အိန္ဒိယကွန်ဂရက်ပါတီနှင့် နေရူး-ဂန္ဓီ မျိုးဆက်

MT(VOM)
​အိန္ဒိယနိုင်ငံရေး သမိုင်းကို ပြန်ကြည့်ရင် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီ (Indian National Congress) ဆိုတဲ့ နာမည်ကြီး အဖွဲ့အစည်းကြီးကို ချန်ထားခဲ့လို့ လုံးဝမရပါဘူး။ ဗြိတိသျှ ကိုလိုနီခေတ်မှာ သန္ဓေတည်ခဲ့ရာကနေ ဒီနေ့အထိ အိန္ဒိယနိုင်ငံရဲ့ ကံကြမ္မာကို ချယ်လှယ်ခဲ့တဲ့၊ နေရူး-ဂန္ဓီ မျိုးဆက် နဲ့ ကွန်ဂရက်ပါတီ အကြောင်း တစေ့တစောင်း တင်ပြပေးပါမယ်။
( ဒီနေရာမှာ နေရူး-ဂန္ဓီ မျိုးဆက်ဆိုတာကို တင်ကူး ရှင်းထားပါရစေ။ နေရူးရဲ့ သမီး အင်ဒီယာ ဂန္ဓီ ရဲ့ အမည် ထဲက ဂန္ဓီ ပါ။ အင်ဒီယာ ဂန္ဓီ (Indira Gandhi) ဟာ မဟတ္တမ ဂန္ဓီ (Mahatma Gandhi) ရဲ့ နာမည်ကို ယူထားတာမဟုတ်ပါဘူး။
​သူမရဲ့ မူလနာမည်အရင်းက အင်ဒီယာ နေရူး (Indira Nehru) ပါ။ အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဂျဝါဟာလာနေရူး (Jawaharlal Nehru) ရဲ့ သမီးအရင်း ဖြစ်ပါတယ်။
​သူမရဲ့ နာမည်မှာ “ဂန္ဓီ” ဆိုတဲ့ မျိုးရိုးနာမည် ပါလာတာကတော့ အိမ်ထောင်ပြုလိုက်လို့ ဖြစ်ပါတယ်။
​အင်ဒီယာဟာ ၁၉၄၂ ခုနှစ်မှာ ဖာရိုးဇ် ဂန္ဓီ (Feroze Gandhi) ဆိုတဲ့ အမျိုးသားနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။​ဖာရိုးဇ် ဂန္ဓီ ကလည်း မဟာတမ ဂန္ဓီနဲ့ ဆွေမျိုး တော်စပ်သူ မဟုတ်ပါဘူး။ ဖာရိုးဇ်ရဲ့ မူလမျိုးရိုးနာမည်က “Ghandy” (ပါရစီမျိုးရိုး) ဖြစ်ပေမဲ့ မဟတ္တမ ဂန္ဓီကို အရမ်းလေးစားတာကြောင့်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ဂုဏ်ပြုချင်တာကြောင့်ပါ စာလုံးပေါင်းကို “Gandhi” လို့ ပြောင်းလဲရေးသားခဲ့တာ ဖြစ်ပါတယ်။
​အိန္ဒိယ ယဉ်ကျေးမှုအရ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုရင် ခင်ပွန်းဖြစ်သူရဲ့ မျိုးရိုးနာမည်ကို ယူလေ့ရှိတာကြောင့် အင်ဒီယာ နဲရူး ကနေ အင်ဒီယာ ဂန္ဓီ ဖြစ်လာခဲ့တာပါ။)
ကွန်ဂရက်ပါတီရဲ့ မူလအစမူလပြောမယ့်အကြောင်းအရာဖြစ်တဲ့ အိန္ဒိယအမျိုးသားကွန်ဂရက် ဆီပြန်သွားရအောင်။
​​အံ့သြစရာကောင်းတာက အိန္ဒိယအမျိုးသားရေး စိတ်ဓာတ်တွေရဲ့ မီးရှူးတန်ဆောင် ဖြစ်လာမယ့် ကွန်ဂရက်ပါတီကို စတင်သန္ဓေတည်ပေးခဲ့သူဟာ အိန္ဒိယလူမျိုး မဟုတ်ပါဘူး။ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှ အုပ်ချုပ်ရေးအရာရှိဟောင်း အလန် အိုတားဗီးယန်း ဟူးမ် (A.O. Hume) ဆိုသူက စတင်တည်ထောင်ခဲ့တာပါ။
