမှုကို လျှော့ချနိုင်မှာမှန်ပေမယ့် ကီလိုကြည့်မရတဲ့ ကားတွေအတွက်တော့ စက်သုံးဆီအခက်အခဲဖြစ်ပြီး အဆင်မပြေဘူးလို့ သိရပါတယ်။
” ကီလိုနဲ့တွက်ပြီးဆီပေးတာ ကိုယ့်ကားကတရုတ်ကားကို Probox အင်ဂျင်တင်ထားတော့ ကီလိုကမရ ပြင်ဖို့သွားမေးကြည့်တော့ စျေးက ၁၀ သိန်း ပတ်ဝန်းကျင် ရှိနေတယ်။ ကားပဲပြန်အပ်ရမလို ဖြစ်နေတယ်။ အခုချိန်ကားကလည်းရှာမရဘူး ။တချို့ကားကျတော့ ပြင်ဖို့ကို ခက်တဲ့အခြေအနေလည်းရှိတယ်။ ” လို့ အငှားယာဥ်မောင်းတယောက်က ပြောပါတယ် ။
ဒီနေ့မှာတော့ စက်သုံးဆီစျေးတွေကလည်း ထပ်မံမြင့်တက်လာပြီး ရန်ကုန်လက်လီစျေးက ၄၆၂၅ ကျပ်၊ မန္တလေးမှာ ၄၇၄၀ ကျပ် ၊နေပြည်တော်မှာ ၄၇၀၅ ကျပ် ရှိကြောင်း သတင်းထုတ်ထားပါတယ်။
စက်သုံးဆီ စျေးမြင့်တက်လာမှုနဲ့အတူ ဒီကနေ့မှာ စက်သုံးဆီ အရောင်းဆိုင်တချို့က အရောင်းပိတ်တာတွေရှိလာသလို ဆိုင်တချို့က အချိန်အကန့်အသတ်နဲ့ရောင်းချခြင်းရှိလာပြီး ဆိုင်တချို့မှာတော့ ဒီဇယ်ပြတ်လပ်ကြောင်း အသိပေးမှုရှိလာတယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
