အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁)

ဆူးငှက်
မတ်လ ၂၈ရက်တဲ့။ ဒီရက်စွဲကို ကျွန်တော် မှတ်မှတ်ထင်ထင် ရှိနေတယ်။ ဖက်ဆစ်တော်လှန်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ ကာလ တလျှောက်လုံး ရှေ့တန်းက ဦးဆောင်ခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အာဏာရ ဖ.ဆ.ပ.လ အစိုးရတို့ကြား သဘောထားကွဲလွဲမှု အထွတ်အထိပ်ရောက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီက လက်နက်ကိုင်လမ်းစဉ် စတင်လိုက်တဲ့နေ့ပဲ။ ဒါနဲ့ တဆက်တည်း ၁၉၄၈ခုနှစ် မတ်လ ၂၈ရက်ကို ဂုဏ်ပြုပြီး ၄၈၂၈ ဆိုတဲ့ ကိန်းဂဏန်းကိုလည်း သတိရနေတယ်။
၂၀၂၀ခုနှစ် ကိုဗစ်ကပ်ရောဂါဘေးမှသည် သည်ဘက် ရန်သူမျိုး ၅ပါးနဲ့ အထွေထွေဘယာဘေးတွေကြောင့် စာဖတ်တာ လူမှုကွန်ရက်သုံးတာနဲ့ တောင်တွေးမြောက်တွေး အလုပ်တွေပဲ လုပ်ဖြစ်ပြီး တယောက်ထဲနေဖြစ်တာများတယ်။ ဒါကြောင့် မတ်လ ၂၈ရက်ဆိုတာနဲ့ ဒီရက်စွဲနဲ့ ပတ်သက်တာတွေ ခေါင်းထဲ ပေါ်လာတော့တာပါပဲ။ ဒါပေမယ့် ဒီနေ့ (၂၀၂၅- မတ်လ) ၂၈ရက်နေ့မှာတော့ ပန်းချီပြခန်း တခန်းက သူတို့ ပြုလုပ်မယ့် သင်္ကြန်အကြို ပွဲလေးတပွဲအတွက် တိုင်ပင်ဆွေးနွေးရင်း သူတို့ပြခန်းလေးကကြည့်ဖို့လည်း ဖိတ်ထားတယ်။ ဖိတ်ထားတဲ့သူထဲမှာ သင်္ကြန်မိုးရုပ်ရှင်ကား ထုတ်လုပ်သူ ကိုဇော်မြင့်လည်း ပါတယ်ဆိုတော့ အပြင်ထွက်ဖို့ နှေင့်နှေးလေးလံနေပေမယ့် သွားမယ်လို့ ဆုံးဖြတ်ပြီး ပြခန်းပိုင်ရှင်ဇနီးမောင်နှံကို လာခေါ်လှည့်ပါလို့ အကြောင်းကြားလိုက်ပါတယ်။
အပြင်မထွက်ဖြစ်တော့လည်း မိတ်ဆွေတွေနဲ့ မတွေ့ရတာကြာပြီ။ ကိုဇော်မြင့်ဆိုတာ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ဝန်းကျင်မှာ တပတ် ၄ကြိမ်လောက်တွေ့ဖြစ်နေတာ။ အဲ့ဒီကာလ ကျွန်တော်က မနက်လင်းတာနဲ့ နန်းဦးလွင်က မိသားစုကဖေးကို လမ်းလျှောက်ရင်း ရောက်သွားတယ်။ အဲ့ဒီမှာ ရွာခံဖြစ်တဲ့ ဒါရိုက်တာကဲသာ ခေါ်တဲ့ ကာတွန်းတွတ်တွတ်နဲ့အတူ ပန်းပု၊ ဆက်တင်နဲ့ ဇာတ်ခုံမီးပညာရှင် ဦးကျော်ရှိန်က ရောက်နှင့် နေတယ်။ တဆက်တည်းပဲ ယဉ်ပျံမှာနေတဲ့ ဒါရိုက်တာ ဆရာမောင်ယဉ်အောင်က သူ့မိတ်ဆွေ ပွဲစားကိုချစ်ဖေရဲ့ ကားလေးနဲ့ ရောက်လာတယ်။ ခဏနေတော့ ရွာစားစိန်မွတ္တားရောက်လာတယ်။ မြို့မအဆိုတော် ထိပ်တင်ဆန်း ရောက်လာတယ်။ ပန်းချီဦးသောင်းစိန်က ရှေ့နေကိုချစ်ညီနဲ့ ရောက်လာတယ်။ ကိုဇော်မြင့်က ဟိုအနောက် ဆိုင်းတန်းဖက်ကနေ ကားလေးနဲ့ ရောက်လာတယ်။ အဲ့ဒီအချိန် ရေစစ်ကန်နားနေတဲ့ ဦးရွှန်းမြိုင်လည်း ဆိုင်ကယ်လေးနဲ့ ရောက်လာတယ်။ လမ်း၈၀ဖက်မှာနေတဲ့ မြင့်မာလာရုပ်ရှင် ကိုမျိုးသိန်းလည်းရောက်လာတယ်။ ဒီမိသားစုကဖေး စကားဝိုင်းကနေ ပန်းဒဏ္ဍာရီ၊ ကိုးဆယ်ဆ သာလိမ့်မယ်တွေ ပေါက်ဖွားလာသလို ကျွန်တော့် တိမ်ယံအိပ်မက် မိုးထက်နရီလည်း ရေးဖြစ်တယ်။ ဆရာ ဦးရွှန်းမြိုင်နဲ့လည်း ဆိုတီးကြမြို့မမောင်တွေ စီးရီး လုပ်ဖြစ်တယ်။ မန္တလေးအနှစ်၁၅၀ အနုပညာပုံရိပ်ပွဲတော်တွေ ကျွန်တော့် ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာတွေလည်း ဆက်တိုက် လုပ်ဖြစ်တဲ့ ကာလတွေပေါ့။ ပျော်စရာ ကာလတွေ။
ပြောချင်တာက အရင်က နေ့တိုင်းလိုလို တွေ့ဖြစ်နေကြတဲ့ ကျွန်တော်တို့တတွေ ၂၀၁၀နောက်ပိုင်း အတွေ့နည်း ကုန်တယ်။ တပတ် တခါတောင် မတွေ့ဖြစ်ကြတော့ဘူး။ နောက် ၂၀၂၀နောက်ပိုင်းကျ မတွေ့ဖြစ်ကြသလောက် ဖြစ်ကြရတယ်။ အခုနောက်ပိုင်း ပိုဆိုတာပေါ့။ မတွေ့ကြတော့ဘူး။ ကပ်ဘေးအသီးသီးမှာ ဆုံးသူတွေ ဆုံးကုန်ပြီ။ ပြောချင်တာက ကိုဇော်မြင့်ကို ကြားထဲမှာ စိုင်းစိုင်းခမ်းလှိုင် မန္တလေးလာပြီး သင်္ကြန်ဇာတ်ကားရိုက်တော့ ဒါရိုက်တာ ဆရာမီးပွားနဲ့အတူ အိမ်ရောက်လာလို့ ဆုံဖြစ်ကြတာက လွဲပြီး မတွေ့ဖြစ်တော့ဘူး။ ဒီတော့ သင်္ကြန်အကြိုပွဲလုပ်ကြမယ့် ပရိတ္တဝါ ပန်းချီပြခန်းက ကိုညီညီနိုင်နဲ့ သူ့ဇနီး မစူးစံတို့က သူတို့ပြခန်းမှာ ကိုဇော်မြင့်ရော ဒီနေ့ဆုံကြမယ်ဆိုတော့ အခန့်သင့်သွားတာပေါ့။ သူတို့က ကိုဇော်မြင့်ရော ၁၁နာရီမှာလာလိမ့်မယ်၊ ကျွန်တော့်ကို ၁၀နာရီကျော်လောက် လာခေါ်မယ်တဲ့။ ကိုဇော်မြင့်ရော ကျွန်တော်ရော ဆုံဖြစ်ကြမယ်ဆိုလို့ မန္တလေးအက်ဖ်အမ်က မန်းသူသက်သက်ငြိမ်းလည်း လာဦးမယ်တဲ့။ ကိုင်း.. ကြုံတုန်းဆုံတုန်း စကားပြောကြရမှာပေါ့။
ဒီလိုနဲ့ အဲ့ဒီနေ့ မနက် ၁၀နာရီထိုးခါနီးတော့ ရေမိုးချိုး အဝတ်အစားလဲပြီး အိမ်က စောင့်နေတယ်။ အိမ်မှာက သားအငယ်တို့ မိသားစုက မရှိကြဘူး၊ ပျဉ်းမနားသွားကြတယ်။ ဒါကြောင့် သားအကြီးရယ် မြေးအကြီး ၉နှစ်သားရယ်၊ ကျွန်တော်တို့ ဇနီးမောင်နှံပဲရှိကြတယ်။ စောင့်နေရင်းနဲ့ အတော်ကြာတော့ ကိုဇော်မြင့်က ဖုန်းဆက်လာတယ်၊ သူက အရေးပေါ်အလုပ်တခုပေါ်လာလို့ မလာနိုင်တော့ဘူးတဲ့၊ ကိုဆူးပဲ သွားလိုက်ပါတဲ့၊ နောက်ရက်မှ ပြခန်းကို သူသွားကြည့်ပြီး တွေ့လိုက်ပါမယ်တဲ့။ ကျွန်တော်ကလည်း ဒါဆို ကမန်တော်က ချိန်းပြိးသား ဖြစ်နေလို့ သွားလိုက်ပါမယ်လို့ ကိုဇော်မြင့်ကို အကြောင်းပြန်လိုက်ပါတယ်။ ကိုဇော်မြင့် ဆက်ပြီးမကြာပါဘူး။ ကိုညီညီနိုင်က သူလာခေါ်နေပါပြီလို့ ဖုန်းဆက်ပြီး ပန်းချီကိုကျော်ခိုင်ရဲ့ကားနဲ့ရောက်လာတယ်။ ဒါနဲ့ ၁၁နာရီခွဲလောက်မှာပဲ အိမ်က ထွက်ဖြစ်ကြတယ်။ အိမ်မှာ ဇနီးသည်က ဈေးကိုခဏ ပြေးလိုက်ဦးမယ်ဆိုပြီး ဆိုင်ကယ်နဲ့ ထွက်သွားလို့ ၉နှစ်အရွယ် မြေးလေးကို ဝင်းတံခါးပေါက်ထိ လိုက်စေပြီး တံခါးကို သော့ချိတ်ခိုင်းတယ်၊ ခဏနေ ဖွားဖွားပြန်လာမှာ၊ ဖွားဖွားလာရင် သော့ဖြုတ်ပေးလိုက်၊ အိမ်ပေါ်မှာ မင့်အဖေရှိတယ်လို့လည်း မှာခဲ့ရတယ်။
ပြခန်းက မဝေးပါဘူး။ ၃၂လမ်းအကျော် ကြားလမ်းထဲမှာ၊ ၇၃လမ်းက ညာကိုချိုးလိုက်တာနဲ့ ရောက်ပါပြီ။ ကိုကျော်ခိုင်က ပြခန်းမှာ နိဗ္ဗာန်ဆော်အမည်နဲ့ ပြပွဲပြနေတာ ဒီနေ့နောက်ဆုံးတဲ့။ ဒါကြောင့် သူက ပန်းချီကားဝယ်ထားတဲ့သူတွေဆီ ပန်းချီကားတွေ လာယူဖို့ ဖုန်းဆက်နေတယ်။ ကျွန်တော်က ပန်းချီပြခန်းကို အခုမှရောက်ဖူးလို့ ပန်းချီကားတွေ ကြည့်နေတယ်။ မစူစံက အပေါ်ထပ်က ကလေးပန်းချီသင်တန်း၊ ချည်ထည် အရောင်းကောင်တာနဲ့ ကော်ဖီဘားလေးကို လိုက်ပြတယ်။ ပန်းချီပြခန်းက အပြင်ကကြည့်ရင်တော့ ကျဉ်းသလိုပေမယ့် ထပ်ခိုးတွေနဲ့မို့ ၃ထပ်တောင်ရှိတယ်။ အေးအေးလူလူ နားစရာနေရာကောင်းလေးပါ။ အပေါ်ထပ်လည်း ကြည့်ပြီး အောက်ဆင်းတော့ မန္တလေးအက်ဖ်အမ်က မန်းသူသက်သက်ငြိမ်းလည်း ရောက်လာတယ်။ ခုံလေးတွေချ စကားဝိုင်းဖွဲ့ကြတော့ မစူစံက သူ့ဆိုင်ရဲ့နံမည်ကျော် ကော်ဖီအေးတိုက်ပါတယ်။ စကားဝိုင်းက ထုံးစံအတိုင်း မန္တလေးသားများ လုပ်ချင်ရင် ပိုက်ဆံမရရုံမက ကိုယ့်အိတ်ထဲက စိုက်ထုတ် အကုန်ခံပြီး မဖြစ်မနေလုပ်ကြကြောင်း ကိုဇော်မြင့်ရဲ့ သင်္ကြန်မိုးကို ပမာပြုပြီး ပြောဖြစ်ကြတာပေါ့။
အပေါ်ထပ်မှာဖွင့်ထားတဲ့ ကလေးပန်းချီသင်တန်းက ကျောင်းဆင်းလို့ မိဘတွေက လာခေါ်သါားကြပြီ။ ဒိတော့ ပြခန်းလေးက ပိုတိတ်ဆိတ်သွားလို့ စကားဝိုင်းက ပိုမြိုင်လာတယ်။ သင်္ကြန်မိုး၊ ခင်ခင်ထားရဲ့တိုက်ကြီး၊ ကိုငြိမ်းမောင်ရဲ့့ ရေနီမြောင်းဘေးက အိမ်မှသည် ထုံးစံအတိုင်း ဝင်းဦးနဲ့မြို့မအထိ ရောက်သွားပြီ။ မစူစံက ပြခန်းမှာ သူချက်ထားတဲ ထမင်းစားရအောင်တဲ့၊ ကြက်သားချက်ထားတယ်တဲ့။ ကျွန်တော်က စကားကောင်းရင် ထမင်းမေ့တဲ့သူ။ ထမင်းစားခေါ်ရင် စိတ်ဆိုးတဲ့သူ၊ ထမင်းက အရေးကြီးတာမှတ်လို့။ စကားဆိုတာက အရှိန်ရမှလေ။ ဒါကြောင့် အခုမှ ၁၂နာရီခွဲရှိသေးတာ။ ဒို့က နာရီပြန် ၂ခက်လောက်မှ ထမင်းစားဖြစ်တာလို့ ငြင်းလိုက်တယ်။ ဒီတော့ မစူစံလည်း စိတ်ဒုံးဒုံးချပြီး ခုံလေးတလုံးဆွဲယူပြီး စကားဝိုင်းထဲ ဝင်လာတယ်။ သက်သက်ငြိမ်းက တလက်စထဲ လေဘာတီမမြရင် အနှစ်၁၀ဝပြည့် အငြိမ့်ခွေကို ကျွန်တော်တို့ ရိုက်ဖြစ်ခဲ့တဲ့အကြောင်း အစဆွဲထုတ်ပြီး မေးတယ်။
ဒီတင် ကျွန်တော်လည်း ကျွန်တော်ကျွမ်းကျင်တဲ့ ဘာသာရပ်မို့ လင်းလက် တင်အောင်မိုး၊ ရွှေပြည်သာ ဖိုးနောင်၊ ရွှေမန္တလေး သာဇော်နဲ့ နန်းမြင့် ဆွေနိုင်စစ်တို့ရဲ့ လမ်း၈၀ တာရဲတန်းက ဘီယာဆိုင်မှာ ဝန်ကြီး၄ပါးပြည်တည်ခန်းကို ပြောပြဖြစ်ပါတော့တယ်။ ဖျိုးခနဲ ဖျပ်ခနဲ ပေါ်လာတဲ့ စိတ်ကူးစိတ်သန်းကို ရှေးမန္တလေးသားများထုံးစံအတိုင်း ချက်ချင်းထ အကောင်အထည်ဖော်ကြပုံကို အခုလိုပြောပြတယ်။ “ရှေးက မြို့မအဆိုတော် ကိုလှမြင့်ဆိုသူရှိတယ်။ သူက သူဌေးသား၊ ကျောက်သွေးတန်းက နံမည်ကျော် ဦးလှဟန် ထီဆိုင်ဆိုတာ သူ့ဖခင်ပေါ့၊ တနေ့သား လက်ဖက်ရည်ဆိုင်မှာ အပေါင်းအသင်းတွေနဲ့ ထိုင်ရင်း စိတ်ကူးပေါက်ပြီး အပျင်းပြေရုပ်ရှင်တကားလောက် ရိုက်ဦးမယ်ဆိုပြီး နံမည်ကျော် ”ကံ” ဆိုတဲ့ ဇာတ်ကားရိုက်တာလေ “ ဆိုတော့ အံ့သြနေကြတယ်။ မမြရင်ကိုလည်း အဲ့လိုစိတ်ကူးပေါက်ပြီး မပြင်မဆင် ရိုက်ကြတာလေ လို့ ကျွန်တော်ကလည်း ရှေးလူကြီးတွေ အစွမ်းအစနဲ့ မတန်မရာနှိုင်းခိုင်းပြီး ခပ်ကြွားကြွားပြောမိတာပေါ့။
ဒီတင် မထင်မှတ်ဘဲ ဝုန်းခနဲ အသံနဲ့ ဆွဲခါလှုပ်လိုက်သလို ခံစားလိုက်ရတယ်။ သေချာပြီ ငါက မတန်မရာ နှိုင်းခိုင်း ပြောဆိုလို့ မဟာပထဝီမြေကြီးက သတိပေးလိုက်တာထင်ရဲ့၊ ဒီလိုပါပဲ စိတ်ထင်လို့လည်း ဖြစ်မှာ၊ မနက်က လက်ဖက်ရည်သောက်ပြီး အခုကော်ဖီထပ်သောက်လိုက်လို့ ပြောရင်းနဲ့ ရင်တွေတုန် ဂယောင်ချောက်ခြား ဖြစ်တာလား။ မဟုတ်ဘူး ဆွဲဆွဲ ခါနေတာ၊ ပန်းချီကားတွေ ပြုတ်ကျကုန်တာ၊ ငလျင်လှုပ်တာ၊ ငလျင်လှုပ်တာ။ အားလုံးက လန့်ပြိး အော်ကြတယ်။ ခုံပေါ်က ပြုတ်ကျလို့ သမံတလင်းပေါ် ထိုင်ချလိုက်ကြတယ်။ ပြီးသွားပြီလား မပြီးသေးဘူး လှုပ်နေဆဲ။ ကြမ်းလိုက်တာ အခန်းက ယိမ်းထိုးနေပြီ။ အိမ်တွေတိုက်တွေထဲကလူတွေ လမ်းပေါ်အကုန်ရောက်ကုန်ပြီ။ အော်ဟစ်နေကြတာ ပွက်ပွက်ညံလို့။ မျက်နှာချင်းဆိုင်မှာ အထပ်မြင့်တိုက်တွေ။ တိုက်အချို့ပါ်က အင်္ဂတေအပိုင်းတွေ အုတ်တွေ ပြုတ်ကျနေပါပေါ့။
ကျွန်တော်က အိမ်မှာ ကျန်ခဲ့တဲ့ မြေးလေးကို စိုးရိမ်လိုက်တာ။ သူ့အဖွားတော့ ရောက်မှာပါ။ အိမ်မှာ ၃ယောက်ပဲ ကျန်ရစ်တာ။ သားကြီးကလည်း လက်က ခိုက်မိ ထားတာ။ ကျွန်တော်က လမ်းပေါ်ဝပ်ရင်း အိမ်ကို ဖုန်းတွေ အကြိမ်ကြိမ်ခေါ်နေမိတယ်။ လမ်းမပေါ်လူတွေ အလဲလဲ အပြိုပြိုနဲ့၊ အော်ကြဟစ်ကြ၊ ဓာတ်ကြိုးတွေက ပုခက်လွှဲသလို လှုပ်ရမ်းလို့။ အုတ်တံတိုင်းအချို့ လကျြကြပြီ။ ကျွန်တော်က ကိုကျော်ခိုင်ရေ အိမ်ကို အမြန်ပြန်မှ ဖြစ်မယ် ဆိုတော့ ဆရာ လှုပ်နေတုတ်းဗျ၊ ကားမမောင်းရဲသေးဘူးလို့ လှမ်းပြောတယ်။ သူကလည်း ကားဘေးမှာ ဝပ်လို့။ သက်သက်ငြိမ်းနဲ့ မစူစံကတွဲလျက်နဲ့ ဝပ်ရင်း အပေါ်ကပြိုကျမှာတွေကို ကြောက်ပြီး အော်နေကြတယ်။ ကိုညီညီနိုင်က နေရာရွှေ့ဖို့ ထပ်အော်နေတယ်။ ကိုကျော်ခိုင်က ဆရာ ကားပေါ်တက်တော့ ဆရာ့အိမ်ပြန်ကြမှ ဖြစ်မှာ လို့ ပြောရင်း ကားပေါ်တက်တော့ ကျွန်တော်လည်း ဘယ်သူ့မှ နှုတ်မဆက်နိုင်တော့ဘူး။ ကားပေါ် အမြန်တက်လိူက်တယ်။ ငလျင်က နည်းနည်းတော့ငြိမ်ပြီ။ လူတွေက လမ်းပေါ်မှာချည်း အော်ဟစ်ဆူညံလို့။ ကျွန်တော်က အိမ်ကိုပဲ မြန်မြန် ရောက်ချင်နေတော့တယ်။ ရှေ့မှာ လမ်းပိတ်နေပြီ။
(ဆက်ရန်)
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW