မန္တလေး၊ သြဂုတ်- ၁- ၂၀၂၆
SA(VOM)
ဖမ်းဆီးရမိထားတဲ့ မီလျှံနာရွှေဆိုင် ဓါးပြတိုက်မှုကျုးလွန်သူ ၆ ယောက်ထဲက သုံးယောက်ဟာ ပေါ်ဦးရွှေဆိုင်နဲ့ မိုးမန္တလေး ရွှေဆိုင်တွေကို ဓါးပြတိုက်တာမှာ ပါဝင်ခဲ့သူတွေဖြစ်နေကြောင်းစစ် ဆေးပေါ်ပေါက်ခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၁၁၀ လမ်း ၆၂ လမ်းနဲ့ ၆၄ လမ်းကြားမှာရှိတဲ့ မီလျံနာရွှေဆိုင်ကို ဇူလိုင် ၂၀ ရက်နေ့က ဓားပြတိုက်သွားတဲ့ ဓားပြတိုက်သူ ၅ ယောက်နဲ့ စီစဥ်ညွှန်ကြားတဲ့ ခေါင်းဆောင် ၁ ယောက် အပါအဝင် ၆ ယောက်စလုံးကို ဇူလိုင်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
မီလျှံနာရွှေဆိုင်ကို ဓါးပြတိုက်သူတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ရှာဖွေတာမှာ ဓါးပြတိုက်မှုကျုးလွန်ချိန်က စီးလာတဲ့ ကလစ်ဆိုင်ကယ်ဆိုင်ကယ် နံပါတ်ကနေ တဆင့် ခြေရာခံမိခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူတွေကို မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ဘက်ခြမ်းက အာလောင်ကျေးရွာများတွေကတဆင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဦးဆောင်သူဓားပြခေါင်းဆောင် ၁ ဦး ကို ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ဓားပြတွေနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူ ၅ ယောက်ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် (ပ)၁၁၄/ ၂၀၂၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်အရေးယူထားကာ စစ်ဆေးမေးမြန်းရာကတဆင့် ဓားပြအဖွဲ့ထဲက ၃ ယောက်ဟာ ၂၀၂၃ ခုနှစ်က ပေါ်ဦးရွှေဆိုင်နဲ့ ၂၀၂၅ ခုနှစ်က မိုးမန္တလေးရွှေဆိုင် ဓါးပြတိုက်ရာတွင် ပါဝင်ခဲ့ကြောင်းကိုလည်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