​မူလရည်ရွယ်ချက်ကတော့ ဗြိတိသျှအစိုးရနဲ့ အိန္ဒိယပညာတတ် လူတန်းစားကြားမှာ ပေါင်းကူးတံတားတစ်ခု လုပ်ဖို့၊ အိန္ဒိယတွေရဲ့ မကျေနပ်ချက်တွေကို ဆန့်ကျင်ဘက် တော်လှန်ရေးအသွင် မရောက်ဘဲ စကားပြောပွဲတွေကနေတစ်ဆင့် ထွက်ပေါက်ပေးထားဖို့ (Safety Valve) ဖြစ်ပါတယ်။ ဒါပေမဲ့ သမိုင်းရဲ့ လှည့်ကွက်ကတော့ ဒီ စကားပြောပွဲအသင်းလေးဟာ နောက်ပိုင်းမှာ ဗြိတိသျှအင်ပါယာကြီးကို အမြစ်ကနေ လှုပ်ခါပစ်မယ့် အမျိုးသားလွတ်မြောက်ရေး တပ်ဦးကြီး ဖြစ်လာခဲ့တာပါပဲ။
ပတေးလ် နှင့် နေရူး
​၁၉၄၇ လွတ်လပ်ရေးရခါနီးမှာ ကွန်ဂရက်ပါတီအတွင်း ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာမယ့်သူကို ရွေးချယ်ဖို့ ပူပူနွေးနွေး ပြိုင်ဆိုင်မှုကြီး ဖြစ်ခဲ့ပါတယ်။
​ပါတီအတွင်းမှာတော့ ဆာဒါ ဗဲလပ်ဘိုင် ပတေးလ် (Sardar Vallabhbhai Patel) က ပိုပြီး အခြေခိုင်ပါတယ်။ သူဟာ မြေပြင်က ပါတီကော်မတီအများစုရဲ့ ထောက်ခံမှုကို ရရှိထားသူ၊ လက်တွေ့ကျသူ၊ ပြတ်သားသူဖြစ်ပြီး အိန္ဒိယပြည်နယ်ပေါင်းများစွာကို စည်းလုံးအောင် စုစည်းပေးခဲ့တဲ့ “သံမဏိအမျိုးသား” ဖြစ်ပါတယ်။ ဂျဝါဟာလာ နေရူး (Jawaharlal Nehru) ကတော့ မြင့်မားတဲ့ ပညာအရည်အချင်း၊ မြင့်မားတဲ့ အယူအဆနဲ့ ပြည်သူလူထုအကြား ရေပန်းစားသူ၊ ဆိုရှယ်လစ် အယူအဆရှိသူ ဖြစ်ပါတယ်။
​ပါတီကော်မတီအများစုက ပတေးလ်ကို ဝန်ကြီးချုပ်အဖြစ် လိုလားခဲ့ကြပေမဲ့ မဟတ္တမ ဂန္ဓီ က နေရူးကို ပိုပြီး သဘောကျခဲ့ပါတယ်။ ဂန္ဓီက နေရူးရဲ့ နိုင်ငံတကာအမြင်နဲ့ ပြည်သူတွေကြား သြဇာကို ပိုသဘောကျသလို၊ ပတေးလ်ထက် အသက်ငယ်သူမို့ အနာဂတ်အတွက် နေရူးကို တိုင်းပြည်ခေါင်းဆောင် ဖြစ်စေချင်ခဲ့ပါတယ်။ ဂန္ဓီရဲ့ မေတ္တာရပ်ခံမှုကြောင့် ပတေးလ်ဟာ ကြီးမားတဲ့ သဘောထားကြီးမှုနဲ့အတူ ဝန်ကြီးချုပ်နေရာကို နေရူးထံ လွှဲပေးခဲ့ပြီး သူကတော့ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် တိုင်းပြည်ကို စည်းလုံးအောင် နောက်ကွယ်ကနေ သက်စွန့်ဆံဖျား ပံ့ပိုးပေးခဲ့ပါတယ်။ ​ဒီနေရာမှာ နေရူးမျိုးဆက်၏ အာဏာစက် အစပြုခဲ့တာ ဖြစ်ပါတယ်။
နေရူးမိသားစု၏ အာဏာစက်နှင့် ကွန်ဂရက်ပါတီ
​နေရူးဟာ ၁၉၄၇ ကနေ ၁၉၆၄ ကွယ်လွန်ချိန်အထိ အိန္ဒိယကို ၁၇ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ ကွန်ဂရက်ပါတီဆိုတာ နေရူး၊ နေရူးဆိုတာ ကွန်ဂရက်ပါတီ ဖြစ်လာခဲ့ပါတယ်။ နေရူးရဲ့ သြဇာဟာ ပါတီရဲ့ စည်းမျဉ်းတွေထက် ပိုမိုကြီးမားခဲ့ပြီး ကွန်ဂရက်ပါတီကို မိသားစုနိုင်ငံရေး (Dynastic Politics) ဆီသို့ ရှေးရှုစေမယ့် အုတ်မြစ်ကို စတင်ချမှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
တပ်ရှ်ကင့်မှာ ဆန်းကြယ်စွာ ကွယ်လွန်ခဲ့ရသော ဝန်ကြီးချုပ် ​၁၉၆၄ မှာ နေရူး ကွယ်လွန်သွားတဲ့အခါ ပါတီအတွင်း အာဏာလုပွဲ မဖြစ်အောင် လာလ် ဗဟာဒူး ရှာစထရီ (Lal Bahadur Shastri) ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ ရှာစထရီဟာ ရိုးသားပြီး သတ္တိရှိသူ၊ ၁၉၆၅ ပါကစ္စတန်-အိန္ဒိယ စစ်ပွဲမှာ အိန္ဒိယကို အောင်မြင်အောင် ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။
​ဒါပေမဲ့ သမိုင်းရဲ့ ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခုက ၁၉၆၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ပါကစ္စတန်နဲ့ ငြိမ်းချမ်းရေးစာချုပ် (Tashkent Declaration) လက်မှတ်ရေးထိုးဖို့ ဆိုဗီယက်ယူနီယံ (ယခု ဥဇဘက်ကိစ္စတန်) က တပ်ရှ်ကင့် (Tashkent) မြို့ကို ရောက်နေစဉ်၊ စာချုပ်လက်မှတ်ထိုးပြီး နာရီပိုင်းအလိုမှာပဲ ရှာစထရီဟာ ဆန်းကြယ်စွာ ကွယ်လွန်သွားခဲ့ပါတယ်။
​အစိုးရက နှလုံးရပ်ပြီး သေဆုံးတာလို့ ထုတ်ပြန်ခဲ့ပေမဲ့ သူ့ရဲ့ ရုပ်ကလပ်မှာ အပြာရောင်အကွက်တွေ၊ ခွဲစိတ်ဒဏ်ရာတွေ တွေ့ရတာကြောင့် အဆိပ်ခတ်ခံရတာပါဆိုပြီး ဒီနေ့အထိ ပုစ္ဆာဆန်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ဒီဆန်းကြယ်တဲ့ ကွယ်လွန်မှုဟာ နေရူးရဲ့ သမီးဖြစ်သူ အင်ဒီယာ ဂန္ဓီ အာဏာစင်မြင့်ပေါ် ရောက်ရှိလာဖို့ လမ်းစပွင့်သွားစေခဲ့ပါတယ်။
အင်ဒီယာ ဂန္ဓီ – သံမဏိအမျိုးသမီး
​အင်ဒီယာ ဂန္ဓီ (Indira Gandhi) အာဏာရလာချိန်မှာ ပါတီတွင်း သက်ကြီးဝါကြီး ခေါင်းဆောင်တွေက သူ့ကို “ရုပ်သေး” သဖွယ် ကြိုးကိုင်လို့ရမယ်လို့ ထင်ခဲ့ကြပါတယ်။ ပထမတော့ သူ့ကို “Gungi Gudiya” (စကားမပြောတတ်တဲ့ အရုပ်မ) လို့တောင် လှောင်ပြောင်ခဲ့ကြသေးတာပါ။
​ဒါပေမဲ့ အင်ဒီယာဟာ ရုပ်သေးမဟုတ်ခဲ့ပါဘူး။ သူမဟာ ပါတီတွင်း ဝါရင့်တွေကို အပြတ်ရှင်းခဲ့ပြီး ပါတီကို နှစ်ခြမ်းခွဲပစ်ခဲ့ပါတယ်။ ၁၉၇၁ ပါကစ္စတန်နဲ့ စစ်ပွဲမှာ ဘင်္ဂလားဒေ့ရှ်ကို လွတ်လပ်ရေးရအောင် ကူညီပေးခဲ့လို့ ပြည်သူတွေကြားမှာ “ဒေဝီ မာတာ” (မယ်တော်) အဖြစ် ကိုးကွယ်ခံခဲ့ရပါတယ်။
​ဒါပေမဲ့ အာဏာကို လက်ဝါးကြီးအုပ်ချင်တဲ့ သူမရဲ့ စိတ်ဓာတ်ကြောင့် ၁၉၇၅ မှာ အရေးပေါ်အခြေအနေ (Emergency) ကြေညာခဲ့ပြီး အတိုက်အခံတွေကို ထောင်သွင်းအကျဉ်းချ၊ သတင်းလွတ်လပ်ခွင့်တွေကို ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုနဲ့ အိန္ဒိယရဲ့ ဒီမိုကရေစီဟာ အမှောင်အတိ ကျရောက်ခဲ့ရပါတယ်။
ဆန်ဂျေး ဂန္ဓီ – နောက်ကွယ်က အာဏာရှင်
​အရေးပေါ်အခြေအနေ ကာလအတွင်း အင်ဒီယာရဲ့ သားငယ် ဆန်ဂျေး ဂန္ဓီ (Sanjay Gandhi) ဟာ တရားဝင် ရာထူးမရှိဘဲ နိုင်ငံတော်ရဲ့ ဒုတိယအာဏာအရှိဆုံးသူ ဖြစ်လာခဲ့ပါတယ်။ ဆန်ဂျေးဟာ ထက်မြက်ပေမဲ့ အလွန်တရာ အစွန်းရောက်ပြီး ရာဇဝင်တွင်တဲ့ အမှားတွေကို ကျူးလွန်ခဲ့ပါတယ်။
​အတင်းအဓမ္မ သားကြောဖြတ်ခြင်း – လူဦးရေ ထိန်းချုပ်ဖို့ဆိုပြီး ဆင်းရဲသား သန်းပေါင်းများစွာကို အတင်းအဓမ္မ သားကြောဖြတ်ခိုင်းခဲ့ပါတယ်။
ဒေလီက ဆင်းရဲသား ရပ်ကွက်တွေကို အကြောင်းပြချက် မရှိဘဲ ဘူဒိုးဇာတွေနဲ့ ထိန်းမနိုင်သိမ်းမရ ဖြိုဖျက်ခဲ့ပါတယ်။
​ဆန်ဂျေးရဲ့ ခေါင်းမာမှု၊ တရားဥပဒေမဲ့ ပြုမူမှုတွေဟာ ကွန်ဂရက်ပါတီအပေါ် ပြည်သူတွေ အလွန်အမင်း ရောဂါရစေခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ဆန်ဂျေးဟာ လေယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့ပေမဲ့ သူ့ရဲ့ ရေးခြစ်ခဲ့တဲ့ သမိုင်းအမဲစက်တွေကတော့ ကျန်ရစ်ခဲ့ပါတယ်။
​Emergency အလွန် – အရှက်တကွဲ ရွေးကောက်ပွဲ
​၁၉၇၇ ခုနှစ်မှာ အင်ဒီယာ ဂန္ဓီဟာ တိုင်းပြည်ကို သူမ ထိန်းချုပ်ထားနိုင်ပြီ၊ ပြည်သူတွေဟာ သူမရဲ့ အရေးပေါ်အခြေအနေ အမိန့်တွေကို ကြောက်ရွံ့နာခံနေပြီလို့ အထင်ရောက်ကာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ သူမနိုင်ငံရေးသက်တမ်းမှာ အကြီးမားဆုံး တွက်ချက်မှု မှားယွင်းခြင်းပါပဲ။
​ဆန်ဂျေး ဂန္ဓီရဲ့ ရက်စက်လှတဲ့ အတင်းအဓမ္မ သားကြောဖြတ်မှုတွေ၊ ပြည်သူ့အခွင့်အရေး ပိတ်ပင်မှုတွေ၊ ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချမှုတွေကြောင့် အိန္ဒိယပြည်သူတွေရဲ့ ရင်ထဲမှာ ဒေါသ မီးတောက်တွေ တောက်လောင်နေခဲ့တာကို သူမ မသိခဲ့ပါဘူး။ အတိုက်အခံတွေဟာ ဂျေပရာကသ် နာရာယန် (Jayaprakash Narayan) နဲ့ မိုရာဂျီ ဒေဆိုင်း (Morarji Desai) တို့၏ ဦးဆောင်မှုအောက်မှာ ဇာနတာပါတီ (Janata Party) အဖြစ် စုစည်းခဲ့ကြပါတယ်။
​၁၉၇၇ ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာတဲ့အခါမှာတော့ ကွန်ဂရက်ပါတီဟာ အိန္ဒိယလွတ်လပ်ရေးရပြီး ၃၀ အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရပါတယ်။ အင်ဒီယာ ဂန္ဓီ ကော၊ သားဖြစ်သူ ဆန်ဂျေး ဂန္ဓီ ပါ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေတွေမှာတင် ပြိုင်ဘက်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ကြပါတယ်။ ဒါဟာ နေရူး-ဂန္ဓီ မျိုးဆက်အတွက်ရော၊ ကွန်ဂရက်ပါတီအတွက်ပါ စာမျက်နှာသစ်တစ်ခေတ်ကို လှန်လိုက်ရတဲ့ အကြီးမားဆုံး ကျဆုံးမှုကြီး ဖြစ်ခဲ့ပါတယ်။
အင်ဒီယာ၏ ကျဆုံးခန်း
​ရွေးကောက်ပွဲမှာ ရှုံးပြီးနောက်ပိုင်း ဇာနတာပါတီ အစိုးရရဲ့ အချင်းချင်း ညီညွတ်မှုမရှိဘဲ ပြိုကွဲမှုတွေကြောင့် ၁၉၈၀ မှာ အင်ဒီယာဟာ အာဏာဆီ ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ၁၉၈၄ ခုနှစ်မှာတော့ သူမဟာ ဆစ်ခ် (Sikh) ဘာသာဝင်တွေရဲ့ ရွှေကျောင်းတော်ကြီးကို စစ်တပ်နဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ “Operation Blue Star” စစ်ဆင်ရေးကို အမိန့်ပေးခဲ့ပါတယ်။
​ဒီလုပ်ရပ်ဟာ ဆစ်ခ်လူမျိုးတွေရဲ့ ဒေါသကို အကြီးအကျယ် ဆွပေးလိုက်သလို ဖြစ်သွားခဲ့ပြီး ၁၉၈၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ အင်ဒီယာ ဂန္ဓီဟာ သူ့ရဲ့ ကိုယ်ရံတော် ဆစ်ခ်အမျိုးသားနှစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အသက်ပျောက်ခဲ့ရပါတယ်။ နေရူးမျိုးဆက်ရဲ့ သံမဏိအမျိုးသမီးတစ်ဦးရဲ့ နိဂုံးဟာ အသွေးနဲ့ အသား၊ နာကြည်းမှုတွေနဲ့ အဆုံးသတ်ခဲ့ရတာပါ။
ရာဂျစ်ဗ် ဂန္ဓီ နှင့် BJP ပါ့ဂျ်ဗာယီး တစ်ခေတ်
​အင်ဒီယာ ကွယ်လွန်ပြီးနောက် စာနာစိတ်တွေကြောင့် သားဖြစ်သူ ရာဂျစ်ဗ် ဂန္ဓီ (Rajiv Gandhi) ကွန်ဂရက်ပါတီကို ဦးဆောင်ပြီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ နည်းပညာနဲ့ ကွန်ပျူတာခေတ်ကို အိန္ဒိယဆီ ယူဆောင်လာပေးခဲ့ပေမဲ့ ၁၉၉၁ မှာတော့ အယ်လ်တီတီအီး (LTTE) တမီးလ်ကျား အကြမ်းဖက်အဖွဲ့ရဲ့ ဗုံးခွဲလုပ်ကြံမှုကြောင့် ရာဂျစ်ဗ်ပါ ထပ်မံကွယ်လွန်ခဲ့ရပါတယ်။
