ဆူးငှက်
ဗိုလ်ချုပ်အောင်ဆန်းလမ်း လက်ဆည်ကန်ရပ်က လူထုတိုက်
—————————————————————–
တကယ်တော့ ကျွန်တော်က ကျွန်တော့်အထက်က အစ်မ (ဒေါ်ခင်ဝင်းနွယ်) နှင့် ပတ်သက်၍ လူထုတိုက်သို့ ၁၉၇၀ကျော်ကာလ ဝန်းကျင်ကပေါ့။ ထို့နောက် ကျွန်တော်က ဆောင်းပါးလေးတွေရေးဖြစ်တော့ ဆရာညီပုလေးကတဆင့် စာရေးဆရာ အသိုင်းအဝန်းနှင့် ရင်းနှီးလာသည်။ ဤသို့ဖြင့် လက်ဆည်ကန်ရပ်က လူထုတိုက်သို့ မကြာခဏ ရောက်ဖြစ်သည်။ ဆရာညီပုလေးက မထင်မှတ်ဘဲ ခရီးရှည်ထွက်သွားချိန်နောက် ကိုယ်တိုင်က ပန်းချီလေး ဒီဇိုင်းလေး မတောက်တခေါက် ဝါသနာပါ၊ မဖြစ်စလောက် ရေးချွတ်ဖြစ်တာ သိတော့ အစ်မဒေါ်တင်ဝင်း(လူထု)နှင့် ကိုကျော်စိုးဝင်း (ဆရာကြည်လင်အေး) တို့က လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေသော စာအုပ်အချို့၏ စာအုပ်အပြင်အဆင်ပိုင်း (ထိုစဉ်က ကွန်ပြူတာစီပြီး စာမူအချောများကို ကပ်ကြေးဖြင့်ညှပ်၊ တစ်ဖက်ချောဂျပ်ပေါ် ကော်ဖြင့် ကပ်ကာ Lay Out ဆင် ဖလင်ရိုက်ရသည်) ကို တာဝန်ပေးသည်။ နောက် ဖလက်တွဲ စာဖောင်ဖွဲ့ရ၏။
သည်တော့ တိုက်ကို တစ်ပတ်တစ်ကြိမ် အနည်းဆုံးသွားပြီး အလုပ်အပ်၊ အလုပ်ယူရသည်။ များသောအားဖြင့် ကျွန်တော်က အဖိတ်နေ့ သွားဖြစ်တာပေါ့။ ထိုစဉ်က တိုက်မှာ စာရေးဆရာတွေဆုံကြသည်။ ဆရာညီပုလေး၏ စာအုပ်ဆိုင်အသစ်လေးရှေ့က ဗာဒံပင်အောက်မှာ စကားဝိုင်းဖွဲ့ကြတာပေါ့။ ကျွန်တော်က အလုပ်အပ် အလုပ်ယူပြီးတာနှင့် ဗာဒံပင်အောက်ရောက်သွားသည်။ ဆရာသိုက်ထွန်းသက်၊ ဆရာဝင်းစည်သူ၊ ဆရာရဲသျှမ်း၊ ဆရာကျော်ရင်မြင့်၊ ဆရာညိုထွန်းလူ၊ ဆရာကြည်ဇော်ဝင်း၊ ဆရာကျော်စွာထက်၊ ဆရာ ကိုရိုးကွန့်တို့ ရှိတတ်သည်။ ပြီးတော့ ဆရာတွေနှင့် တိုက်အရှေ့ဖက် မင်္ဂလာကဖေး (ဒါမှ မဟုတ်) ၈၃လမ်းပေါ်က မင်းမင်းကျော်ကဖေးသို့ ချီတက်ကြတာပေါ့။
လူထုတိုက်ရောက်လျှင် များသောအားဖြင့်ဧည့်ခန်းမှာဖြစ်စေ၊ စာအုပ်ဆိုင်အတွင်းမှာ ဖြစ်စေ စာဖတ်နေတတ် သော ဒေါ်ဒေါ့်ကိုတွေ့သည်။ ဒေါ်ဒေါ်က တွေ့တာနှင့် စာဖတ်နေရာမှ မျက်မှန်ပေါ်က ကျော်ကြည့်ပြီး “မင်းရေးတဲ့ ဆောင်းပါးလေး စံပယ်ဖြူမှာ တွေ့တယ်ကွယ့်၊ နောက်ထပ် ဘာတွေရေးဖြစ်သေးလဲ၊ ဘယ်တွေ ပို့ထားသေးလဲ၊” ဆိုတာတွေ မေးတတ်သည်။ အကယ်၍ မဂ္ဂဇင်းတွေမှာ ကိုယ့်စာမူ မတွေ့တာကြာလျှင် “မင်း စာမရေးဖြစ်ဘူးလား၊ ဘာလို့လဲ၊ ရေးမှပေါ့၊ ကလောင်ဆိုတာ မရေးဘဲ ပစ်ထားရင် သံချေးတက်ပြီး တုံးသွားတတ်တယ်” ဟု သတိပေးလေ့ ရှိသည်။
ထိုစဉ်က ကျွန်တော့်မှာ ကင်မရာလေး နှစ်လုံးက ရှိနေဆဲမို့ တောင်လေးလုံး ပရိဝုဏ်မှာ ကျင်းပသော လူထုဒေါ်အမာ မွေးနေ့ပွဲများ၊ စာရေးဆရာမ နုနုရည်(အင်းဝ)၏ အမျိုးသားစာပေဆုရ ဂုဏ်ပြုပွဲနှင့် မန္တလေးမှာ ကျင်းပ သော စပယ်ဖြူမဂ္ဂဇင်းမိတ်ဆက်ပွဲ၊ မိုးဦးပန်း မဂ္ဂဇင်းမိတ်ဆက်ပွဲ၊ သရဖူမဂ္ဂဇင်း မိတ်ဆက်ပွဲတွေမှာ ကျွန်တော့် ကင်မရာလေးတွေက အသုံးဝင်နေသည်။ ထိုစဉ်က နောက်ဆုံးပေါ်ဖြစ်နေသော Nikon FM, Pentex-MG (200 mm wide zoom) မို့ ပွဲလယ်တင့်သည်။
အိမ်တော်ရာထီး
———————–
နောက် ဒေါ်ဒေါ်(လူထုဒေါ်အမာ)က သူရေးသားသော ဆောင်းပါးများအတွက် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ခိုင်းသောအခါ လူထုတိုက်သို့ ဝင်ထွက်လာရသည်။ မှတ်မှတ်ရရ အိမ်တော်ရာထီးအကြောင်း ဆောင်းပါးရေးသောအခါ အိမ်တော်ရာ ဆင်တံတားပေါ်က ဒေါ်ဒေါ့်မိတ်ဆွေတွေဆီ ကျွန်တော့်ကို လွှတ်သည်။ အချက်အလက်အချို့ မေးမြန်းရသည်။ မေးမြန်းမှတ်သားချက်တွေကို ဒေါ်ဒေါ့်ထံ ပြန်ပြောသည်။ ထိုအခါ လုပ်ငန်းတစ်ခုနှင့် ပတ်သက်၍ အရေးကြီး၊ အဓိကကျသော မေးခွန်းတွေအကြောင်း ဒေါ်ဒေါ်က သင်ပေးသည်။
“လုပ်ငန်းနဲ့ပတ်သက်ပြီး မေးရမြန်းရတော့ သူတို့က အားချင်မှလည်း အားမယ်၊ အလုပ်ရှုပ်နေချင်လည်း ရှုပ်မယ် …။ ဒီအခါ အခြေအနေကို ကြည့်ကွယ် …။ ကိုယ်က ကြိုပြီး ချိန်းချက်သွားတာမျိုးမဟုတ်ရင် ပိုသတိထားရမယ်။ မေးတဲ့မြန်းတဲ့အခါ ပိုပြီးထိရောက် အောင် ကိုယ်မေးမယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာထားရမယ်ကွယ့် …” ဟု ပြောပြသည်။ ထို့နောက် အောက်ထပ်စာကြည့် ခန်းထဲရှိ အိမ်တော်ရာထီးတစ်ချောင်းကို ယူလာသည်။ ကျွန်တော်ကလည်း အိမ်တော်ရာထီးကို ယခုမှ မြင်ဖူးသည်။ ထီးရိုးဝါး၊ ဝါးကိုင်းတံ များနှင့် ပိတ်ထီးရွက်ဖြစ်သည်။ ထီးရွက်မှာ “သစ္စေး ဟင်္သပြဒါးများ သုတ်လိမ်ထားသည်။ လက်ကိုင်ကလည်း သစ်သားပွတ်လုံးထိုးဖြစ်၏။ ဘုန်းကြီးဆောင်းထီးများနှင့် တူသည်။ သို့သော် လူဆောင်းနှင့် ဘုန်းကြီးကျောင်းကို ကွဲပြားအောင် ပြုလုပ်ထားသည်။
“ဒို့မှာလည်း အိမ်တော်ရာထီးက ဒီတစ်ချောင်းပဲ ရှိတော့တာ ဆင်တံတားပေါ် မင်းသွားမေးတုန်းက သူတို့မှာလည်း ဘိုးဘွား အမွေအနေနဲ့ သိမ်းထားတဲ့ ထီးတစ်ချောင်းပဲ ရှိတာ။ လောလောဆယ် ရှာလို့ မရသေးဘူးတဲ့ လား။ အေးကွယ် မန္တလေးမှာ တစ်ချိန် ထင်ရှားခဲ့တဲ့ အိမ်တော်ရာထီးဆိုတာ နောက်လူတွေ မြင်ဖူးဖို့တောင် မလွယ်တော့ ဘူးကွယ်” ဟု ဝမ်းနည်းစကား ဆိုသည်။ “ဒီထီးလေးကို ဓာတ်ပုံရိုက်ပေးကွယ်၊ ဒီလိုထောင်ရက်လေးရော၊ ထီးဖွင့်ပြီးရော၊ ပြီးတော့ မင်းဇနီးလေးကိုလည်း ထီးလေး ဆေင်းပြီး ရိုက်ခဲ့၊ ပုံတွေရရင် အမေ့ဆီလာပေး မင်းကျသင့်သလောက် အမေပေးမယ်” ဟု ဆိုသည်။ ဒေါ်ဒေါ်က ကျွန်တော့်ကို “အမေက” “အမေက”ဟု ဆိုသော်လည်း ကျွန်တော်က ကျွန်တော့်အထက် မျိုးဆက်များ ကဲ့သို့ “ဒေါ်ဒေါ်” ဟု ခေါ်နေမိသည်။ “ဒေါ်ဒေါ်”ဟူသည် နှလုံးသားထဲက ဝိသေသတစ်ခု ပမာ စွဲထင်နေချေပြီ။
နောက် ကျွန်တော် ရိုက်ကူးခဲ့သော ဓာတ်ပုံလေးများနှင့် ဒေါ်ဒေါ်၏ “အိမ်တော်ရာထီး” ဆောင်းပါး စပယ်ဖြူ မဂ္ဂဇင်းမှာ ပါလာ တော့ အတိုင်းမသိ ဝမ်းမြောက်ရသည်။ ဤသို့ဖြင့် ဒေါ်ဒေါ် လိုအပ်သော ဓာတ်ပုံတွေ ရိုက်ပေးရတော့ သည်။ မိကျောင်းတံတား၊ ခြင်္သေ့ကြီးနှစ်ကောင်၊ ဈေးချိုတော်၊ ဘီလူးမညောင်ပင်၊ မန္တလေးတောင်၊ ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော်ကျောက်စာများ စသည်။
ကျွန်တော် တကယ်ဖြစ်ချင်တာက စာရေးဆရာဖြစ်သည်၊ ထို့ကြောင့် တစ်ဖက်က လိုအပ်သော ဓာတ်ပုံတွေ ရိုက်သည်။ စာတွေ အဆက်မပြတ်အောင် ရေးဖြစ်သည်။ စပယ်ဖြူမှာ အများဆုံးပါသည်။ စပယ်ဖြူမှာပါတော ဒေါ်ဒေါ်လည်း လွယ်လင့်တကူ ဖတ်ဖြစ်နေသည်။ ဖတ်ပြီးတိုင်းလည်း ကျွန်တော့် ဆောင်းပါးလေးများအပေါ် အားပေး သည်။ အမှားပါလျှင် ထောက်ပြသည်။ လိုသည့်အချက် တွေ ဖြည့်စွက်သည်။ လိုအပ်ပါက ဒေါ်ဒေါ့် စာကြည့်စားပွဲ ပေါ်က စာအုပ်စာတမ်း၊ ဓာတ်ပုံများကိုပါ လေ့လာကြည့်ရှုစေသည်။
ခြေဖျား မထောက်နဲ့၊ ခေါင်းလေးငုံ့ပြော
——————————————–
သည်ကာလမှာ ကျွန်တော်က ဘုရားကြီး မင်းသားစုရပ် ကမ္ဘာအေးဆေးတိုက်က အစ်မကြီးဒေါ်နုနုယဉ် ထုတ်ဝေသည့် ရွှေဝတ်ရည်မဂ္ဂဇင်းမှာ အမှုဆောင်အယ်ဒီတာအဖြစ် တာဝန်ခံအယ်ဒီတာ ဆရာမောင်သစ်လွင်(လူထု) လက်အောက် တာဝန်ယူရသည်။ ဆရာမောင်သစ်လွင်(လူထု) ဆိုသည်မှာ သတင်းစာပညာ စတင်သင်ယူစဉ်မှသည် အယ်ဒီတာဘဝတိုင်အောင် လူထုဂျာနယ်၊ လူထုသတင်းစာ၊ လူထုကြီးပွားရေးစာအုပ်တိုက်၏ ပင်တိုင် အယ်ဒီတာကြီး တစ်ဦးဖြစ်သည်။ လူထုဦးလှ လူထုဒေါ်အမာတို့၏ လက်ရင်းတပည့်လည်း ဖြစ်သည်။ လူထုသတင်းစာ မရှိတော့သည့် နောက် ဆရာဦးဝင်းတင်၏ ဟံသာဝတီသတင်းစာမှာလည်း ပင်တိုင် ဆောင်းပါးရှင် ဝိုင်းတော်သား တစ်ဦး ဖြစ်သည်။
တကယ်တော့ ရွှေဝတ်ရည် မဂ္ဂဇင်းမှာ ဝါရင့်သတင်းစာဆရာကြီး ဆရာ မောင်သစ်လွင်(လူထု) နှင့်တွေ့စဉ် ကျွန်တော်က ဆောင်းပါးလေးတွေ လေးငါးဆယ်ပုဒ်လောက်သာ မဂ္ဂဇင်း တွေထဲမှာ ပါဖူးသေးသောကာလ။ ဆူးငှက်ပင် အတောင်အလက် မစုံသေး.။ ကျွန်တော့်ကို သိကြသည်က ဆောင်းပါးရေးသော ကလောင်’ ဆန်းကျော်မောင်’ တဲ့လေ။ ဘာမှမဟုတ်သေးသည့် ကျွန်တော့်ဘဝ ကိုလည်း ဆရာသစ် (မောင်သစ်လွင်-လူထု)က ရွှေဝတ်ရည်မဂ္ဂဇင်းတွင် အမှုဆောင် အယ်ဒီတာ ဟူသော မတန်မရာ ဂုဏ်ပုဒ်ဖြင့် ရောက်သည့်နေ့မှာပဲ ဂယ်လီပရု(ပ်)တွေ ဖတ်ခိုင်း၏ ၊ ပြင်ခိုင်း၏ (ထိုနေ့မှ ထို ဂယ်လီ ပရု(ပ်) ဆိုတာမြင် ဖူးသည်)။ သူရှေ့သူ့စားပွဲမှာပဲ သတင်း ဆောင်းပါး တစ်ပုဒ်၊အက်ဆေး တစ်ပုဒ် ရေးခိုင်း၏။ ပြီးတော့ အင်တာဗျူးတစ်ပုဒ်။
ထို့နောက် ကျွန်တော် မတန်တရာ လစဉ် ရေးသားသော ရှားပန်းကလောင်နှင့် ဝေဖန်ရေးဆောင်းပါး (ပဉ္စမမြောက် အပုဒ် ဖြစ်မည် ထင်သည်) လက်ရေးမူကို ကိုင်ပြီး၊ ကြီးကြီးကျယ်ကျယ် စကားလုံး ဗလပွနှင့်(ထိုစဉ်က သုံးနှုန်းသည့်စကားလုံးနှင့် ပြောရလျှင် ခြေသေးတရုတ်မ ခြေပတ်အဝတ်စ ကဲ့သို့ ရှည်လည်းရှည်၊ နံလည်းနံသော) ကျွန်တော်၏ လူတွင်ကျယ် ဝေဖန်ရေးဆောင်းပါးကို ဆရာသစ် ကိုယ်တိုင် လက်သမားသုံး နီပြာတံ (ထိုစဉ်က အယ်ဒီတာများ လက်စွဲ)ကြီးနှင့် တစ်ကြောင်းဖတ်၊ မလိုတာ ခဲနီခြစ်၊ နှစ်ကြောင်းဖတ် မလိုသည့်တစ်ကြောင်း ခဲနီနှင့်ခြစ်၊ နှုတ်မှလည်း နူးညံ့ညင်သာစွာဖြင့် ဒီစာလုံး လိုလား၊မလိုဘူးနော်…ခြစ် ။ ဒီစာကြောင်း ခြစ်လိုက်ရင် မင်း ဆိုလိုချင်တာ ပျက်သွားသလား မပျက်ဘူးနော်ဒ ါဆိုရင် ခြစ် ..။ ဒီစာပိုဒ်က နည်းနည်းမာနေသလား မပါလို့ဖြစ်လား ဖြစ်တယ်နော်၊ ဒါဆို တစ်ပိုဒ်လုံး ခြစ်…စသည်ဖြင့် ၊စသည်ဖြင့် ရဲပတောင်းခတ် ပြင်ဆင်ပေးပြီး သကာလ နိဂုံးချုပ်အနေနှင့် ‘ ကိုင်းဒါဆိုရင် မင်းဆောင်းပါးလေး လှသွားပြီ။ မင်း အသက်၊ မင်းဝါ နဲ့ မင်းပြောမယ့် ရေးမယ့် အကြောင်းအရာ အချက်အလက်နဲ့ ပုဂ္ဂိုလ်က ကြီးနေမြင့်နေလေရဲ့။
ဒီတော့ မင်းအနေနဲ့ ခြေဖျား ထောက်၊ လက်သီးလက်မောင်း တန်းပြီး ပြောသင့်သလား။ မပြောသင့်ဘူးနော်…၊ ဟုတ်လား …။ လက်လေးပိုက်၊ ခေါင်းလေးငုံ့ပြီး ညင်ညင်သာယာ ဖွယ်ဖွယ်ရာရာ သိမ်သိမ်မွေ့မွေ့ အောက်ကြို့ ပြီး ပြောရင် ပိုမကောင်းဘူးလား…။ အေး… ကောင်းပါပေတယ် နော်…။ အစက မင်း ဆောင်းပါးမှာ ခြေဖျားထောက်၊ လက်သီးလက်မောင်း တန်းတာ များနေတယ်။ အခုမှ မင်းဆောင်းပါးကလက်လေးပိုက်၊ ခေါင်းလေးငုံ့၊ သိမ်မွေ့သွားတာ။ သိမ်မွေ့တာ မကောင်းဘူးလား..။ အေး…ကောင်းတာပေါ့…ဟုတ်လား…။ ဆရာဇော်ဂျီကို သိတယ်နော်… စာပေအရာမှာ နှံ့စပ်တဲ့ ကဝိတစ်ဆူ မဟုတ်လား…။ ဆရာဇော်ဂျီလိုပုဂ္ဂိုလ်ကပင်လျှင် မှန်တဲ့ကိစ္စ ဖော်ပြရာမှာ ‘ယူသော် ရကောင်း၏’ လို့ပဲ ပြောခဲ့ရေးခဲ့တာကွယ် … စသည်ဖြင့် သိမ်မွေ့ စွာ သင်ကြား လမ်းပြပေးခဲ့၏။
ကျွန်တော်နှင့်အတူ တစ်ရက်တည်း အတူရောက်ရှိခဲ့သော ပန်းချီစိုးဝင်းငြိမ်းကိုလည်း ဆရာက တူလို သားလို အုပ်ထိန်းခဲ့၏။ ကျွန်တော်တို့ ဆရာထံရောက်ရှိပြီး မဂ္ဂဇင်းတစ်အုပ်(ရွှေဝတ်ရည်အမှတ် -၅) ထုတ်ဝေပြီးနောက် ဆရာက မဂ္ဂဇင်းတိုက်သို့ တစ်ပတ်မှ တစ်ရက်လောက်သာ လာတော့ပြီး ကျွန်တော်တို့နှစ်ယောက်ကို မဂ္ဂဇင်းကိစ္စ၊ စိတ်ချလက်ချ လွှဲအပ်တော့သည်။ မဂ္ဂဇင်း ဖောင်ပိတ်ပြီးမှသာ သို့မဟုတ်၊ မဂ္ဂဇင်းထွက်မှသာ ဆရာရွေးချယ်ပေးခဲ့သော စာမူများမှ ဘာစာမူတွေ သုံးထားသည် ဆိုသည်ကို ဆရာသိသည်အထိ လုပ်ပိုင်ခွင့်တွေ စိတ်ချလက်ချ လွှဲတော့၏။ သို့ပေမဲ့ မမှားသင့် မမှားအပ်၊ မလုပ်သင့် မလုပ်အပ်သည့် ကိစ္စတွေကိုတော့ ကျွန်တော်တို့ နှစ်ယောက်ကို လက်ဖက်ရည်ဆိုင်သို့ လက်တို့ခေါ်သွားပြီး မနှေးမဆိုင်း ပြောဆိုဆုံးမသည်။
မန္တလေးနှင့် မဂ္ဂဇင်း
————————
ထိုစဉ်က မန္တလေးမှာ မဂ္ဂဇင်းထုတ်ဝေရတာ အလွန်ခက်ခဲလှသည်။ တရားဝင် ထုတ်ဝေခွင့် လက်မှတ်ရရှိထားသော မဂ္ဂဇင်းများကို အဖုံးအပါအဝင် တစ်အုပ်လုံး အပြီးအစီးရိုက်နှိပ်ပြီး သတ်မှတ်ထားသည့် အုပ်အရေအတွက်အတိုင်း ရန်ကုန်ရှိ စာပေစီစစ်ရေးရုံးသို့ တင်ရ၏။ စာပေစီစစ်ရေးရုံးက သေချာစီစစ်ပြီး ဖြုတ်ရမည့် ကာတွန်း ကဗျာ ဆောင်းပါး ဝတ္ထု စသည်တို့အပြင် အပိုဒ်လိုက် စာကြောင်းလိုက် စာလုံးလိုက်နှင့် ပန်းချီပုံ ဓာတ်ပုံ စသည်တို့ကို မင်နီဖြင့် ကြက်ခြေခတ် ပြလိုက်သည်။ စီစစ်ရေးက ထိုသို့ စီစစ်ပြီး စာအုပ်အတိုင်း ဖြုတ် ပယ် ဖြတ် ငွေမင်သုတ် စသည်ဖြင့် ပြန်လည် ဆောင်ရွက်ပြီး ထိုသို့ တစ်သဝေမတိမ်း ဆောင်ရွက်ပြီးကြောင်း ပြန်လည် ရိုက်နှိပ်ထားသည့် စာအုပ်များကို ထပ်မံတင်ပြကာ ဖြန့်ချိမိန့် တောင်းရသည်။ စီစစ်ရေးက ဖြုတ်ခိုင်းသည်များ ဖြန့်ချိမည့် တစ်အုပ်မကျန် ဖြုတ်ပြီးကြောင်း အတည်ပြုမှ ဖြန့်ချိမိန့်ရသည်။ ထိုအမိန့်ရမှ စာအုပ်ကို ဆိုင်တင် ရောင်းချရ၏။
လစဉ်ထုတ် မဂ္ဂဇင်းဟူသည် တစ်လအတွင်း စာမူရွေး စာစီ ပန်းချီအပ် ဒီဇိုင်းဆင် စာမျက်နှာဖွဲ့ ဖလင်ရိုက် ဖလက်တွဲ ပလိတ်ကူး စက်ရိုက် နမူနာစာအုပ်ချုပ် စီစစ်ရေးတင် စီစစ်ရေးက ပြန်ကျလာမည့် စာအုပ်စောင့်၊ ဖြုတ် ဖြတ် ပယ် ဖလင်ပြန်ရိုက် ဖလက်တွဲ ပြန်ရိုက် ဖောင်ကောက် အဖုံးရိုက် ချုပ် စသည့် လုပ်ငန်းစဉ်များကို ဇယ်စက်သလို ဆက်တိုက် လုပ်နိုင်ပါမှ မဂ္ဂဇင်းက အချိန်မီထွက်သည်။ အခြားကိစ္စများမကြည့်ပါနှင့် သရုပ်ဖော်ပုံ စာမျက်နှာဒီဇိုင်းဆင် စာမျက်နှာဖွဲ့ ဖလင်ရိုက် အော့ဖ်ဆက်တင် စသည့် လုပ်ငန်းပိုင်းဆိုင်ရာမှာပင် ရန်ကုန်က ကျွမ်းကျင်ကြ၏။ အော့ဖ်ဆက်များကလည်း အတော်များများရှိသည်။ ထို့ပြင် ရုံးပိုင်းဆိုင်ရာတွင်လည်း ချက်ချင်းသွားရောက် ဆောင်ရွက်နိုင်သည်။ ထိုအခါ လုပ်ငန်းကျွမ်းကျင်မှုအရ မဂ္ဂဇင်းတစ်အုပ်က လစဉ်ပုံမှန် ထွက်နိုင်၏။ ရုံးပိုင်းဆိုင်ရာ အဆင်ပြေချောမွေ့ မြန်ဆန်နိုင်ရေး အတွက်လည်း အယ်ဒီတာများက အကင်းပါးကြသလို ထုတ်ဝေသူများကလည်း ပါးနပ်ကြသည်။
မန္တလေးမှာ အော့ဖ်ဆက် ရှားသေး၏
——————————————-
ထိုစဉ်ကာလ မန္တလေးမှာက မင်းတုန်းမင်းခေတ် ရတနာပုံနေပြည်တော် သတင်းစာမှသည် ၁၉၆၇ခုနှစ် လူထုသတင်းစာ ပိတ်ချိန်အထိ ပုံနှိပ်လုပ်ငန်းနှင့် ထုတ်ဝေရေးလုပ်ငန်း ဖြစ်ထွန်းခဲ့သည်ဆိုငြား ရန်ကုန်ကိုတော့ လိုက်မမီတော့ချေ။ အထူးသဖြင့် အော့ဖ်ဆက်ခေတ်ရောက်သောအခါ မန္တလေးက အပြတ်အသတ် ကျန်ရစ်တော့သည်။ ရွှေဝတ်ရည် ထုတ်ဝေသည့် ကာလက မန္တလေးမှာ အော့ဖ်ဆက်က ၃လုံး လောက်ပဲရှိသည်။ ထို၃လုံးအနက် ၁လုံးလောက်ကပဲ အပြင်အလုပ်လက်ခံကာ ကျန်စက်များက ကိုယ့်စီးပွားရေးလုပ်ငန်းက တံဆိပ်များပဲ ရိုက်ကြပြီး အပြင်အလုပ် လက်မခံကြ။ နောက် မကြာမီ အော့ဖ်ဆက်များ ထပ်တိုးလာသည် ဆိုသော်ငြား သူတို့ကလည်း ပုံရှည်ဟုခေါ်သည့် ရွက်ရေ သိန်းချီရိုက်ရသော တံဆိပ်ပတ်များပဲ ရိုက်ကြသည်။ မဂ္ဂဇင်းဆိုတာက အုပ်ရေ ၁၀၀၀ပဲရိုက်ရတော့ ပလိတ်ပြားကူး စက်တင် ရိုက်၊ ၁၀၀၀ပြည့်တာနှင့် ပလိတ်ပြားလဲ နှင့် အတော်လက်ဝင်ပြီး ပိုက်ဆံမရ။ ပိုင်ရှင်ကလည်း မရိုက်ချင်၊ အလုပ်သမားကလည်း မရိုက်ချင်ကြ။ ထိုကြားထဲ နောက်ပေါက် စက်ပိုင်များမို့ မဂ္ဂဇင်းသဘော စာအုပ်သဘော နားမလည်တော့ သူတို့က မလွတ်မကင်းဖြစ်ပြီး စက်ချိတ်ပိတ် လူထောင်ကျမှာက စိုးရိမ်ကြသေး၏။ တရားဝင်ထုတ်ဝေခွင့် ရတဲ့ စာအုပ်ပါဟု ပြောသော်လည်း နားမဝင်တော့၊ အကြောက်အကန် ငြင်းကြတော့သည်။
ထို့ကြောင့် ရွှေဝတ်ရည်ကို ၃၅အေလမ်းရှိ အော့ဖ်ဆက်တွင် ရိုက်ဖို့အတွက် ပိုင်ရျင်ရှိရာ မေမြို့အထိ မဂ္ဂဇင်းထုတ်ဝေသူ ဒေါ်နုနုယဉ် နှင့် ဆရာမောင်သစ်လွင်(လူထု) ကိုယ်တိုင် သွားရောက်ကာ အကျိုးအကြောင်း ရှင်းပြ အကူအညီတောင်းရ၏။ တော်သေးသည် ပိုင်ရှင်ကလည်း စာပေနှင့် ဆက်နွယ်သည့် မျိုးဆက်မို့ ရိုက်ရန် သဘောတူခဲ့သည်။ ထို့ကြောင့် ရိုက်နှိပ်ရေး လုပ်ငန်း အစီအစဉ်နှင့် ပတ်သက်ပြီး မန္တလေးရှိ ပုံနှိပ်စက်မန်နေဂျာနှင့် မဂ္ဂဇင်းဒီဇိုင်း တာဝန်ခံ ဆရာဇေသော်( ဒီဇိုင်း မောင်မောင်ချိုဦး) တို့က အသေးစိတ် ညှိနှိုင်းကြရသည်။ သို့သော် မဂ္ဂဇင်းဖောင်ပိတ်ပြီး သတ်မှတ်ရက်အမီ စာအုပ်အပြီးရိုက်နှိပ်ဖို့က အဆင်မပြေ။ ထိုအချိန် အရေးကြီး
သည့် အပြင်အလုပ် ပုံရှည်တွေ ရှိနေလျှင် ထိုအလုပ်က ဖြုတ်ချလို့မရ။ သူ့လုပ်ငန်းပြီးမှ မဂ္ဂဇင်းကို ရိုက်ပေးသည်။ မဂ္ဂဇင်းက ဦးစားပေး အလုပ်မဟုတ်ချေ။ ဤသို့ဖြင့် စက်က အဆင်ပြေသည့် ရက် အဆင်ပြေသည့် အချိန်မှ ရိုက်ကာ ဖောင်စုံလျှင် စီစစ်ရေးတင်ဖို့ အရေအတွက်အတိုင်း နမူနာစာအုပ်ချုပ်ပြီး ကော်စိုစာအုပ်များနှင့် မီရာ ရထားစီးကာ ရန်ကုန်ဆင်း၍ စီစစ်ရေးရုံးသို့ တင်ရ၏။ ထိုအလုပ်ကို ထုတ်ဝေသူ ဒေါ်နုနုယဉ်နှင့် သားငယ် ကိုတိုးတို့က ဆောင်ရွက်ကြရသည်။
၃လ တစ်အုပ်က အစောဆုံး
———————————–
ရန်ကုန်စီစစ်ရေးရုံးသို့ တင်တော့ မန္တလေးက စာအုပ်မို့ ပုံမှန်မဟုတ်ဘဲ သီးခြား စစ်သတဲ့။ တို့ကြောင့် သူတို့ စစ်မည့်ရက်အထိ စောင့်နေရပြန်သည်။ ဒါကလည်း တစ်ပတ်နှင့် ပြီးလျှင် ကံကောင်း၏။ စစ်ပြီးပြီဆိုလျှင် ဖြုတ်ရ ပယ်ရ ဖြတ်ရ ငွေမင်သုတ်ရမည့် စီစစ်ပြီးစာအုပ်ကို ယူကာ မန္တလေးသို့ မီရာ ရထားနှင့် အမြန်ပြန်ရပြန်၏။ မန္တလေးရောက်တော့ အယ်ဒီတာအဖွဲ့နှင့် အတူ ဖြုတ် ဖြတ် ပယ် ပိတ်များ အတိုင်း ဆောင်ရွက်နိုင်ရန် စာမျက်နှာ ပြန်ဖွဲ့ ဖလင်ပြန်ရိုက် ဖလက်ပြန်တွဲ ရိုက်ရက် ပြန်စောင့် ရိုက်ရက်ရမှ ရိုက် ချုပ် လုပ်ငန်းစဉ် ပြန်လုပ်ရသည်။ စာအုပ်ချုပ်ပြီးပြန်တော့ စီစစ်ပြီးသည့်အတိုင်း ဆောင်ရွက်ပြီးကြောင်း ရုံးသို့ ပြန်တင်ကာ ဖြန့်မိန့်ရမှ ဆိုင်တင်ရတော့သည်။ ကိုင်း သည်တော့ မန္တလေးက မဂ္ဂဇင်းထုတ်ရသည်က စိတ်မော လူမောကာ ၃လနေမှ တစ်အုပ် ၄လနေမှ တစ်အုပ် အနိုင်နိုင် ထုတ်နိုင်၏။
သည်တော့ လစဉ်ပုံမှန် ထုတ်သည့် ရန်ကုန်မဂ္ဂဇင်းတွေကို ဘယ့်နှယ် ယှဉ်နိုင်ပါ့မလဲ။ သည်တော့ စိတ်မော လူမောသည်သာမက စီးပွားရေးအရလည်း မအောင်မြင်တော့ ငွေပါမောကြရ၏။ သည်ကြားထဲ အတိမ်းအစောင်းမခံ ထောင်နှုတ်ခမ်း လျှောက်ရသေး၏။ ထို့ကြောင့် တော်ရုံ စိတ်ဓာတ် တော်ရုံဇွဲနှင့် မဂ္ဂဇင်းထုတ်ဖို့မလွယ်ခဲ့ပေ။ ရွှေဝတ်ရည် မဂ္ဂဇင်း ထုတ်ဝေသူ ဒေါ်နုနုယဉ် က ထိုစိတ်ဓာတ် ထိုဇွဲ ထက်သန်သည်။ သူသာမက ခင်ပွန်းဖြစ်သူ ဦးကျော်မင်းကလည်း အားပေးသည်။ သားများသမီးများကလည်း ဝိုင်းဝန်းကြသေး၏။ ဤသို့ဖြင့် ရွှေဝတ်ရည်ကို မလျော့သောဇွဲနှင့် ထုတ်ဝေခဲ့ရာ
ဆရာမောင်သစ်လွင်(လူထု)၏ ကြီးကြပ် ကွပ်ကဲမှု အောက်မှာ ရွှေဝတ်ရည်က သုံးလတစ်ကြိမ်၊ ခြောက်လ တစ်ကြိမ် ဆိုသလို ထုံ့ပိုင်း ထုံ့ပိုင်းနှင့် ထွက်နေသည်မှာ အမှတ်စဉ် ၁၊ ၂၊ ၃၊ ၄ …စသည်။
ရွှေဝတ်ရည် အမှတ် ၅
————————–
ထို့နောက် အမှတ် ၅ မထွက်မီ ရွှေဝတ်ရည်သို့ ကျွန်တော်နှင့် စိုးဝင်းငြိမ်းတို့ နှစ်ဦးသား ရောက်သွားကြသည်။ ပြင်ဆင်လက်စ ဒီဇိုင်းအချို့လည်း ရှိပါ၏။ ကျွန်တော်က အမှုဆောင်အယ်ဒီတာအဖြစ် နဖူးတွေ့ဒူးတွေ့၊ ဒီဇိုင်းစိုးဝင်းငြိမ်း ကလည်း မဂ်္ဂဇင်း ဒီဇိုင်းကိုင်သူအဖြစ် နဖူးတွေ့ဒူးတွေ့။ ဒီလိုနှင့် ရွှေဝတ်ရည်အမှတ် (၅)မဂ်္ဂဇင်းစာအုပ် ထွက်လာပြီ။ ကျွန်တော်တို့မှာ ပုံနှိပ်မင်နံ့၊ ကော်နံ့ပင် မပျောက်သေးသော မဂ်္ဂဇင်းအသစ်လေးကို ဖင်ပြန်ခေါင်းပြန် လှည့်ပတ်ကြည့်ရင်း ရင်ထဲတလှပ်လှပ်နှင့် ဝမ်းသာပီတိဖြစ်နေမိ၏။
ဆရာမောင်သစ်လွင်(လူထု)ကလည်း မဂ်္ဂဇင်းစာအုပ် အသစ်လေးကို တစ်မျက်နှာချင်း သေချာကြည့်ကာ ခေါင်း တညိတ်ညိတ်နှင့် ကျေနပ်နေသည့် ပုံဖြစ်သည်။ အားလုံး တစ်မျက်နှာမကျန် အပြန်အလှန် ကြည့်ပြီး ဆရာက ကျွန်တော်တို့ နှစ်ယောက်စလုံးကို သူ့အနားသို့ ခေါ်လိုက်သည်။ ထို့နောက် မဂ္ဂဇင်းစာအုပ် အသစ်လေးကို တစ်မျက်နှာချင်း လှန်လိုက်သည်။ စိုးဝင်းငြိမ်းက ကျွန်တော့်မျက်နှာကို လှမ်းကြည့် လိုက်၏။ ကျွန်တော်ကလည်း သူ့ကို အားကိုးတကြီး ပြန်ကြည့်မိသည်။
ဆူးငှက်
