ကျာဖျန့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၁၉၂ ဦး “ဝ” တပ်ဖွဲ့က ဖမ်းဆီး ပြီး တရုတ်ဘက်ကို လွှဲပြောင်း

ဇူလိုင် ၈၊ ၂၀၂၆
NN(VOM)
“ဝ”တပ်ဖွဲ့ တရားရေးကော်မတီက ဒေသအတွင်းဆောင်ရွက်ခဲ့တဲ့ အထူး စစ်ဆင်ရေးအတွင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၁၉၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေထံ ကိုမနေ့က လွှဲပြောင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူ ၁၉၂ ယောက်ထဲက ၁၃၂ ယောက်ကို “ဝ”တပ်ဖွဲ့ တရားရေး ကော်မတီရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး အထူးအဖွဲ့က သီးခြား ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ကျန် အယောက် ၆၀ ကိုတော့ “ဝ”တရားရေးကော်မတီနဲ့ တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ဒေသ တစ်ခုလုံး အတိုင်အတာနဲ့ ဖမ်းမိတာဖြစ်ပါတယ်။ ဆက်ပြီးတော့ လည်း ဖမ်းဖို့ရှိတယ်” လို့ “ဝ” တပ်ဖွဲ့တာဝန်ရှိသူ တယောက်ကပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အခြားဒေသတွေမှာ လိမ်လည်မှုဂိုဏ်းတွေကို နှိမ်နင်း ရှင်းလင်းနေတာကြောင့် “ဝ” ဒေသထဲကို တရားမဝင် ဝင်ရောက် ထွက်ပြေး လာသူတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလူတွေဟာ “ဝ” ဒေသထဲမှာ လိမ်လည်ရေးစခန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးပမ်းနေသူတွေ ဖြစ်တယ်လို့ “ဝ”တပ်ဖွဲ့ကဆိုပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ သူတို့နဲ့ဆက်စပ်တဲ့ ပစ္စည်းအားလုံးကို မုန်အာ နယ်စပ် ဂိတ်ကနေတစ်ဆင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေ ထံကို မနေ့က လွှဲပြောင်းခဲ့တယ်လို့ သိရပါတယ်။
“ဝ” တပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တရုတ်အစိုးရက ဖမ်းဝရမ်း ထုတ်ထားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား နှစ်ဦးအပါအဝင် တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို တရုတ်အစိုးရဆီကို လွှဲ ပြောင်း ပေးခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW