ဒီဇယ် နဲ့ သဘာဝဓာတ်ငွေ့ရည် အတွက် ၁ လ ထပ်မံ အခွန် ကင်းလွတ်ခွင့်ပြု၊ ပရီမီယံဒီဇယ်ကိုပါ အခွန်လျှော့ပေးဖို့ တောင်းဆို

နေပြည်တော်၊ ဇူလိုင် – ၂ – ၂၀၂၆
KKL(VOM)
လက်ရှိ နိုင်ငံတော်က သတ်မှတ်ကာလနဲ့ အခွန်ကင်းလွတ်ခွင့် ပြုခဲ့တဲ့ ဒီဇယ် HSD (500 ppm) နဲ့ သဘာဝဓာတ်ငွေ့ရည် Liquefied Natural Gas တို့အပြင် ပရီမီယံဒီဇယ်ကိုပါ အခွန်လျှော့ပေါ့မှုမှာ ထည့်သွင်းပေးဖို့ တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေရဲ့တောင်းဆိုမှုနဲ့အတူ ဒီဇယ်ဆီနဲ့သဘာဝဓါ်တ်ငွေ့ရည် ၁ လထပ်မံအခွန်ကင်းလွတ်ခွင့်ပြုဖို့ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။
အဲ့ဒီတောင်းဆိုမှုကိုတော့ ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ်စမနေ့က နိုင်ငံတော်သမ္မတက ပေးပို့ထားတဲ့ ဒီဇယ်ဆီ HSD(500 ppm) နဲ့ သဘာဝဓာတ်ငွေ့ရည်(Liquefied Natural Gas) တို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်(၁)လ ထပ်မံခွင့်ပြုနိုင်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာကျော်ဆွေက ဆွေးနွေးတဲ့အချိန်မှာ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“ပြီးခဲ့တဲ့အစီအစဥ်မှာလည်း Premium Diesel (50 pmm) ကို အခွန်ကင်းလွတ်ခွင့်မှာ ထည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ပရီမီယံဒီဇယ်ရဲ့ စျေးကွက်ပေါက်စျေးကို အခွန် ၁၀ ရာခိုင်နှုန်း နှုတ်ကြည့်လိုက်ရင် ရိုးရိုးဒီဇယ်စျေးနဲ့ ဘာမှမကွာတော့ပါဘူး ဒါ့ကြောင့် ပရီမီယံကို ခွင့်ပြုပေးမယ်ဆိုရင် ပိုမိုသန့်ရှင်းတဲ့ စွမ်းအင်ကို ရရှိမှာဖြစ်လို့ ကျွန်တော်တို့ စက်ကရိယာပေါ် သက်ရောက်မှုတွေ ပတ်ဝန်းကျင် ညစ်ညမ်းမှုအပေါ်မှာ သက်ရောက်မှုတွေ အများကြီး သက်သာသွားမှာ ဖြစ်ပါတယ်။ ပိုမိုသန်ရှင်းတဲ့ စွမ်းအင်ကို သုံးစွဲဖို့လည်း တိုက်တွန်းပါတယ် ဒါကြောင့် ပရီမီယံဒီဇယ်ကို အခွန်လျှော့ပေါ့မယ့်အစီအစဥ်မှာ ထည့်ပေးစေချင်ပါတယ်ခင်ဗျာ ဒီအတွက်လည်းထပ်မံတောင်းဆိုပါတယ်ခင်ဗျာ” လို့ ဒေါက်တာကျော်ဆွေက တောင်းဆိုခဲ့တာပါ။
နိုင်ငံတော်သမ္မတ ပေးပို့တဲ့ ဒီဇယ်ဆီနဲ့ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုကို ၂၀၂၆ မေလ ၁ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ အခွန်ကင်းလွတ်ခွင့် ရရှိရေးအတွက် ပြည်ထောင်စုလွှတ် တော်ကို တင်သွင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဒီဇယ်ဆီ အတက်စျေးနှုန်းကြောင့် ကုန်စည်ပို့ဆောင်ရေးစရိတ်ကြီးမားတဲ့အတွက် စားသောက်ကုန်စျေးနှုန်း မြင့်တက်တာတွေအပြင် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းတို့ကြောင့် ပြည်သူတွေရဲ့ ဝင်ငွေအပေါ် ဖိအားဖြစ်စေတယ်လို့ ဆွေးနွးခဲ့တဲ့အပြင် ဒီဇယ် HSD 500 ppm ကို ကာလတို တိုးမြှင့်ပေးခြင်းက စျေးကွက်တည်ငြိမ်ရေးနဲ့ ပြည်သူလူထုအတွက် စားဝတ်နေရေးကိုအထောက်အကူ ဖြစ်စေမယ့်အတွက် ထောက်ခံဆွေးနွးရတာဖြစ်တယ်လို့ ဒေါက်တာကျော်ဆွေက ဆိုပါတယ်။
အလားတူ သဘာဝဓာတ်ငွေ့ရည် LNG ကလည်း စွမ်းအင်ကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အထောကျအကူဖွဈနိုငျတဲ့အတှကျ ထောက်ခံတဲ့အကြောင်းနဲ့ ယခုကဲ့သို့ စီပွားရေးအခက်အခဲဖြစ်နေတဲ့အချိန်မှာ အခွန်မူဝါဒကို နိုင်ငံတကာမှာပါ ပြောင်းလဲကျင့်သုံးတဲ့ အခြေအနေဖြစ်ပြီး အခွန်သက်သာမှုရဲ့ အကျိုးသက်ရောက်မှုတွေကိုပါ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
အခွန်လျှော့ချခြင်းက ရေတိုမှာအခွန်ရရှိမှု နည်းပါးသွားနိုင်ပေမယ့် ရေရှည်အတွက် စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ လည်ပတ်မှုကို ထိန်းသိမ်းပေးတာဖြစ်လို့ အခွန် အခြေခံကို ပိုပြီးခိုင်မာစေတယ်လို့ ဒေါက်တာကျော်ဆွေက ဒီဇယ်ဆီနဲ့ သဘာဝဓာတ်ငွေ့ရည် တင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့် တစ်လထပ်မံ တိုးမြှင်မယ့်ကိစ္စကို ထောက်ခံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒေါက်တာကျော်ဆွေရဲ့ဆွေးနွေးမှုကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းခဲ့ပြီး မဲခွဲဆုံးဖြတ်မှုအရ မဲပေးခွင့်ရှိတဲ့ကိုယ်စားလှယ် ၅၅၂ ဦးမှာ ထောက်ခံမဲ ၅၃၁ မဲ ရရှိခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတ ပေးပို့တဲ့ဒီဇယ်ဆီ HSD (500 ppm) နဲ့ သဘာဝဓာတ်ငွေ့ရည်(Liquefied Natural Gas) တို့အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်(၁)လ ထပ်မံခွင့်ပြုနိုင်ဖို့ ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW