MT(VOM)
ဖိလစ်ပိုင်ဆိုတဲ့ တိုင်းပြည်ဟာ ကျွန်တော်တို့ အရှေ့တောင်အာရှမှာတော့ တကယ့်ကို ထူးခြားဆန်းပြားတဲ့ ရာဇဝင်တွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောရမှာပါပဲ။ ကျွန်းစုပေါင်း ခုနစ်ထောင်ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ဒီတိုင်းပြည်ဟာ နှစ်ပေါင်း ရာနဲ့ချီပြီး စပိန်ရဲ့ ကိုလိုနီအဖြစ် ဖိနှိပ်ခံခဲ့ရတယ်။ အဲဒီနောက်တော့ အမေရိကန် လက်အောက်ကို ရောက်သွားပြန်တယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဒဏ်ကိုလည်း အလူးအလဲ ခံခဲ့ရသေးပါတယ်။ ပြောရရင်တော့ ဖိလစ်ပိုင်သမိုင်းဆိုတာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အမြဲတမ်း တိုက်ပွဲဝင်နေခဲ့ရတဲ့ သမိုင်းပါပဲ။ဒုတိယကမ္ဘာစစ်ပြီးလို့ လွတ်လပ်ရေးရတော့လည်း သူတို့ခမျာ အေးအေးလူလူ မနေခဲ့ရရှာပါဘူး။ တိုင်းပြည်က ဆင်းရဲတွင်းနက်၊ နိုင်ငံရေးကလည်း အုပ်စုဖွဲ့ အာဏာလုပွဲတွေနဲ့ ရှုပ်ထွေးပွေလီနေခဲ့တာပါ။
မားကို့စ်ခေတ်ရဲ့ အမှောင်ထု
အဲဒီလို ရှုပ်ထွေးနေတဲ့ အခြေအနေထဲကနေ ၁၉၆၅ ခုနှစ်မှာ ဖာဒီနန် မားကို့စ် (Ferdinand Marcos) ဆိုတဲ့ လူတစ်ယောက် သမ္မတအဖြစ် အာဏာရလာခဲ့တယ်။ မားကို့စ်ဟာ အပြောကောင်းတယ်၊ ထက်အြက် တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပေမဲ့ အာဏာရဲ့ အရသာကို မြည်းစမ်းမိသွားတဲ့အခါမှာတော့ သူဟာ ကမ္ဘာကျော် အာဏာရှင်ကြီးတစ်ဦး ဖြစ်လာခဲ့တော့တာပါပဲ။ ၁၉၇၂ ခုနှစ်မှာ မားကို့စ်ဟာ တိုင်းပြည်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာလိုက်တယ်။ အဲဒီအချိန်ကစပြီး ဖိလစ်ပိုင်ပြည်သူတွေရဲ့ လွတ်လပ်ခွင့်မှန်သမျှ ရေစုန်မျောခဲ့ရပါတော့တယ်။
မားကို့စ်နဲ့ သူရဲ့ဇနီး အီမယ်လ်ဒါ မားကို့စ် (Imelda Marcos) တို့ဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို ကိုယ်ပိုင်အိတ်ကပ်ထဲ ထည့်ခဲ့ကြတယ်။ ပြည်သူတွေ ငတ်ပြတ်နေချိန်မှာ သူတို့ဇနီးမောင်နှံကတော့ စည်းစိမ်ယစ်မူးနေခဲ့ကြတာ။ အတိုက်အခံမှန်သမျှကို နှိပ်ကွပ်တယ်၊ ထောင်ချတယ်၊ သတ်ပစ်တယ်။ မားကို့စ်ခေတ်ဟာ ဖိလစ်ပိုင်သမိုင်းမှာ အမှောင်အကျဆုံး၊ အဂတိလိုက်စားမှု အဆိုးဆုံးခေတ်တစ်ခေတ်အဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။
အကွီနိုလင်မယားနဲ့ ပြည်သူ့အာဏာတော်လှန်ရေး
ဒီလို အမှောင်ခေတ်ကြီးထဲမှာ မားကို့စ်ကို ရဲရဲဝံဝံ ရင်ဆိုင်ရဲတဲ့ အတိုက်အခံခေါင်းဆောင်တစ်ယောက် ပေါ်လာခဲ့တယ်။ သူကတော့ ဘီနင်နို အကွီနို (Benigno Aquino Jr.) ဒါမှမဟုတ် လူသိများတဲ့ “နီနွိုင်း” (Ninoy) ပေါ့။ နီနွိုင်းဟာ မားကို့စ်ရဲ့ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး ပြည်ပကို ပြည်နှင်ဒဏ် အပေးခံခဲ့ရတယ်။ ဒါပေမဲ့ ၁၉၈၃ ခုနှစ်မှာ သူဟာ တိုင်းပြည်အတွက် အသက်ကိုပဓာနမထားဘဲ မနီလာလေဆိပ်ကို ပြန်လည်ခြေချခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာပဲ မားကို့စ်ရဲ့ လက်ပါးစေတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါပဲ။ နီနွိုင်းရဲ့ သွေးစွန်းခဲ့တဲ့ အင်္ကျီအဖြူကွက်ဟာ ဖိလစ်ပိုင်ပြည်သူတွေရဲ့ ရင်ထဲက တော်လှန်ရေးမီးပွားကို အရှိန်ပြင်းပြင်းနဲ့ တောက်လောင်စေခဲ့တယ်။
နီနွိုင်း ကွယ်လွန်သွားတဲ့အခါမှာတော့ သူ့ရဲ့ဇနီးဖြစ်သူ ကိုရာဇွန် အကွီနို (Corazon Aquino) ဒါမှမဟုတ် “ကိုရီ” (Cory) ဟာ အိမ်ရှင်မဘဝကနေ နိုင်ငံရေးစင်မြင့်ထက်ကို မလွှဲမရှောင်သာ တက်လာခဲ့ရပါတော့တယ်။ သူမဟာ မားကို့စ်ရဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သန့်ရှင်းစင်ကြယ်တဲ့ သင်္ကေတ ဖြစ်လာခဲ့တယ်။
ဒီလိုနဲ့ ၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလမှာ သမ္မတရွေးကောက်ပွဲကြီး ကျင်းပဖြစ်ခဲ့တယ်။ အဲဒီမှာ ကိုရာဇွန် အကွီနိုဟာ ပြည်သူတွေရဲ့ တစ်ခဲနက်ထောက်ခံမှုနဲ့ ရွေးကောက်ပွဲရလဒ်မှာ သိသိသာသာ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အာဏာရှင် မားကို့စ်က အေးအေးဆေးဆေး အာဏာမလွှဲပေးခဲ့ပါဘူး။ မားကို့စ်ဘက်က ရွေးကောက်ပွဲရလဒ်ကို အတင်းအဓမ္မ လိမ်လည်ပြီး သူပဲနိုင်တယ်ဆိုကာ အကွီနိုရဲ့ အောင်ပွဲကို အသိအမှတ်မပြုဘဲ ငြင်းပယ်ခဲ့တယ်။ မားကို့စ်ရဲ့ ဗြောင်ကျကျ မဲလိမ်မှု၊ အာဏာလုမှုကြီးကြောင့် ဖိလစ်ပိုင်တစ်ပြည်လုံး သွေးဆူကုန်ကြတာပါတယ်။
အဲဒီအချိန်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ကက်သလစ် ခရစ်ယာန်ချာ့ခ်ျ (Catholic Church) တွေကပါ အာဏာရှင် မားကို့စ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ထွက်လာခဲ့ကြတယ်။ ကာဒီနယ် ဂျိုင်မီဆင်း (Cardinal Jaime Sin) ဦးဆောင်တဲ့ ချာ့ခ်ျကျောင်းတွေကနေ မားကို့စ်ရဲ့ မတရားမှုကို ရှုတ်ချပြီး ကိုရာဇွန် အကွီနိုကို ဝန်းရံကြဖို့၊ လမ်းမပေါ်ထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ ရေဒီယိုကနေတစ်ဆင့် ပြည်သူတွေကို နှိုးဆော်ခဲ့တယ်။ ချာ့ခ်ျရဲ့ ထောက်ခံမှုဟာ တော်လှန်ရေးအတွက် အင်မတန်ကြီးမားတဲ့ စိတ်ဓာတ်ခွန်အား ဖြစ်သွားခဲ့ပြီး ဘာသာရေးဆရာတွေ၊ သီလရှင်တွေပါမကျန် လမ်းမပေါ်ထွက်လာပြီး စစ်တပ်တင့်ကားတွေကို စိပ်ပုတီးတွေ၊ ပန်းပွင့်တွေနဲ့ ရင်ဆိုင်ခဲ့ကြတယ်။ ဒါဟာ သမိုင်းဝင် “ပြည်သူ့အာဏာ တော်လှန်ရေး” (People Power Revolution) သို့မဟုတ် EDSA တော်လှန်ရေးကြီး စတင်ရခြင်းပါပဲ။
ရားမို့စ်—ဇာတ်လိုက်နောက်က အကောင်းဆုံးဇာတ်ပို့
ဒီနေရာမှာ ကျွန်တော်တို့ အဓိကပြောချင်တဲ့ ဇာတ်လိုက်ကျော်ကြီး သို့မဟုတ် အကောင်းဆုံးဇာတ်ပို့ကြီး ဖီဒဲလ် ရားမို့စ် (Fidel Ramos) ရဲ့ အခန်းကဏ္ဍ ရောက်လာခဲ့ပါပြီ။ အဲဒီအချိန်က ရားမို့စ်ဟာ ဘယ်သူလဲ။ သူဟာ မားကို့စ်ရဲ့ သစ္စာခံ၊ ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ၊ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဖြစ်ပြီး မားကို့စ်ရဲ့ စစ်အုပ်ချုပ်ရေးကာလမှာ အဓိကဒေါက်တိုင်တစ်ခုအဖြစ် ပါဝင်ခဲ့သူပါ။ ပြောရရင် သူဟာ မားကို့စ်ရဲ့ ညာလက်ရုံးတစ်ဆူပဲဖြစ်ပါတယ်။
ဒါပေမဲ့ EDSA လမ်းမပေါ်မှာ ပြည်သူတွေနဲ့ ခရစ်ယာန်ချာ့ခ်ျတွေကပါ မားကို့စ်ကို ဖြုတ်ချဖို့ သိန်းနဲ့ချီ ဆန္ဒပြနေကြတဲ့အချိန်၊ အာဏာရှင် မားကို့စ်က ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ တင့်ကားတွေသုံးပြီး အကြမ်းဖက်နှိမ်နင်းဖို့ အမိန့်ပေးမယ့်အချိန်မှာ ရားမို့စ်ဟာ သမိုင်းဝင် ဆုံးဖြတ်ချက်ကြီးတစ်ခုကို ချလိုက်ပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီး ဟွန်အန်နရီလာနဲ့ ပူးပေါင်းပြီး မားကို့စ်ကို ပုန်ကန်လိုက်ပြီး ပြည်သူ့ဘက်က ရပ်တည်ကြောင်း ကြေညာလိုက်တာပါပဲ။
ဒါဟာ ဖိလစ်ပိုင်ဒီမိုကရေစီအတွက် အလှည့်အပြောင်းအကြီးဆုံး ကဏ္ဍပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ မားကို့စ်ရဲ့ လက်နက်ကိုင်အင်အားစုတွေဟာ ရားမို့စ်ရဲ့ ဆုံးဖြတ်ချက်ကြောင့်အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ရလို့ပါပဲ။
ရားမို့စ်ဟာ သေနတ်ပြောင်းဝတွေကို ပြည်သူ့ဘက်ကနေ အာဏာရှင်ဘက်ကို လှည့်ပေးခဲ့တယ်။ ဒီလိုနဲ့ သွေးထွက်သံယို အနည်းဆုံးနဲ့ မားကို့စ် အာဏာပြုတ်ကျပြီး ပြည်ပကို ထွက်ပြေးခဲ့ရပါတော့တယ်။
ကိုရီ သို့မဟုတ် ဖိလစ်ပိုင်သမိုင်းသစ်
အာဏာရှင် မားကို့စ် တိုင်းပြည်က ထွက်ပြေးသွားပြီးနောက်မှာတော့ ပြည်သူတွေရဲ့ တစ်ခဲနက်ထောက်ခံမှုကို ရရှိထားတဲ့ ကိုရာဇွန် အကွီနိုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် တရားဝင် တက်ရောက်လာခဲ့ပါတော့တယ်။ ဒီမိုကရေစီ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့တာပေါ့။
သမ္မတ အကွီနိုဟာ တိုင်းပြည်မှာ အာဏာရှင်စနစ် ပြန်လည်အသက်မသွင်းနိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲခဲ့တယ်။ အဲဒီ ၁၉၈၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အလွန်ထူးခြားပြီး အရေးကြီးတဲ့ ပြဋ္ဌာန်းချက်တစ်ခု ထည့်သွင်းခဲ့ကြတယ်။ အဲဒါကတော့ နောက်နောင် သမ္မတလုပ်မယ့်သူတွေဟာ အာဏာအလွဲသုံးစားလုပ်ပြီး သက်ဦးဆံပိုင် မဖြစ်ရအောင် သမ္မတသက်တမ်းကို ၆ နှစ် သက်တမ်း တစ်ကြိမ်သာ ကန့်သတ်လိုက်ပြီး နောက်ထပ်တစ်ကြိမ် ပြန်လည်အရွေးခံခွင့် မရှိစေရဘူးဆိုတဲ့ စည်းကမ်းချက်ပဲ ဖြစ်ပါတယ်။ ဒါဟာ အာဏာရှင်စနစ်ဆိုးကို ထာဝရရိုက်ချိုးပစ်လိုက်တာပါပဲ။
ရားမို့စ် သို့မဟုတ် ဖိလစ်ပိုင်ဒီမိုကရေစီရဲ့ဒိုင်း
ဒါပေမဲ့ အသစ်စက်စက် ဖိလစ်ပိုင်ဒီမိုကရေစီဟာ ကလေးငယ်တစ်ယောက်လို လမ်းမလျှောက်နိုင်သေးခင်မှာပဲ အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြန်တယ်ဗျ။ မားကို့စ်ရဲ့ သစ္စာခံဟောင်းတွေနဲ့ စစ်တပ်ထဲက အစွန်းရောက်အုပ်စုတွေ (အထူးသဖြင့် RAM လို့ခေါ်တဲ့ စစ်တပ်အရာရှိငယ်များအဖွဲ့) ဟာ သမ္မတ အကွီနိုရဲ့ အားနွဲ့တဲ့ အစိုးရကို ဖြုတ်ချဖို့ အကြိမ်ကြိမ် ကြံစည်ခဲ့ကြတယ်။ အကွီနို သက်တမ်းတစ်လျှောက်မှာ စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတာ (Coup d’état) အနည်းဆုံး ၇ ကြိမ်ကနေ ၉ ကြိမ်အထိ ရှိခဲ့ပါတယ်။အဲဒီလို တိုင်းပြည် ပျက်လုနီးပါး ရင်ဆိုင်ခဲ့ရတဲ့ မုန်တိုင်းထန်လှတဲ့ အချိန်တွေမှာ ရားမို့စ်ဟာ စစ်ဦးစီးချုပ်အဖြစ်ရော၊ နောက်ပိုင်း ကာကွယ်ရေးဝန်ကြီးအဖြစ်ပါ အကွီနိုအစိုးရရဲ့ ရှေ့ကနေ ဒိုင်းသဖွယ် ရဲရဲဝံဝံ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဆိုးရွားဆုံး အာဏာသိမ်းမှုကြီး နှစ်ခုကို ကြည့်ရင် ရားမို့စ်ရဲ့ အခန်းကဏ္ဍက တကယ့်ကို ထင်ရှားလှပါတယ်။၁၉၈၇ ခုနှစ် ဩဂုတ်လ အာဏာသိမ်းမှုကြီး မှာကာနယ် ဂရီဂေါရီယို ဟိုနာဆန် (Gregorio Honasan) ဦးဆောင်တဲ့ သောင်းကျန်းသူစစ်တပ်ဟာ သမ္မတနန်းတော် (Malacañang Palace) ကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်။ သမ္မတ အကွီနိုရဲ့ သားဖြစ်သူ (နောင် သမ္မတဖြစ်လာမယ့် နွိုင်းနွိုင်း အကွီနို) တောင် သေနတ်မှန်ပြီး ဒဏ်ရာပြင်းထန်ရခဲ့တဲ့အထိ အခြေအနေက စိုးရိမ်ခဲ့ရပါတယ်။အဲဒီအချိန်မှာ ရားမို့စ်ဟာ အသက်အန္တရာယ်ကြားကနေ အစိုးရသစ္စာခံတပ်ဖွဲ့တွေကို ကိုယ်တိုင်ကွပ်ကဲပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့တယ်။ ရားမို့စ်ရဲ့ ပြတ်သားတဲ့ စစ်ရေးဦးဆောင်မှုကြောင့်ပဲ သောင်းကျန်းသူတွေကို လက်နက်ချခိုင်းနိုင်ခဲ့ပြီး ဒီမိုကရေစီအစိုးရကို ကယ်တင်နိုင်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဒီဇင်ဘာလ အာဏာသိမ်းမှုကြီး-
ဒါကတော့ အပြင်းထန်ဆုံးပါပဲ။ ပုန်ကန်တဲ့စစ်တပ်ဟာ မနီလာမြို့တော်က အချက်အချာကျတဲ့ စစ်စခန်းတွေနဲ့ ဘဏ္ဍာရေးဇုန် (Makati) က ဟိုတယ်ကြီးတွေကိုပါ စီးနင်းထိန်းချုပ်လိုက်ပြီး သမ္မတကို ရာထူးကဆင်းဖို့ ရာဇသံပေးခဲ့တယ်။ တိုင်းပြည်ဟာ ပြည်တွင်းစစ်ဖြစ်လုနီးပါး အခြေအနေကို ရောက်သွားခဲ့တာ။ အဲဒီ သေရေးရှင်ရေးအချိန်မှာ ကာကွယ်ရေးဝန်ကြီး ရားမို့စ်ဟာ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ရေဒီယိုနဲ့ ရုပ်သံလိုင်းတွေကနေတစ်ဆင့် “အခြေအနေကို အစိုးရက အပြည့်အဝ ထိန်းချုပ်နိုင်ပြီ” လို့ ပြည်သူတွေ စိတ်အေးအောင် အာမခံချက်ပေးပြီး စစ်တပ်ကို စည်းရုံးခဲ့တယ်။ ထိရောက်တဲ့ စစ်ဗျူဟာတွေ သုံးခဲ့တဲ့အပြင် အမေရိကန်လေတပ်ရဲ့ ကူညီမှု (Phantom Flight) ကိုပါ ညှိနှိုင်းရယူနိုင်ခဲ့လို့ ပုန်ကန်သူတွေရဲ့ လေကြောင်းအင်အားကို ဖြတ်တောက်ပြီး အာဏာသိမ်းမှုကို လုံးဝနှိမ်နင်းနိုင်ခဲ့ပါတယ်။
ပြောရရင်တော့ အကွီနိုလက်ထက် စစ်တပ်က အာဏာသိမ်းဖို့ ကြံစည်မှုမှန်သမျှဟာ ဖီဒဲလ် ရားမို့စ် ဆိုတဲ့ ကျောက်ဆောင်ကြီးကို တိုက်မိပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးခဲ့ရတာပါပဲ။ သူသာ အစိုးရဘက်က သစ္စာရှိရှိ မရပ်တည်ပေးခဲ့ရင် ဖိလစ်ပိုင်ဒီမိုကရေစီဟာ ကနဦးကတည်းက သေဆုံးသွားခဲ့မှာ အမှန်ပဲ။
ရားမို့စ် သမ္မတဖြစ်လာပုံ
ဒီလိုနဲ့ သမ္မတ အကွီနိုရဲ့ သက်တမ်းကုန်ဆုံးတဲ့ ၁၉၉၂ ခုနှစ် ရောက်တဲ့အခါမှာတော့ အကွီနိုဟာ သူမကို သစ္စာရှိရှိ ကာကွယ်ပေးခဲ့ပြီး ဒီမိုကရေစီအကူးအပြောင်းမှာ အဓိကကဏ္ဍက ပါဝင်ခဲ့တဲ့ ရားမို့စ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ရော၊ တိုင်းပြည်တည်ငြိမ်ဖို့အတွက်ပါ သမ္မတလောင်းအဖြစ် တရားဝင် လွှဲပြောင်းထောက်ခံအားပေးခဲ့ပါတယ်။
ရားမို့စ်ဟာ ၁၉ ၉၂ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ၁၂ ယောက်မြောက် သမ္မတအဖြစ် တရားဝင် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတော့တယ်။ သူ သမ္မတဖြစ်လာတဲ့အခါမှာလည်း ဖိလစ်ပိုင်ကို စီးပွားရေးအရ တည်ငြိမ်အောင်၊ ကွန်မြူနစ်နဲ့ မွတ်စလင်သူပုန်တွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းဆီ ခေါ်ဆောင်နိုင်အောင်နဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ် ခိုင်မာအောင် အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့ပါတယ်။
သူ့မှာ အတိတ်က မားကို့စ်ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရိပ်မည်းတွေ ရှိခဲ့တာတော့ အမှန်ပဲ။ ဒါပေမဲ့ တိုင်းပြည်အတွက် အရေးကြီးဆုံး သမိုင်းဝင်အချိန်အဆစ်အအပိုင်းမှာတော့ သူဟာ အာဏာရှင်နောက်ကွယ်က ကဏ္ဍကနေ ရဲရဲဝံဝံ ရုန်းထွက်ပြီး ဒီမိုကရေစီဘက်တော်သားအဖြစ် ခံယူခဲ့တယ်။ ဒါကြောင့်မို့လည်း ဖီဒဲလ် ရားမို့စ်ကို ဖိလစ်ပိုင်ဒီမိုကရေစီ သမိုင်းကဏ္ဍရဲ့ “အကောင်းဆုံးဇာတ်ပို့” လို့ တင်စားရေးသားလိုက်ရပါတယ်။
