Bar Code/ QR Code စနစ်သစ်နဲ့ စက်သုံးဆီ ရောင်းချနေမှု အခြေအနေနဲ့ ဖမ်းဆီးအရေးယူမှုတွေကို သက်ဆိုင်ရာက အသိပေးထုတ်ပြန်

နေပြည်တော်၊ မတ် – ၃၀- ၂၀၂၆
VOICE OF MYANMAR
နိုင်ငံအတွင်း စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရေးနဲ့ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေဖို့ ရည်ရွယ်ပြီး Bar Code/QR Code စနစ်သစ်နဲ့ မတ်လ ၂၇ ရက်နေ့ကစတင်ရောင်းချပေးခဲ့ပြီး ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းမ ကြီးတစ်လျှောက်မှာ Bar Code/QR Code စနစ်များကို စတင်အသုံးပြုနေပြီဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
စနစ်သစ်ဖြင့်ရောင်းချရာမှာ ကြုံတွေ့လာနိုင်တဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေနဲ့ မသမာမှုတွေအပါအဝင် မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာန က Online Monitoring Center ကတဆင့် စောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်ပြိး ဖြေရှင်းဆောင်ရွက်ခြင်း၊ ထိန်းကျောင်းကြပ်မတ်ခြင်းတွေ ပြုလုပ်ထားတယ်လို့သိရပါတယ်။
QR စနစ်အသုံးပြုနေတဲ့ မြို့ကြီး ၄ မြို့မှာ စနစ်ဟောင်းရောင်းချမှုနဲ့ စနစ်သစ်ရောင်းချမှုတို့ နှိုင်းယှဉ်ချက်အရ မတ်လ ၂၅ ရက်နေ့မှာ ဆိုင်ကယ်/သုံးဘီး ၁၈၉,၉၀၇ စီး၊မော်တော်ယာဉ် ၁၃၈,၁၅၇ စီး ဆီဖြည့်တင်းခဲ့ကြကာ မတ်လ ၂၇ ရက်နေ့မှာ ဆိုင်ကယ်/သုံးဘီး ၁၄၉,၆၉၀ စီး၊ မော်တော်ယာဉ် ၁၀၅,၃၄၅ စီးသို့ လျော့ကျသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မတ်လ ၂၆ ရက်နေ့မှာ ဆိုင်ကယ်/ သုံးဘီး ၁၈၄,၂၈၄ စီး၊ မော်တော်ယာဉ် ၁၁၃,၀၂၈ စီးဆီဖြည့်တင်းခဲ့ကြပြီး မတ်လ ၂၈ ရက် နေ့မှာ ဆိုင်ကယ်/သုံးဘီး ၁၆၅,၃၇၁ စီး၊ မော်တော်ယာဉ် ၁၀၇,၉၆၅ စီးသို့ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။
စက်သုံးဆီဈေးနှုန်း တိုးမြင့်လာမှုကို အခွင့်ကောင်း ယူ၍ အချို့ အရောင်းဆိုင်တွေက ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ ဆိုင်များသည် Scan မဖတ်ဘဲ ရောင်းချပေးနေ ခြင်း၊ Taxi ယာဉ်တွေဟာ ခွဲတမ်းပိုမိုရရှိမှုကို အခွင့်ကောင်းယူပြီး မသမာမှုများ ပြုလုပ်လာခြင်းတို့ကြောင့် ဖွင့်လှစ်ရောင်းချနေတဲ့ အရောင်းဆိုင်များတွင် ယာဉ်များတန်းစီမှု ပိုမိုလာသည်ကို စစ်ဆေးတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အများပြည်သူများကို ထိခိုက်နစ်နာစေသည့် မသမာမှုများကို ပြည်သူတွေရဲ့ သတင်း ပေးပို့လာမှုအပေါ် အရေးယူဆောင်ရွက်လျက်ရှိပြီး မတ်လ ၂၉ က်နေ့မှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့ နယ်ရှိ ရွှေပိုး စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၂၅၉၇)၊ မန္တလေးတိုင်းဒေသ ကြီး၊ ပြည်ကြီးတံခွန်မြို့ နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ ရွှေခြင်္သေစက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၀၇၃၀)နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ အောင်သိဒ္ဓိစက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ်(၁၄၈၀)တို့အား လိုင်စင်ယာယီပိတ်သိမ်းပြီး အရောင်းဆိုင်မန်နေဂျာများနှင့် ဝန်ထမ်းများအား ဥပဒေအရ အရေးယူဆောင်ရွက်ထား တယ်လို့ သိရပါတယ်။
ဒါ့အပြင် တရားမဝင်စက်သုံးဆီ သိုလှောင်ထားရှိကြောင်း တိုင်ကြားလာမှုသတင်းအရ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀/ B ရပ်ကွက်၊ မြနန္ဒာ လမ်းသွယ်(ကျူးကျော်)နေ ဦးမြင့်မောင်အား တရားမဝင်စက်သုံးဆီများ သိုလှောင်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်
ရှိတယ်လို့သိရပါတယ်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ သတ်မှတ်ပေးထားသော စက်သုံးဆီအရောင်းဆိုင်များတွင် ထောက်ခံချက်ဖြင့် ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။
ပြည်သူများအနေဖြင့်လည်း စက်သုံးဆီဝယ်ယူခြင်းနှင့် ပတ်သက်၍ အခက်အခဲများနှင့်မသမာမှုများတွေ့ရှိနေရသည့်အပေါ်တွင် Call Center သို့ တိကျစွာ အသိပေးတိုင်ကြားခြင်းဖြင့်ပူးပေါင်းဆောင်ရွက်ကြဖို့ စွမ်းအင်ဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။
ဓာတ်ပုံ crd – Tun Win

Related posts

Leave a Comment

VOM News

FREE
VIEW