​ဒီလိုနဲ့ နေရူး-ဂန္ဓီ မျိုးဆက်ရဲ့ အရှိန်အဝါ မှေးမှိန်လာချိန်၊ ကွန်ဂရက်ရဲ့ ခေါင်းဆောင်မှု အားနည်းချိန်မှာ ဟိန္ဒူအမျိုးသားရေးဝါဒီ ပါတီဖြစ်တဲ့ BJP (Bharatiya Janata Party) အရှိန်ဟုန်မပျက် ထွက်ပေါ်လာခဲ့ပါတယ်။ ​BJP ရဲ့ ပထမဆုံး ထိရောက်တဲ့ ဝန်ကြီးချုပ်ကတော့ အတားလ် ဗီဟာရီ ပါ့ဂျ်ဗာယီး (Atal Bihari Vajpayee) ဖြစ်ပါတယ်။ ပါ့ဂျ်ဗာယီးဟာ ကဗျာဆရာတစ်ဦးလည်းဖြစ်၊ သမိုင်းဝင် စကားပြောကောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။
​၁၉၉၈ မှာ အိန္ဒိယကို နျူကလီးယားလက်နက်ပိုင် စူပါပါဝါနိုင်ငံအဖြစ် ပိုခိုင်မာစေခဲ့ပါတယ်။ ​ပါကစ္စတန်နဲ့ ကာဂီးလ် (Kargil) စစ်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အိန္ဒိယရဲ့ စီးပွားရေးကို အခြေခံကောင်းတွေ ချပေးခဲ့ပါတယ်။
ပါ့ဂျ်ဗာယီးဟာ ကွန်ဂရက်မဟုတ်တဲ့ အစိုးရအနေနဲ့ ပထမဆုံး ၅ နှစ်သက်တမ်း ပြည့်အောင် အုပ်ချုပ်နိုင်ခဲ့သူ ဖြစ်လာခဲ့ပြီး၊ အိန္ဒိယနိုင်ငံရေးမှာ ကွန်ဂရက်ပါတီ တစ်ပါတီတည်းစိုးမိုးတဲ့ ခေတ်ကို ကာလရှည်ကြာ အဆုံးသတ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒီနေ့ခေတ် ကွန်ဂရက်ပါတီ၏ ရေစုန်မျောမှု
​ဗြိတိသျှကိုလိုနီခေတ်မှာ တိုင်းပြည်လွတ်မြောက်ရေးအတွက် စတင်ခဲ့တဲ့ ကွန်ဂရက်ပါတီဟာ နေရူး၊ အင်ဒီယာ၊ ရာဂျစ်ဗ် ဆိုတဲ့ မျိုးဆက်အဆက်ဆက် အာဏာဆုပ်ကိုင်မှုတွေ၊ နိုင်ငံရေးပရိယာယ်တွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့အတူ ပြည်သူတွေရဲ့ ငြီးငွေ့မှုကို ခံခဲ့ရပါတယ်။
​ဒီနေ့ခေတ်မှာတော့ ရာဂျစ်ဗ်ဂန္ဓီရဲ့သား ရာဟုလ် ဂန္ဓီ (Rahul Gandhi) နဲ့ စိုးမိုးထားဆဲဖြစ်တဲ့ ကွန်ဂရက်ပါတီဟာ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) ဦးဆောင်တဲ့ BJP ပါတီရဲ့ အရှိန်အဝါအောက်မှာ ရုန်းကန်နေရဆဲ ဖ့စ်ပါတယ်။
​အိန္ဒိယကွန်ဂရက်ပါတီရဲ့ သမိုင်းဆိုတာ အစကတော့ တိုင်းပြည်အတွက် စနစ်တကျ စိုက်ပျိုးခဲ့တဲ့ သစ်ပင်ကြီးတစ်ပင် ဖြစ်ခဲ့ပေမဲ့၊ နောက်ပိုင်းမှာတော့ မိသားစုတစ်ခုရဲ့ အာဏာခြံဝင်းဖြစ်သွားခဲ့ပြီး၊ နောက်ဆုံးမှာတော့ ပြည်သူ့ဆန္ဒဆိုတဲ့ ဒီမိုကရေစီရေလှိုင်းအောက်မှာ ပုံမှန်ယိုင်နဲ့လာခဲ့ရတဲ့ သမိုင်းသင်ခန်းစာ တစ်ခုပဲ ဖြစ်ပါတော့တယ်။
MT(VOM)

Related posts

Leave a Comment

VOM News

FREE
VIEW