ဖားကန့်အခြေစိုက် သတင်းထောက် ကိုတာလင်းမောင်ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

မတ် ၁၈ ၊ ၂၀၂၆
GG (VOM)
ဖားကန့်အခြေစိုက် သတင်းထောက်တယောက်ဖြစ်တဲ့ ကိုတာလင်းမောင်ကို မနေ့က မတ် ၁၇ ရက်နေ့ ညနေပိုင်းမှာ ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေစိုးမိုးထားတဲ့ ဆိုင်းတောင်ဘက်မှာ မနေ့က ညနေ ၅ နာရီကျော်လောက်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး မနေ့ကတည်းက အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။
“မနေ့က ဆိုင်းတောင်မှာ သပိတ်အစည်းဝေးဆွေးနွေးပြီးတော့ သူ့မိတ်ဆွေတယောက်က တွေ့ဖို့ခေါ်လို့ သွားလိုက်ဦးမယ်ဆိုပြီး ထွက်သွားကတည်းက အဆက်အသွယ်ပြတ်သွားတယ်သိရတယ် ။ တောလက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်လို့ပဲ သိရတယ်။ ကျန်တာဘာမှ မသိရသေးဘူး ။ စုဆောင်းရေးဆွဲတဲ့ကိစ္စတွေ လိုင်းပေါ်တင်ပြောတာနဲ့ပတ်သက်ပြီး ဖမ်းခံရတယ်လို့ ယူဆတယ်။ ” လို့ ဒေသခံကပြောပါတယ်။
” စုဆောင်းရေးဆွဲတာနဲ့ပတ်သက်ပြီး ထုတ်ပေးတာကတဖွဲ့ ပိုက်ဆံယူတာကတဖွဲ့တဲ့ ဘာတွေလည်းဟ။ သပွတ်အူလို စီးပွားရေးဇာတ်ရှုပ်ကြီးနော်၊ မန့်မှာ ဆွေးနွေးကြပါဦး” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နာကနေ ရေးသားခဲ့တာကြောင့် ဖမ်းခံရတာ ဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ.ကိုတာလင်းမောင်ဟာ ဖားကန့်မြို့ရဲ့ စစ်တပ်ရှင်ဆန့်ကျင်ရေးသပိတ်အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ယူထားသလို ဖားကန့်ဒေသ တိုက်ပွဲသတင်းတွေကို ရေးသားဖော်ပြနေသူ ဖြစ်တယ်လို့ သိရပါတယ်။
ကိုတာလင်းမောင်ဟာ အရင်က ဖားကန့်မြို့ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး( ပြန်/ဆက်)ကဖြစ်ပြီး ၂၀၂၀ နောက်ပိုင်း အစိုးရတပ် တာဝန်လွှဲပြောင်းရယူပြီး ချိန်မှာတော့ CDM ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW