တောင်ကုတ်မြို့နယ် စက်လှေတိမ်းမှောက်မှု ပျောက်ဆုံးနေသူ ရှစ်ယောက်ကို ရှာမတွေ့သေး

ဩဂုတ် ၁ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က စက်လှေ တိမ်းမှောက်လို့ ပျောက်ဆုံးနေသူ ရှစ်ယောက်ကို လက်ရှိအချိန်အထိ ရှာဖွေတွေ့​သေးဘူးလို့ ဒေသအခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
စက်လှေတိမ်းမှောက်မှုမှာ မနေ့ ဇူလိုင် ၃၁ ရက်၊ ညနေ ၅ နာရီဝန်းကျင်ကဖြစ်ပြီး ဖောင်းခါးကျေးရွာမှ ပန်းတင်ကျွန်းကို မောင်းနှင်လာစဉ် လမ်းခုလပ်မှာ လှိုင်းလေပြင်းထန်မှုကြောင့် စက်လှေ နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။
“ဖောင်းခါးနဲ့ ကလိန်တောင်ကို ပြေးဆွဲနေတဲ့ စက်လှေ မှောက်တာပါ။ တောင်ကုတ်နယ် ပန်းတင်ကျွန်းကနေ ဖောင်ခါးကျွန်းကို ကလိန်တောင်မြစ်အတိုင်းဖြတ်ပြီး မောင်းနေတဲ့အချိန် ငမုန်းတိုင်ရွာနား အရောက်မှာ လေပြင်းတိုက်လို့ မှောက်တာ။ စက်လှေပေါ်မှာ ဆရာ၊ ဆရာမတွေရော၊ ဒေသခံတွေရော ပါလာတယ်။ ဆရာ၊ ဆရာမတွေကတော့ လပတ်အစည်းအဝေးတက်ပြီး ပြန်လာတာလို့ သိရတယ်။ လှေမှောက်တော့ လေးယောက်ကို အသက်ရှင်လျက် ကယ်နိုင်တယ်။ တယောက်ကတော့ ဒီနေ့မနက်က အလောင်းပြန်ရတယ်။ ကျန်တဲ့ ရှစ်ယောက်ကတော့ ပျောက်နေတုန်းပဲ” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
အဲဒီစက်လှေပေါ်မှာ အမျိုးသား ကိုးယောက်၊ အမျိုးသမီး လေးယောက် လိုက်ပါလာတာဖြစ်ပြီး လက်ရှိမှာ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားကာ ပျောက်ဆုံးနေသူတွေကတော့ အမျိုးသား ခြောက်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်လို့ သူက ပြောပါတယ်။
သေဆုံးသူနဲ့ ပျောက်ဆုံးနေသူတွေဟာ တောင်ကုတ်မြို့နယ်က ပန်းတင်း၊ ဖောင်းခါး၊ ကလိန်တောင်နဲ့ တန်းလွှဲရွာမက ပညာရေးဝန်ထမ်းတွေလို့ သိရပြီး လက်ရှိမှာ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကမ်းနားလမ်း၊ ချင်းတွင်းမြစ်အတွင်း စက်တပ် လှေငယ်တစီး တိမ်းမှောက်မှုကြောင့် လှေပေါ်လိုက်ပါလာသူ ခုနစ်ယောက်ထဲက ငါးယောက် ပျောက်ဆုံးခဲ့ပါ​သေးတယ်။
အဲဒီလိုပဲ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ တာလုံကျေးရွာရှိ ဇက်ကူးဆိပ်မှာ မြစ်ဖြတ်ကူးမယ့် ကားတစီးကို ဇက်ပေါ် တင်ဆောင်နေစဉ် ဇက်ကြိုး ပြတ်တောက်သွားခဲ့တာကြောင့် ဇက်ပေါ်ပါလာသူ ခုနစ်ယောက်အနက် ငါးယောက် ရေထဲမျောပါ ပျောက်ဆုံးခဲ့ပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကင်းချောင်းကို ဖြတ်ကူးလာတဲ့ စက်လှေတစီး တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၃၅ ယောက်အနက် အမျိုးသမီး ငါးယောက်နဲ့ အမျိုးသား ခြောက်ယောက်၊ စုစုပေါင်း ၁၁ ယောက် သေဆုံးခဲ့ကာ ၂၄ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW