သဖန်းဆိပ်ဆည်ကို အစိုးရတပ်ကပြန်ထိန်းချုပ် ၊ ဆည်ရေလွှတ်နိုင်ဖို့နဲ့ လျှပ်စစ်မီးပေးနိုင်ဖို့ ဆောင်ရွက်နေ

မတ် ၃၀ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက ဒေသတွင်းလက်နက်ကိုင်တွေ ယာယီထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ် လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
သဖန်းဆိပ်ကို ပြန်လည်ရရှိခဲ့ပေမယ့် ဆည်ရှိ ရေထိန်းတံခါးထိန်းချုပ်စနစ်နဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဖျက်ဆီးခံခဲ့ရတာကြောင့် လက်ရှိမှာ ပြုပြင်မှု ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဖျက်ဆီးခံခဲ့ရတာတွေကို ပြန်လည်ပြင်ဆင်ပြီးရင် စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်တဲ့ ဆည်ရေကို အမြန်ဆုံးလွှတ်ပေးနိုင်မှာဖြစ်ပြီး လျှပ်စစ်မီးရရှိအောင်လည်း ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
” သဖန်းဆိပ်ဆည်ကို မနေ့က ပြန်ရပြီလို့ သိရတယ်။ တပ်မတော်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က လုပ်ဆောင်ခဲ့တာလို့သိရတယ်။ လက်ရှိ ရေပေးနိုင်ဖို့နဲ့ မီးရဖို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ်နေကြပါတယ်။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
သဖန်းဆိပ်ဆည်၊ ရေအားလျှပ်စစ်ရုံး အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ လဆန်းပိုင်းကစပြီး ဒေသတွင်း လက်နက်ကိုင်တပ်တွေက ထိန်းချုပ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ထိန်းချုပ်မှု ငါးလနီးပါးအကြာမှာတော့ လက်လွှတ်လိုက်ရပြီး အစိုးရတပ်က ပြန်လည်သိမ်းပိုက်နိုင် ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ကာလအတွင်းမှာ သဖန်းဆိပ်ဆည်ကနေ ရေပေးလွှတ်မှု မရှိခဲ့သလို လျှပ်စစ်မီးလည်း ပြတ်တောက်မှုရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သဖန်းဆိပ်ဆည်ကနေ ရေလွှတ်မရရှိတဲ့အတွက် ဆည်ရေသောက်ဒေသတွေ ဖြစ်တဲ့ ကျွန်းလှ၊ ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနဲ့ တန့်ဆည်မြို့နယ် ၊ ရွှေဘို ၊ ဝက်လက်ဒေသရှိ ပဲ ၊ နှမ်း နဲ့ နွေစပါးစိုက်ပျိုးနိုင်မှု လျော့ကျခဲ့ရတယ်လို့ သိရပါတယ်။
” အခု ဆည်ကို တပ်က ပြန်သိမ်းသွားပြီဆိုတော့ ရေပြန်လွှတ်ပေးမယ်ဆိုရင် မိုးကြိုစပါးလုပ်လို့ရပြီ။ တခြား သီးနှံတွေလည်း စိုက်လို့ရမယ့် အခြေအနေပါ။ ရွှေဘိုခရိုင်အတွက်တော့ ဝမ်းသာစရာပါ။ ရွှေဘိုပေါ်ဆန်းစိုက်ဧက သိန်းချီရှိတာ လုပ်လို့ရပြီ။ အခုသာ ရေလွှတ်မယ်ဆိုရင် တချို့လည်း နွေစပါးတသီးကို အရစိုက်ကြအုံးမယ့် အခြေအနေရှိတယ်။ ” လို့ ဒေသခံက ပြောပါတယ် ။
သဖန်းဆိပ်ဆည်တလျှောက်မှာ ရွှေမျှောဖောင်တွေ လုပ်ကိုင်မှု များပြားခဲ့တဲ့အတွက် ဆည်ရေတွေက အရင်လို ကြည်လင်မှုမရှိတော့ဘဲ ရေနောက်ပုံစံတွေ ဖြစ်လာနေတာကြောင့် အစိုးရအနေနဲ့ ရွှေတူးဖော်မှုတွေကို ထိန်းချုပ်ပေးဖို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW