မြဝတီမြို့မှာ ရေအတက်မြန်ပြီး အိမ် တ​ထောင် လောက်ရေနစ်လို့ ညတွင်းချင်းရွှေ့ပြောင်းခဲ့ရ

ဩဂုတ် ၂၁ ၊ ၂၀၂၆
GG (VOM)
ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေအတက်မြန်ပြီး စိုးရိမ်ရေမှတ်ထက် ၅ ပေကျော် ကျော်လွန်နေတာကြောင့် ရေဘေးသင့်သူတွေကို ညတွင်းချင်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး နေအိမ် တ​ထောင် နီးပါး ရေနစ်နေတယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ၊အမှတ် ၂ ရပ်ကွက် ၊ အမှတ် ၅ ရပ်ကွက်တွေ နဲ့ သောင်ရင်းမြစ်ကမ်းဘေး အနိမ့်ပိုင်းနေရာတွေအားလုံးရေကြီးနေပြီး လက်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းသုံးခုမှာ ရေဘေးသင့်သူ ၅၀၀ ထက်မနည်းရှိတယ်လို့ သိရပါတယ် ။
” ရေက မနေ့က သိပ်မရှိဘူး ။ ညပိုင်းရောက်မှ သိသိသာသာတိုးလို့ ညတွင်းချင်းပြောင်းရွှေ့ပေးရတယ်။ အနိမ့်ပိုင်းတွေ အကုန်ရေဝင်နေပြီ။ ပစ္စည်းကြီးကြီးမားတွေတော့ မရွှေ့နိုင်ဘူးပေါ့။ရေက ရပ်ကွက် ၃ ဘက်လည်း စဝင်နေပြီ။ ရပ်ကွက် ၁ ကတော့ အဆိုးဆုံးပါ ။ ရေကထပ်တက်အုံးမယ်ဆိုတော့ နောက်ရက် မြို့တွင်းလမ်းမကြီးတွေအထိ ရောက်လာနိုင်တယ်။ ကယ်ဆယ်ရေးစခန်းခြောက်ခုရှိတာကိုအခု သုံးခုဖွင့်ထားတယ်။ ” လို့ မြဝတီမြို့ အခြေစိုက် လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ် ။
သောင်ရင်းမြစ်ရေက ညပိုင်းမှာတုန်းက တနာရီကို ၂၀ စင်တီမီတာလောက် ရေတိုးခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာတော့ ရေတက်နူန်းငြိမ်နေကြောင်း ၊ မြဝတီမြို့မှာရေကြီးတာနဲ့တပြိုင်နက် စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်တွေ ရေထဲအစုလိုက်အပုံလိုက် ရှိလာတယ်လို့ သိရပါတယ် ။
” ရေကြီးတာနဲ့ ကြုံရတဲ့ အမှိုက်ပြဿနာ ဒုက္ခက တော်တော်ဆိုးပါတယ်။ ရေတွေကလည်း မြေနီရောင်ထပြီး ရေထဲမှာ အမှိုကိတွေက ဗရပွပါပဲ ။ ရောဂါဖြစ်ပွားမှာကို ကြောက်ရပါတယ်။ ရေကြီးတိုင်း အမှိုက်နဲ့ နူန်းတွေကျန်တဲ့ ပြဿနာက ဆိုးပါတယ်။ခုထိ ဘယ်သူမှမဖြေရှင်းနိုင်ဘူး။ ရေကအခုတန့်နေပေမယ့် မိုးဇလက ထပ်တက်မယ်ပြောထားတာဆိုတော့ ဂရုစိုက်ရမယ့် အခြေအနေပါ ။ ” လို့ မြဝတီ ဒေသခံက ပြောပါတယ် ။
လက်ရှိမှာ သောင်ရင်းမြစ်ရေက မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၅ ပေ ၃ လက်မခန့်ကျော်လွန်နေပြီး နောက်တရက်အတွင်းမှာလည်း ရေ ၅ ပေထပ်တက်လာနိုင်တယ်လို့ ဒီနေ့ ဩဂုတ် ၂၁ ရက်၊မနက် ၆ နာရီခွဲမှာ မိုးဇလကထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဘီဝမ်း /CJ

Related posts

Leave a Comment

VOM News

FREE
VIEW