သူတို့အိမ် အခန်း (၁၆၄)

ဆူးငှက်

နိုင်ငံတကာက ဗဟုဝါဒအသံ
——————————

ထိုစဉ်ကာလ ပြည်တွင်း နိုင်ငံရေး အခြေအနေကလည်း သိပ်မကောင်းလှ။ အစိုးရတွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသော ကာလလည်း ဖြစ်၏။ နိုင်ငံခြားချေးငွေ များအောက် နစ်ကာ မရှူနိုင် မကယ်နိုင်ဖြစ်နေသည်။ နိုင်ငံခြားချေးငွေက ဒေါ်လာ ကုဋေ ၃၀၀လောက်ရှိနေပြီး ပို့ကုန် တန်ဖိုးအားလုံး၏ ၆၀ % က နိုင်ငံခြားကြွေး တိုးရင်းဆပ်ရငွေ ဖြစ်သွားသည်။ ထိုနှစ်တွင် အစိုးရလက်ထဲ၌ နိုင်ငံခြားသုံးငွေ အရံရွှေကလည်း ဒေါ်လာသန်း ၅၀ဖိုးလောက်ပဲ ကျန်တော့သည်တဲ့။ ပြည်တွင်း လှည့်လည် သုံးစွဲငွေကြေး ပမာဏသည်လည်း ၁၉၆၂ခုနှစ်က ကျပ်သန်းပေါင်း ၁၁၉၄.၂ ရှိရာက ၁၉၇၄ခုနှစ်တွင် ကျပ်သန်းပေါင်း ၃၅၇၇.၁ အထိ ဖြစ်လာပြီး ၁၉၈၅ခုနှစ်တွင် ကျပ်သန်းပေါင်း ၁၃၀၃၇.၁ အထိရှိလာသည်။ ကုန်ဈေးနှုန်းများမှာလည်း တက်သထက် တက်လာသည်။

နိုင်ငံတကာ အနေအထားကလည်း ကမ္ဘာ့အင်အားကြီး ၂နိုင်ငံအနက် ဆိုဗီယက်ပြည်ထောင်စုက အပြောင်းအလဲ တစ်ခုအတွက် တာစူနေသည်။ ပြုပြင်ရေး သမား ဂေါ်ဘာချော့ဗ် အာဏာရလာပြီး ဂလပ်စနော့ခေါ် ပွင့်လင်းဝါဒနှင့် ပီရက်ထရွိက်ကာ ခေါ် ပြုပြင် ပြောင်းလဲရေးဝါဒဆိုတာတွေ ပြောဆိုလာကြသည်။ မီဒီယာတွေကလည်း ဗဟုဝါဒတဲ့။ မြန်မာပြည်တွင် ထိုစဉ်က အစိုးရကို ဆန့်ကျင်သည့် အကြီးမားဆုံး အဖွဲ့အစည်းဖြစ်သော ဗမာပြည် ကွန်မြူနစ်ပါတီတွင် အဓိက အားထားရာဖြစ်သည့် တရုတ်ပြည်၏ နိုင်ငံရေးအပြောင်းအလဲအပေါ် သတိထား နေရသည့် ကာလ ဖြစ်သည်။

သို့သော် ထိုကာလဖြစ်သည့် ၁၉၈၅ခုနှစ်မှာပင် ဗမာပြည်ကွန်မြူနစ်ပါတီက တတိယအကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ကရက်ကို ကျင်းပခဲ့သည်။ ပါတီထူထောင်ခဲ့သည့် အချိန် ပထမကွန်ကရက်နှင့် ၁၉၄၅ခုနှစ်တွင် ဒုတိယအကြိမ် ကွန်ကရက်အပြီး နှစ် ၄၀ကျော်အကြာ ၁၉၈၅ခုနှစ် စက်တင်ဘာ ၉ရက်မှ အောက်တိုဘာ ၂ရက်အထိ ၂၄ရက်တိုင် တတိယအကြိမ်မြောက် ပြည်လုံးကျွတ် ကွန်ကရက်ကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုကွန်ကရက်မှ ဥက္ကဋ္ဌ သခင်ဗသိန်းတင် ဆက်လက်ဦးဆောင်သော ဗဟိုကော်မီတီဝင် ၂၉ဦးကိုလည်း တင်မြှောက်ခဲ့သည်။

၁၉၈၁ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကတည်းက ဗကပ ဥက္ကဋ္ဌ သခင်ဗသိန်းတင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က “ပါတီစုံ” ကို တရားဝင် အဆိုပြုခဲ့ရာ ထိုအဆိုပြုချက်ကို ဆွေးနွေးပွဲ ပျက်ခဲ့သော်လည်း ပြည်သူလူထုတစ်ရပ်လုံးအား ကြေညာချက်ထုတ်ပြန်ကာ အသိပေးရှင်းလင်းခဲ့သည်။

တကယ်တော့ ထိုအခြေအနေက နိုင်ငံတကာတွင် လတ်တလောပြောင်းလဲနေသော အခြေအနေများနှင့် ကိုက်ညီသည်။ အရှေ့ဥရောပရှိ တစ်ပါတီ အာဏာရှင် စံနစ် နိုင်ငံများလည်း ပါတီစုံစံနစ်ဟူသော အပြောင်းအလဲများဆီ အားသွန်နေကြချိန် မြန်မာပြည်အတွက် ဖြစ်သင့်နေသည့် ပါတီစုံစံနစ်ကို ဗကပ က ဦးစွာ ကြေညာလိုက်ခြင်း ဖြစ်သည်။ ထိုသို့ ပြည်ပအခြေအနေနှင့် ပြည်တွင်းက ငွေကြေူအကျပ်အတည်း အခြေအနေများတွင် အစိုးရက ထွက်ပေါက်အဖြစ် မကြံ မစည် အပ်သော လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်တော့သည်။

 

ငွေတစ်ရာတန်နှင့် နို့မှုန့်ဗူး
————————-

ထိုနေ့က ကျွန်တော်လည်း သားအတွက် နို့မှုန့်ဗူးလေး ကုန်နေသောကြောင့် ညမှာပင် တိုက်စရာ မရှိသောအခါ နေ့လယ် ၁နာရီကျော်ကျော်တွင် ၂၈လမ်းနှင့် ၇၇လမ်းထောင့်က စတိုးဆိုင်လေးသို့ နို့မှုန့်ဗူး သွားဝယ်သည်။ ထိုဆိုင်က ညီအစ်ကိုများမှာ ကျွန်တော့်ဆီ စာအုပ်လာငှားနေကျ ဖောက်သည်များဖြစ်၏။ ကျွန်တော်က စက်ဘီးပေါ်ကဆင်းပြီး နို့မှုန့်ဗူးဝယ်သည်။ ဆိုင်ရှင် အစ်ကိုအကြီးဆုံးက အိမ်ထဲတွင် ရေဒီယိုလေး ဖွင့်၍ နားထောင်နေရာက ဆိုင်ဘက်ထွက်လာသည်။ ကျွန်တော့်ကို ဝယ်နေကျ နို့မှုန့်ဗူးလေးပေးသည်။ ကျွန်တော်က သား၏ နို့မှုန့်ဗူးဖိုးအတွက် စုထားသော ၁၀၀ကျပ်တန်လေးကိုပေးသည်။ ဆိုင်ရှင်မိတ်ဆွေက ကျွန်တော့်ကို ပြုံးကြည့်ပြီး အစ်ကိုကတော့ လုပ်ပြီ။ သုံးမရတော့တဲ့ ပိုက်ဆံနဲ့ ဈေးလာဝယ်တာလားဗျ တဲ့။ ကျွန်တော်က သူ ဘာပြောတာမှန်းမသိ၊ သူ့ကို ပြူး၍ ကြည့်နေမိ၏။ သူက ကျွန်တော် ဘာမှမသိသေးတာ သေချာတော့ “ အစ်ကိုရေ..၊ တစ်ရာတန်နဲ့ ငါးဆယ်တန် ငွေစက္ကူတွေက သုံူလို့မရတော့ဘူးဗျ၊ ကြေညာသွားပြီ။ အစားပြန်လဲပေးမယ်လို့တော့ ပြောတာပဲဗျာ..၊ ဘာတွေမှန်း မသိတော့ပါဘူး” ဟု ခေါင်းကုပ်ရင်း ပြောပြသည်။

ကျွန်တော်လည်း အံ့အားသင့် သွားတော့သည်။ တကယ်တော့ တစ်ရာတန်ငွေစက္ကူက ၁၉၇၆ခုနှစ်က ထုတ်ဝေခဲ့ပြီး ငါးဆယ်တန် ငွေစက္ကူက ၁၉၇၉ခုနှစ်ကမှ အသစ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ အခု ၁၉၈၅ ခုနှစ် နိုဝင်ဘာ ၃ရက်မှာ ထိုငွေစက္ကူ ၂မျိုးစလုံး တရားမဝင်ပြန်ဘူးတဲ့။ ဘာမှ ကြိုတင်အသိပေးခြင်းမရှိဘဲ ကြေညာလိုက်တော့ ကျွန်တော့်မှာ သားအတွက် နို့မှုန့်ဗူးလေးကို ကြည့်ရင်း လက်ထဲက တစ်ရာတန်ကို ကိုင်ကာ အသက်ရှူ ရပ်မတတ် ဖြစ်သွားရတော့၏။

အိမ်မှာ ပိုက်ဆံများများမရှိပါ
—————————-

အိမ်မှာက ပိုက်ဆံ များများစားစားမရှိပါ။ တစ်နေ့လုပ်တစ်နေ့စားမို့ တရားမဝင်ကြေညာခံရသည့် ၅၀တန်၊ ၁၀၀တန်က အထပ်လိုက် အစည်းလိုက်မရှိ။ မမခင်ရီတို့ ကန်တော့ထားလို့ အဘထဲမှာ ၄ရွက် ၅ရွက်လောက်ပဲ ရှိမည်။ ထို့ကြောင့် ပြန်လဲရမည့် အချိန်ထိပင် မစောင့်တော့ဘဲ ရသည့်ဈေးနှင့် ပြန်ရောင်းလိုက်သည်။ ကျွန်တော်ကတော့ ဖယ်ထားသည့်ထဲက ၃ရွက်လောက်ပဲ ပါမည်။ ဒါလည်း ရောင်းလိုက်ပါသည်။ မည်သို့ဆိုစေ ပြည်တွင်းမှာတော့ ဒီဂယက်က တော်တော်ကြီးသည်။ ပြန်လဲပေးရာတွင်လည်း အကန့် အသတ်တွေနှင့်မို့ ကသီလင်တတော့ ဖြစ်ကြသည်။

ထိုစဉ်ကာလ ကျွန်တော်က ဆောင်းပါးလေးတွေ အရေးစိပ်လာသည်။ ကျွန်တော်ရေးသမျှကလည်း အကတွေ သဘင်တွေဆိုတော့ ကျွန်တော့်ကို တာရဲတန်းဗေဒ ကျွမ်းကျင်သူဟု ထင်ကြသည်။ တကယ်တော့ ကျွန်တော်က ဘာမှမဟုတ်၊ ဘာမှမသိ။ ၁၉၈၄မီးကြီးကြောင့် မန္တလေး၏ အချိုးအကွေ့များ၏ ရလာဒ်ဝေဒနာများကို ရေးဖွဲ့သော ဝတ္ထုတိုများကလည်း မဂ္ဂဇင်းအသီးသီတွင် ထင်ရှားကျော်ကြားလာသည်။ မဂ္ဂဇင်းတိုင်းက မန္တလေးဝတ္ထုတိုများကို တကူးတကန့်တောင်းကာ နေရာပေးလာကြသည်။ မီးဘေးသင့်သွားသော ရုံတော်ကြီးက နဂါးကမ္ဘာလုံးဆေးတိုက် ရှေ့ ဆင်ဝင်အောက်မှာ ကဗျာဆရာ ကိုငယ် (ကျောက်ဆည်) က ရွှေအိန္ဒြေ အမည်ဖြင့် စာအုပ်ဆိုင်ဖွင့်၏။ ထိုဆိုင်လေးတွင် မနက်လင်းသည်နှင့် မန္တလေး ဝတ္ထုတိုဆရာတွေ ရောက်လာကြသည်။ ကျွန်တော်က ထိုဝတ္ထုတိုဆရာတွေကို မြင်ဖူးချင် တာနှင့် အလုပ်ရုံက ၁၂နာရီ ထမင်းစားနားလျှင် ရုံတော်ကြီးက နဂွးကမ္ဘာလုံးတိုက်ရှေ့ ရစ်သီရစ်သီ လုပ်နေတော့သည်။

ကိုငယ်(ကျောက်ဆည်) ဆိုင်သို့ လာသော စာရေးဆရာများထဲက ကျွန်တော့်ကို မျက်မှန်းတန်းမိ နေသည့် ဆရာညီပုလေးနှင့် ဆရာသိုက်ထွန်းသက်ကို မြင်လျှင် ကျွန်တော်က သူတို့နား ခပ်လှမ်းလှမ်းမှာ ဝင်ထိုင်သည်။ သူတို့ပြောသော စကားတွေကို နားစိုက်ထောင်သည်။ ထိုသို့ နားထောင်နေရာမှ အတန်ကြာလျှင် ဆရာသိုက်က ကျွန်တော့်ကို အားနာပြီး စကားလှမ်းပြောတတ်သည်။ သူကလည်း ကျွန်တော့်ကို တာရဲတန်းဗေဒ ကျွမ်းကျင်သူဟု ထင်မှတ်ကာ “မြောက်ပြင် ၁၅လမ်း ထီးရိုးဝင်းရုံမှာ မြို့တော်အင်အားသစ်က ဘယ်တော့ ဝင်မှာလဲဗျ” ဟု လှမ်းမေးတတ်၏။ တကယ်တော့ ကျွန်တော် ဘာမှမသိ။ ထိုစဉ်ကာလမှာပင် သဘင်မဂ္ဂဇင်းသို့ ပေးပို့ထားကာ နှစ်ချီကြာနေသည့် စာမူတစ်ပုဒ်က ပါလာပြန်တော့ ကျွန်တော့်ကို တာရဲတန်းဗေဒကျွမ်းကျင်သူဆိုတာ ပို၍ ယုံမှတ်ကြတော့သည်။ စာမူက ပြဇာတ်စာမူ ဖြစ်ပြီး ပြဇာတ်နံမည်က “သရေခေတ္တရာ ပျူနိုင်ငံတော် ဂီတ” တဲ့။

 

ပျူဂီတက သီချင်းခေါင်းစဉ်တွေ
————————–

တကယ်တော့ ကျွန်တော်က ပျူကို စိတ်ဝင်စားသည်မှာ ရှုမဝမဂ္ဂဇင်းတွင် ဖတ်ရှုခဲ့ရသော ဆရာမြသန်းတင့်၏ အခန်းဆက်ခရီးသွားဆောင်းပါးတွင် ဆရာ K (ဆရာဦးခင်ဇော်) ၏ ဂီတသုတေသန စာတမ်း အကြောင်း ဖော်ပြပြီး ထိုစာတမ်းတွင် ပါရှိသည့် ပျူဂီတအဖွဲ့ ကဏ္ဍတွင် တရုတ်ပြည် ထန်မင်းဆက် နန်းတော်တွင် ပျူတို့ သီဆိုကပြခဲ့သည့် သီချင်း ၁၂ပုဒ်နံမည်ကိုလည်း ဖတ်ရှုရသောအခါ အံသြသွားခဲ့၏။ ဘာတဲ့၊ “နဂါးခေါင်းတပ် စောင်းတစ်လက်” ၊ “ဗုဒ္ဓ၏ တံဆိပ်တော်” တဲ့၊ “သောကများကို ဆေးကြောခြင်း”တဲ့၊ “သာလပန်းပွင့်အား ချီးကျူးခြင်း”တဲ့၊ “ချိုးဖြူ” တဲ့။ ထိုနံမည်များနှင့် ပင် ပျူဂီတကို စိတ်ဝင်စားသွားသည်။ ထို့ကြောင့် ပညာပဒေသာနှင့် မြန်မာနိုင်ငံသုတေသနအသင်းက ထုတ်ဝေသည့် သုတေသနစာစောင်များကို ရှာဖွေကာ ဆရာဦးရည်စိန်၊ ကိုမောင်မောင်ကြီး စသူတို့၏ ပျူဂီတနှင့် ဆက်ဆိုင်သော ဆောင်းပါးများကိုလည်း ဖတ်ရှုဖြစ်သည်။

၁၉၇၄ ခု၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်ပညာပဒေသာစာစောင်တွင် ပါရှိသော ကိုမောင်မောင်ကြီး၏ ‘သရေခေတ္တရာပျူဂီတ လေ့လာချက်’ စာတမ်းနှင့် ၁၉၇၆ ခုနှစ် မတ်လထုတ် မိုးဝေမဂ္ဂဇင်းပါ စာရေးဆရာတင်ထွဋ၏ “ပျူနိုင်ငံတော်ဂီတ” ဘာသာပြန်ဝတ္ထုတို့ကို လေ့လာဖတ်ရှုရာမှ ယခု ပြဇာတ်ကို ရေးသားဖြစ်သည်။ သို့သော် ဘယ်မဂ္ဂဇင်းမှ မပို့ဖြစ်ခဲ့ပေ။ ဆရာချင်းတွင်းချစ်သွေးက စာမူများကို တွေ့ပြီး ဆရာချစ်ဦးညိုထံ ပို့လိုက်ရာ ယခုပြဇာတ်စာမူက သဘင်မဂ္ဂဇင်း အယ်ဒီတာစာပွဲတွင် နှစ်ချီ သောင်တင်နေရာမှ ၁၉၈၆ခုနှစ် ဓပြီလထုတ်တွင် ပုံနှိပ်ဖော်ပြခဲ့သည်။ အခြားမဂ္ဂဇင်းများတွင် ပါရှိသော ဆောင်းပါးများက ဆန်းကျော်မောင် ဖြစ်နေသော်လည်း ထိုပြဇာတ်က ကနဦးရေးခဲ့ ရွေးခဲ့သည့် စာမူမို့ မောင်ကျော်ဆန်း(မန်းရတနာပုံမြေ) ပဲ ဖြစ်နေသည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW