ဇူလိုင် ၄ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်းအတွင်းက ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်မှာ မနေ့ ဇူလိုင် ၃ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဇူလိုင် ၃ရက် ညနေ ၅ နာရီခွဲဝန်းကျင်က ဖောင်းပြင်မြို့နယ် (မြောက်ပိုင်း)၊ တိုက်နယ် (၆)၊ နန်းစက်ရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မော်လိုက်မြို့နယ်၊ ဖဲကဇက်ကျေးရွာအုပ်စု၊ မနူနာကျေးရွာ အထက်ဘက်က ရိုးလာရွှေမှော်မှာလည်း မနေ့ ညနေ ၄ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးနဲ့ ဈေးဆိုင်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ရိုးလာရွှေမှော်က ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတာပါ။ လေကြောင်းတိုက်ခိုက်တာအပြင် စက်သေနတ်တွေနဲ့ပါ ပစ်တာ။ ဒါက ရွှေလာမှော်မှာ ပထမဆုံးဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုပါ။ တယောက် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရ သုံးယောက်မှာ နှစ်ယောက်က ပြင်းထန်အဆင့်ဖြစ်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရိုးလာရွှေမှော် လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အစိုးရတပ် စစ်ရေးသတင်းရင်းမြစ်တွေကတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့တွေ ရွှေတူးဖော်နေတဲ့နေရာကို လေကြာင်းနဲ့ ရှင်းလင်းခဲ့တာလို့ အသိပေးထားတာ တွေ့ရပါတယ်။
အဲဒီ မော်လိုက်မြို့နယ်မှာပဲ အိုးဘိုကျေးရွာအတွင်းက ဘုန်းကြီးကျောင်းမှာ မနေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ် မြောက်ခြမ်းမှာရှိတဲ့ တလိုင်း (ထီးလှိုင်) ကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှစ်ယောက် သေဆုံးကာ ဒဏ်ရာရသူ အများမပြား ရှိခဲ့တဲ့အပြင် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
