ဆူးငှက်
အောင်စာရင်း ထွက်တော့မည်
—————————-
၁၀တန်းအောင်စာရင်းတွေ မကြာခင် ထွက်တော့မယ်တဲ့။ အောင်စာရင်းများကို ဟံသာဝတီ သတင်းစာတိုက်က ရိုက်နှိပ်ပြီး ထိုနေ့နံနက်မှာပင် ဖြန့်ချိသွားမည်တဲ့။ သည်တစ်ခါတော့ အောင်မည်ဟု စိတ်ချ ယုံကြည်နေမိသည်။ သို့သော် အောင်စာရင်းတွင် ကိုယ့် နံမည်နှင့် ခုံနံပတ်ကို မျက်ဝါးထင်ထင်မြင်ရမှ သေချာပေမည်။ ထို့ကြောင့် အောင်စာရင်းကို မလင်းခင်က တိုးဝှေ့မကြည့်ဖြစ်စေကာမူ ဟံသာဝတီ သတင်းစာတိုက်က ရောင်းချမည့် အောင်စာရင်း စာစောင်ကိုတော့ ဝယ်ယူနိုင်ဖို့ အိမ်သို့ သတင်းစာလာပို့သည့် သတင်းစာကိုယ်စားလှယ် ကိူဉာဏ်ရှိန်ကို ကြိုတင်မှာထားရသည်။ အောင်စာရင်း မထွက်မီ ညက ဝမ်းကွဲ အစ်ကို ကိုမန်းမောင်က ဗိုက်အောင့်သောကြောင့် ဆေးခန်းသွားဖို့ အဖော် ခေါ်သောကြောင့် ဆေးခန်းရှိသည့် သင်္ဘောတန်းရပ်သို့ လိုက်သွားရသေး၏။
ဆေးခန်းကပြန်လာပြီး ဘယ်မှ မသွားတော့ဘဲ စောစော အိပ်လိုက်သည်။ မနက်ကျ ဝင်းဟန်တို့ သန်းလွင်တို့က အောင်စာရင်း သွားကြည့်ဖို့ လာခေါ်ရင်လည်း လိုက်ရုံပဲလေ။ သေချာတာကတော့ အိပ်မပျော်လောက်အောင် တုန်လှုပ် ရင်ခုန်ခြင်းတော့ မဖြစ်ခဲ့ပေ။ ဤသို့ဖြင့် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားသည်။ ခေါင်းအုံးပေါ် ခေါင်းချလိုက် သည်နှင့် တုံးခနဲ အိပ်ပျော်သွားပုံရသည်။ သို့သော် ဘယ်လောက်ကြာအောင် အိပ်ပျော်သွားမှန်း မသိပေမယ့် ဆူဆူညံညံအသံများနှင့် အဘက ကျွန်တော့်ကို နှိုးသံကြောင့် လန့်နိုးသည်။ အိမ်တိုင်းစေ့ပင် နိုးနေကြပုံရ၏။ အိမ်တိုင်းလိုလို မီးတွေ လင်းနေသည်။
ဆေးရုံသို့ အရေးပေါ်
——————
အဘက “ ထဦးကွ၊ မန်းမောင် နေမကောင်းလို့ ဆေးရုံပို့ရမှာတဲ့၊ မင်းလိုက်သွားဦး” ဟု ပြောသဖြင့် အံ့အားသင့်ကာ အပြေးအလွှား မျက်နှာသစ်ရသည်။ အနောက် ဝင်းပေါက်မှာ ကိုသန်း မြင်းလှည်းပင် ရောက်နေပြီ။ ကိုမန်းမောင် က ဝမ်းတွေ သွားတာတဲ့။ ဆရာဝန်ကို အရေးပေါ်ခေါ်တော့ ဆေးရုံသို့ပဲ ချက်ချင်းသွားဖို့ ညွှန်ကြားတာတဲ့။ ကိုမန်းမောင် ကို မမသန်းလှနှင့် တွဲကာ မြင်းလှည်းပေါ်တင်ပြီး ဆေးရုံသို့ ပြေးရတော့သည်။ ဆေးရုံက အိုပီတီသို့ ဝင်ပြပြီး ခွဲစိပ်ရုံ ၂ သို့ ချက်ချင်းတင်ရသည်။ ညက နာရီပြန် ၂ချက်ထိုးပြီ။ ဝမ်းသွားတာက ကတ္တရာလို အမည်းတွေဆိုတော့ အစာအိမ် သွေးကြော ပေါက်သည်မို့ လိုအပ်ပါက အရေးပေါ် ခွဲစိတ်ကုသရမည်တဲ့။ ဆေးရုံ ပေါ်ရောက်တော့ လိုအပ်သော ဆေးဝါးနှင့် ပုလင်းတွေ ချိတ်သည်။ လူမမာကတော့ စကားမပြောနိုင်။ သတိတော့ရသည်။ မမသန်းလှက ဆရာဝန်တွေ သူနာပြုတွေနှင့် လိုအပ်တာတွေ ကူညီနေသည်။ ကျွန်တော်က လူမမာ အနီး စောင့်ကြည့်နေရ၏။ လိုအပ်လျှင် သွေးလည်း သွင်းရမှာတဲ့။
သည်လိုနှင့် ပုလင်းတွေ ဆေးဝါးတွေနှင့် လူမမာက သက်သာလာပုံ ရသည်။ မမသန်းလှကတော့ မနက်လင်းလျှင် ဆရာဝန်ကြီး ဦးအောင်ညွန့်ထံ သွားတွေ့မည်ဟု ပြောသည်။ ဆေးရုံရှေ့ လမ်း ၃၀ပေါ်မှာတော့ ကားသံ မြင်းလှည်းသံတွေ ကြားနေရပြီ။ ဘူတာကြီးဘက်ကလည်း မီးရထားဆိုက်သံတွေ ကြားနေရ၏။ ကျျွန်တော်က အခုနေဆို အောင်စာရင်းတွေ ကပ်ထားလောက်ပြီဟု တွေးနေမိသည်။ လမ်း ၃၀ပေါ်က ဘတ်စ်ကား ဂီယာချိမ်းသံ မြင်းလှည်းသံတွေ ပိုစိတ်လာ၏။ ဈေးသည်အသံ လူသံတွေလည်း ဆေးရုံပေါ်အထိ ဝေ့တက်လာသည်။
ဆေးရုံပေါ်က လူမမာနှင့် အစောင့်တွေ အတော်များများ နိုးနေကြပြီ။ အောက်ဆင်း မုန့်ဝယ်သူ မှာသူ မေးသူ အသံများနှင့် သန့်ရှင်းရေးသမတို့ အလုပ်ဝင်သံလည်း ကြားရပြီ။ ကိုမန်းမောင်က အတော်သက်သာပုံပါပဲ။ မျက်လုံးဖွင့်ကြည့်ကာ သူ့အစ်မ မမသန်းလှကို ဆရာဝန်ကြီး ရောင်းလှည့်လျှင် ဆေးတွေ ပြလိုက်ပါဟုပင်မှာနေသည်။
အောင်စာရင်းတွေ ထွက်နေလောက်ပြီ
—————————————–
ကိုမန်းမောင်က ကျွန်တော့်ကို တစ်ခုခုဆင်းစားပါလားဟု ပြောတော့ ထိုအခွင့်အရေး ကိုယူကာ ကျွန်တော်က ဆေးရုံအောက်သို့ ဆင်းသည်။ ထို့နောက် အိုပီတီ အပေါက်ကနေ လမ်း၃၀ဘက်ထွက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ရွှေမန်းဆန်ပြုပ်ဆိုင်ရှေ့မှာ သတင်းစာပို့သူတစ်ယောက်ကို စက်ဘီးနှင့် တွေ့တော့ အမြန်လှမ်းခေါ်ပြီး အောင်စာရင်း စာရွက်ပါ မပါမေးတော့ ပါတယ်ဟုဆိုကာ တစ်စောင် ထုတ်ပေးသည်။ တစ်စောင် ပြား ၆၀ တဲ့။ ကျွန်တော်က တစ်ကျပ်တန်တစ်ရွက် ပေးလိုက်ကာ အအမ်းကိုပင် မယူတော့ဘဲ၊ ဆေးရုံ အနောက်ပေါက် တံခါးဘေးက အုတ်ခုံပေါ် ထိုင်ပြီး အောင်စာရင်းကို ကြည့်သည်။
အမှတ် ၁ ကားပြာ ဘတ်စ်ကား တစ်စီး မှတ်တိုင်သို့ ထိုးဆိုက်လာသည်။ စပယ်ယာက ဆေးရုံကြီး အနောက်ပေါက်၊ ဦးဖိုးသာဝင်း ဒီမှာဆင်းမယ်။ ဈေးချို ဘုရားကြီး၊ ဈေးချို ဘုရားကြီးဟုလည်း တကြော်ကြော် အော်နေသည်။ ဆေးရုံဝင်းထဲက မိန်းမ၂ယောက်က ကလေးတစ်ယောက် လက်ဆွဲပြီး ခပ်သွက်သွက် ပြေးလာကာ ကားပေါ်တက်သည်။ စပယ်ယာက ဆွဲဆရာဟု အော်ပြီး စက်သံ တဂီးဂီးနှင့် ကားထွက်မှ နောက်ခုံပေါ် ပြေးတက်သည်။ လမ်း၃၀ပေါ်မှာ ဘူတာကြီးဘက်ကနေ စက်ဘီး ၃စီး ၄စီးနှင့် ကျောင်းသားတစ်စု အော်ဟစ်ရယ်မောကာ အရှေ့ဘက်သို့ နင်းသွားကြသည်။ သူတို့ အောင်စာရင်းကြည့် အပြန် ပျော်မြူးနေကြပုံက အားကျလောက်သည်။
ဟံသာဝတီ အောင်စာရင်းစာစောင်မှာ ဒုတိယ မျက်နှာရောက်တော့ ကိုယ့်ခုံနံပတ် နှင့် နံမည်ကို ရှာကြည့်သည်။ ထင်သည့် အတိုင်းပါပဲ။ နာမည်ပါပါသည်။ အံမယ် သချာၤဘာသာက ဂုဏ်ထူးမှတ် ထွက်သည်။ တစ်ဘာသာ ဂုဏ်ထူးနှင့် အောင်သည်ပေါ့။ သူငယ်ချင်းတွေ နာမည်ကိုလည်း ရှာကြည့်တော့ သူတို့လည်း အားလုံး အောင်သည်။ သန်းလွင်က ၂ဘာသာ ဂုဏ်ထူးပါသည်။ သူငယ်ချင်းအားလုံး ဂုဏ်ထူးကိုယ်စီနှင့်ပါပေ။
ကျွန်တော်လည်း အောင်စာရင်းစာစောင်ကို ခေါက်ပြီး ဆေးရုံပေါ် ပြန်တက်သည်။ ကိုမန်းမောင် ခုတင်မှာ နေ့ခင်းစောင့်ဖို့ ကိုစိန်လွင်ရောက်နေပြီ။ ကိုမန်းမောင် က အိပ်နေသည်။ မမသန်းလှက ဆရာဝန်ကြီးဆီ သွားဖို့ အိမ်ခဏ ပြန်သတဲ့။ သူနာပြုဆရာမက အဖျားလာတိုင်းသည်။ ဆရာဝန်ကြီး ရောင်းလှည့်လျှင် လူနာစောင့် တစ်ယောက်ပဲ နေပေးပါတဲ့။ ကိုစိန်လွင်က ကျွန်တော့်ဘက် လှည့်ပြီး မင်း ပြန်လိုက်တော့လေ၊ တော်ကြာ တံခါးတွေ ပိတ်လိမ်းမယ်ဟု ပြောသဖြင့် ကျွန်တော်လည်း အောင်စာရင်းစာစောင်လေး ခေါက်၍ကိုင်ကာ ဘူတာ တံတားကုန်းကြီးကို ကျော်ပြီး အိမ်သို့ ခြေကျင်ပဲ ခပ်သွက်သွက် ပြန်ခဲ့တော့သည်။
တက္ကသိုလ်ကျောင်းသား အိပ်မက်
—————————————
အိမ်ရောက်တော့ အဘကလည်း သတင်းစာ ကိုယ်စားလှယ် ကိုဉာဏ်ရှိန်လာပို့သည့် အောင်စာရင်းကို ကြည့်ထားပြီးမို့ အောင်သည်ကို သိထားနှင့် ပါပြီ။ သည်မနက်က ကျွန်တော် စာမေးပွဲ အောင်သည့်သတင်းထက် ကိုမန်းမောင် သက်သာ လာတာ၊ ခွဲစိတ်ဖို့ မလိုအပ်တော့တာက ပို၍ ဝမ်းသာရသည့် သတင်းဖြစ်နေသည်။ ဆေးရုံကလည်း ကိုမန်းမောင် တူတွေက အလှည့်ကျ စောင့်ကြမှာမို့ ကျွန်တော်တို့က ညနေခင်း ဧည့်ချိန်၌သာ လိုအပ်သည့် ပစ္စည်းလေးတွေ ပို့ရင်း သွားရုံပဲ ဖြစ်သည်။ မစိုးရိမ်ရတော့သော လူမမာမို့ ကျွန်တော်တို့လည်း ညရောက်တော့ ညဈေးတန်းသွား၊ လက်ဖက်ရည် ဆိုင်ထိုင်နှင့် တက္ကသိုလ်ကျောင်းသား ဘဝ အကြို သွေးနွှေးကြတော့သည်။ သို့သော်လည်း ဘယ်တက္ကသိုလ် တက်မလဲ ဆိုတာက အမှတ်စာရင်းရပြီး တက္ကသိုလ်ဝင်ခွင့် အမှတ်တွေ ရမှ ဆုံးဖြတ်နိုင်မည် မဟုတ်ပါလား။
ကျွန်တော်ကတော့ တက္ကသိုလ်နှင့် ပတ်သက်သည့် နောက်ခံ ဇာတ်လမ်းနှင့် ဝတ္ထုတွေ ဖတ်ပြီး ရန်ကုန်တက္ကသိုလ် တက်ကာ အဆောင် ကျောင်းသား ဖြစ်ချင်နေသည်။ ရှေ့က တက္ကသိုလ်တက်ကြသည့် အစ်ကိုတွေကလည်း တက္ကသိုလ်တက်တာ အဆောင်နေရမှ ပိုပီပြင်တာကွ။ မြို့ထဲက တက်ရတဲ့ တက္ကသိုလ်က အထက်တန်းကျောင်း တက်ရတာနဲ့ ဘာထူးမှာလဲ ဟု ပြောသံတွေ မကြာမကြာကြားခဲ့ရသည်။ ဖတ်သည့် စာတွေထဲက တက္ကသိုလ်ကျောင်းသားတွေကလည်း အဆောင် ကျောင်းသားတွေပဲ မဟုတ်ပါလား။
တကယ်တော့ သိန်းဖေမြင့်လို တက္ကသိုလ်ကျောင်းသား၊ ညိုမြလို တက္ကသိုလ် ကျောင်းသား၊ ဒဂုန်တာရာလို တက္ကသိုလ်ကျောင်းသားမျိုး ကျွန်တော် အားကျသည်ဟု ဆိုရသော် အလှမ်း ကွာလွန်း လှပါသည်။ သို့သော် ကျွန်တော် ကသာ စိတ်ကူးယဉ်နေတာ တစ်နေ့ ၃ကျပ် ၁၅ပြားစား အဘ၏ လုပ်ခနှင့် ဆီရောင်းသည့်အလုပ်က အဆင်မပြေ တော့သည့် အမေ့ ငြီးငြူသံကြား ကျွန်တော် တက္ကသိုလ်ကျောင်းသား အိပ်မက်က ဆက်မက်နိုင်ပါ့မလားလေ။
တက္ကသိုလ် ဆက်တက်ရေး မတက်ရေး
———————————–
၁၀တန်းအောင်ပြီး ကျောင်းဆက်တက်ဖို့ကိစ္စက ကျွန်တော်တို့ မိသားစုတွင်သာမက ဆွေမျိုးတွေ အထိပါ စဉ်းစား ဆွေးနွေးကြသည်။ တချို့ကလည်း ဘာ့လို့ကျောင်းဆက်တက်မှာလဲ။ ဘွဲ့ရလည်း အလုပ်က လွယ်တာမှ မဟုတ်တာ၊ မုံရွာ ကိုလှဘော်ဆီသွားပြီး ပန်းထိမ်သင်လိုက်ပေါ့၊ တချို့ကလည်း ဝါသနာပါရင် ဝပ်ရှော့ဖြစ်ဖြစ် တွင်ခုံ ဖြစ်ဖြစ်သင်လေ၊ အဲ့ဒါက အိုးမကွာ အိမ်မကွာ သင်ရတယ်၊ တချို့က ယပ်ဝင်းထဲမှာ ရေဒီယို ပြင်သင်တန်းတက်ပါ့လား၊ တချို့ကလည်း ဈေးကမှ အမြဲ ပါးစပ်စိုပြီး အမြင်ကျယ်တာ ဒို့နဲ့ ဈေးလိုက်လေ စသည်ဖြင့် အကြံပေးကြသည်။ အကြံပေးသမျှက စေတနာနှင့်မို့ ငြင်းစရာ မရှိသော်လည်း အဘက အင်းအဲ မလှုပ်ပေ။
အဘက ကျွန်တော့်ကို တက္ကသိုလ်သို့ပဲ ဆက်တက် စေချင်နေသည်။ သားသမီး ၅ယောက်မှာ ကျွန်တော်တစ်ယောက်ပဲ ၁၀တန်းအောင်တော့ ဘွဲ့လေး တူတူတန်တန် ရစေချင်သည်။ သို့သော် တက္ကသိုလ် တက်ရင် ဘယ်၍ ဘယ်မျှ ကုန်ကျမလဲ ဆိုတာ မသိတော့ ရှင်းရှင်းပြတ်ပြတ် မပြောနိုင်သေးပုံရသည်။ ကိုမန်းမောင်တို့ က်ုက်ုဦး (ကိုဇော်မျိုးဦး) တို့ကတော့ တက္ကသိုလ်ပဲ ဆက်တက်စေချင်သည်။ ကိုကိုဦးက မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ ရူပဗေဒ ဖြင့် တတိယနှစ်ရောက်နေပြီ။ ကိုမန်းမောင် ကလည်း ပထဝီဝင်ဖြင့် တတိယနှုစ် တက်နေပြီ။ ကိုမန်းမောင် က ကိုယ့်အိမ်ကပဲ မန္တလေးတက္ကသိုလ်တက်ရင် ဘာမှ မကုန်ဘူး၊ ကျောင်းဝင်ကြေးတွေ လခတွေကလည်း နည်းနည်းပဲ ပေးရတာ၊ စာအုပ်ဖိုးကလည်း အထက်တန်းကျောင်းလောက် မကုန်ဘူ။၊ ပြီးတော့ စတိုင်ပင်လျှောက်လိုက်လေ၊ တစ်လ ၇၅ကျပ်ရမှာ၊ မုန့်ဖိုးတင်မက စာအုပ်ဖိုးလည်းရတယ်ဟု အကြံပေးသည်။
ဆူးငှက်
