သူတို့အိမ် အခန်း (၁၅၉)

ဆူးငှက်

သဘင်သည်စိတ်နှင့် အနုပညာအလုပ်
……………………………………..

တစ်လခန့် ကြို၍ ပြင်ဆင်၊ လူရွေးချယ်၊ အစီအစဉ်ဆွဲ၊ တီးလုံတိုက် နှင့် ဝတ်စုံပြည့် အစမ်းကပြလိုက်တော့ အစီအစဉ်တွေက မှန်းထားသည်ထက် ပိုမိုကောင်းမွန် အဆင်ပြေနေသည်ဟု ခံစားရသည်။ တကယ်တော့ ပါဝင်သူတိုင်းက သဘင်သည်များမဟုတ်ကြဘဲ ဝန်ထမ်းများသာ ဖြစ်ကြသော်လည်း ကပွဲအစီအစဉ်ကို ကြိုတင်ပြင်ဆင်ပြီဆိုကတည်းက ဝန်ထမ်းစိတ်ဖျောက်ကာ သဘင်သည်စိတ်ဖြင့် စိတ်နှစ် လုပ်ကိုင်ခဲ့ကြခြင်းကြောင့် အောင်မြင်ခြင်းဖြစ်ပါသည်။

ထိုသို့ တစ်ကြောင်းတည်းသော စိတ်ဖြင့် လုပ်ကိုင်နိုင်ရန် ကျောင်းအုပ်ကြီးက စာမေးပွဲ စစ်ပြီးကတည်းက သင်တန်းသူ သင်တန်းသားဟူသော၊ ဝန်ထမ်းဟူသော အနှောင်အဖွဲ့များ တာဝန်များ စည်းကမ်းများကို ခွာချပေးခဲ့သောကြောင့် ဖြစ်သည်။

တကယ့်ပွဲနေ့ရောက်တော့ ကျွန်တော် ပူပန်မှု မရှိတော့၊ ကိုယ့်အဖွဲ့ကို စိတ်ချလက်ချဖြစ်သွားပါပြီ။ ကပွဲတာဝန်ခံ ဆရာဦးခင်ထွန်းကလည်း ဇာတ်အဖွဲ့ကြီး၏ မန်နေဂျာကောင်း တစ်ယောက်လို အစစ အားကိုးရပါသည်။ ထို့ကြောင့် ပွဲကြီးနေ့တွင် ကျွန်တော် စိတ်လွတ်လက်လွတ်နှင့် ခန်းမထဲမှာ ပွဲကြည့်ပရိသတ်လိုပဲ ခံစားကြည့်ရှုနိုင်ပါပြီ။ ကျွန်တော်က ထိုသို့ ပရိသတ်နေရာက ကြည့်ရှုခံစားကာ ပရိသတ်အသံ နားထောင်ရတာ ဝါသနာပါသည်။

ထိုနေ့က ဇာတ်ခုံပေါ် မပြောနှင့် ဇာတ်ခုံနောက်သို့ပင် မသွားတော့။ ပွဲမစခင်ကပဲ ကိုဘရီကို ပြဇာတ်အတွက် ကျွန်တော် ဘာမှ မပြောတော့ဘူး၊ အစစစိတ်ချပါရစေနော်ဟုပဲ ပြောပြီး ခန်းမထဲ ဝင်ထိုင်နေလိုက်သည်။ တကယ်တော့ ဒီဇာတ်အဖွဲ့ကြီးက ဒီနေ့ည သေတ္တာဖွင့် ကပြကြလို့ ပျော်ရွှင်ကြမည် မှန်သော်လည်း သေတ္တာပိတ်ပွဲမို့ ပွဲသိမ်း စည်ရွန်း ပြည်ဖုံးကားချလိုက်တာနှင့် ပွဲပြီး ဇာတ်ခေါင်းကွဲပါပြီ။ မနက်လင်းတာနှင့် ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့် အိမ်ကိုယ့်ရာ ပြန်ကြရတော့မည်။ ကျွန်တော်တို့တတွေ အခုလို စင်တစ်စင်ပေါ် မီးရောင်အောက်မှာ ပျော်ရွှင်ကြည်နူးစွာ ပြန်လည်ဆုံတွေ့ကြဖို့ အနေသာ ဒီဘဝမှာ လူချင်းပြန်တွေ့ဖို့ပင် မသေချာတော့။ ထို့ကြောင့် ကွဲကွာကြဖို့ ခွဲခွာရမည့် ဇာတ်အဖွဲ့ကြီးကို သံယောဇဉ်မတွယ်ချင်တော့။ ထို့ကြောင့် ပွဲခင်းထဲမှာပဲ ပရိသတ်အနေနှင့် နေရစ်ခဲ့ပါတော့မည်။

ပရိသတ်အနေနှင့်ပဲ ပွဲကြည့်မည်
………………………………..

အဖွင့် သီချင်းစတင်သီဆိုတော့ ကိုယ့်သီချင်းကို ခန်းမအပြင်ဘက် တိတ်ဆိတ်သော နေရာကပဲ ခံစားနားဆင်ချင်လို့ ရုံးခန်းရှေ့ တမာပင်ခြေက ခုံတန်းလေးပေါ် တစ်ယောက်ထဲ ထိုင်နေမိသည်။ ခန်းမထဲ ဇာ်စင်ပေါ်က ဆလိုက်မီးရောင်က ကျွန်တော်ထိုင်နေသော ခုံလေးအထိ အပြည့်အဝရောက်ရှိဖို့ မစွမ်းသာ၊ ထို့ကြောင့် တမာရိပ်က ခုံလေးသည် ကျွန်တော့်အတွက် တစ်ယောက်ထဲ ရှိနေဖို့ အဆင်ပြေပါ၏။ ဇာတ်ခုံဆီမှ စန္ဒရားကိုအောင်ကြည်၏ ပိရိသော လက်သံနှင့်အတူ အဖွင့်သီချင်းသံ လွင့်ပျံလာသည်။ အေးစက်သော ဆောင်တွင်း မြောက်ပြန်လေသည်ပင် ဂီတသံကို နားစင့်နေပုံရ၏။ ငြိမ်သက်လို့။ သီချင်း၏ ခြေဆင်း စကားလုံတွေက ဂီတနှင့် ထပ်ချပ်စီးလာတော့ ကျွန်တော့်ရင်က လှိုက်ဖိုသွားသည်။

“ အရှေ့ဆီက
ဝင်းပရွှေရည်၊ နေခြည်ပွင့်စ
သြကာသလောက
လှပပွင့်လင်း
နံနက်ခင်း အဆင်းဝေဖြာ…

ကျွန်တော်က ခုံလေးပေါ်ထိုင်ရင်း တမာပင်လေး၏ ပင်စည်ပေါ် ခေါင်းကို တင်ကာ တမာကိုင်းတွေကြားက ကောင်းကင်ကို မော့ကြည့်နေမိသည်။ ဆုတ်စလခြမ်းကွေးက နှင်းမှုန်ကြား ခပ်ရေးရေး၊ ရန်ကင်းတောင်ပေါ် ငရံ့မင်းစေတီဆီက ဆည်းလည်းသံလေးတွေက ဂီတသံကြား စည်းလိုက်နေသလားလေ။

 

ကြည်နူးအရိပ် အတိတ်ဆီမှာ
……………………………..

ကျွန်တော့် မျက်စေ့ကို မှေးစင်းပြီး မှိတ်လိုက်စဉ်မှာပဲ သုံးထပ်သား အကာ၂ချပ်ကြား လက်၄လုံလောက် လွတ်နေသည့် နေရာကြားက သူ့မျက်နှာလေးပေါ်လာသည်။ ထို့နောက် တဝေါဝေါစီးကျနေသည့် ဘီအီးရေတံခွန်၏ အပေါ်ဆင့်မှာ ဓာတ်ပုံရိုက်ချင်တယ်ဆိုလို့ လိုက်အပို့ ကျောက်တုံး တစ်တုံးအပေါ် ကူးတော့ ခြေချော်မှာစိုးလို့ ကျွန်တော့ဆီ လက်လေးကမ်းပေးသည်။ ရေညှိကြောင့် ချော်လုလု ဖြစ်တော့လည်း ကျွန်တော့်လက်မောင်းကို ဆုပ်ကိုင်ရင်း ခေါင်းလေး တိုးဝှေ့လာ၏။

ရုံးခန်းရှေ့ ဝရံတာက ၄၀ ဝပ်နီကြင့်ကြင့် မီးလုံးအောက်မှာ အပြေးလေးလိုက်လာတော့ ကျွန်တော်က ငေါက်လိုက်မိတာ အခု ပြန်တွေးရင်း စိတ်မကောင်း ဖြစ်နေမိသည်။ ထို့နောက် ကိုအောင်ကြည်၏ စန္ဒရားဘေးမှာ ၂ယောက်ယှဉ်ရပ်ပြီး “ သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ၊ မေတ္တာမိုးတွေ သွန်းဖြွုးရွာစွေ၊ အသည်းမှာစွဲ ချစ်မက်မပြေတယ်လေ..” တဲ့။ ကျွန်တော် သတိတရ ရှိလွန်းတော့ ကျောင်းဆင်းပွဲအမီ ထုတ်ဝေခဲ့သော သင်တန်း အမှတ်တရ အော်တိုစာအုပ်လေးကို လွယ်အိတ်ထဲက ယူပြီး မှိန်ပျပျ မီးရောင်မှာ ဖွင့်ကြည့်ဖြစ်သည်။

လှိုင်းတွန့်လေးနှင့် ဂုတ်ဝဲဆံပင်လေးက သူ့ အမှတ်အသားပါပဲလေ။ ထိုပုံလေးဘေးမှာ ခပ်သီသီ မိန်းကလေးလက်ရေးလေးက “ ဦးကျော် နဲ့ (….) တူတာ အများက အသေးအဖွဲလို့ ထင်ထားတာတွေကို ရှာကြံ ခံစားကြသူတွေလေ။ အဲတာကို ခံစားမှုဝေဒနာတွေတဲ့။ ဒီဝေဒနာတွေကို အနုပညာသမားအချင်းချင်းကပဲ နားလည်နိုင်တာ မဟုတ်လား၊ (…) နားလည်တယ်။ ဦးကျော်ရော နားလည်တယ်မဟုတ်လား” စာတွေက ကျန်သေးပေမယ့် ကျွန်တော် ဆက်မဖတ်တော့ပါ။ စာအုပ်လေးကို ပိတ်ပြီး လွယ်အိတ်ထဲ ပြန်ထည့်လိုက်သည်။
ကျွန်တော် ခုံလေးပေါ်က ခါးဆန့် ထလိုက်တော့ အောင်ပင်လယ်ကွင်းထဲက ရိုးပြတ်နံ့သင်းသည့် ဆောင်းလေလေးက ခွေ့လာပေါ့။ ဤသို့ဖြင့် ညသည် အိုမင်းကာ ကုန်ဆုံးတော့မည်။ သည်ညကုန်ဆုံးသည်နှင့် မနက်ဖြန်ဆိုတာ ရောက်တော့မည်။ မနက်ဖြန်ရောက်ရင်ဖြင့်၊ မနက်ဖြန်ရောက်ရင်ဖြင့်…

အဖွင့်သီချင်း၏ နောက်ဆုံးအချပိုဒ် သီဆိုသံက လွင့်လာပြန်၏။

နေလာသမျှ
သွေခွာရ တွဲလက်ခွဲကာ
ရွှေချိုးကူသံ ဘယ်ဆီမြန်းကာ ..
မှန်းဆမျှော်ထောက်
နက်ဖြန် မိုးသောက်လေသော အခါ…
နက်ဖြန် မိုးသောက်လေသော အခါ…
နက်ဖြန် မိုးသောက်လေသော အခါ…

လက်ခုပ်သြဘာသံများနှင့် အတူ ကတ္တီပါကားကြီး တဖြည်းဖြည်း ပိတ်သွားမှာပေါ့။ ကျွန်တော်က ထိုင်ရာမှ ထကာ ခန်းမထဲ ပွဲခင်းသို့ ပြန်ဝင်ဖို့ ခြေအလှမ်းမှာ “ဦးကျော် ဦးကျော်” ဟူသော အသံက ဆရာများနားနေခန်းဘက်က ကြားလိုက်ရလို့ ရပ်ကာ လှမ်းကြည့်မိသည်။ အခန်းတံခါးဝက လူရိပ်ကို မသဲမကွဲ မြင်လိုက်ရသည်။ ထို့နောက် ပန်းတွေ ဝေနေအောင် ပန်ထားသည့် ဆံထုံး၊ ဘော်ကြယ်ပွင့်တွေ လက်နေသည့် ခါးတောင်အင်္ကျီနှင့် အတူ မင်းသမီးဗြန့် ထဘီမလဲရသေးဘဲ ပါတိတ်ထဘီလေးနှင့် မင်းသမီးက အပြေးလေး ထွက်လာသည်။ သူ့ခြေထောက်မှာ ဖိနပ်ပင်မပါ။

 

ထင်ထားပေမယ့် မထင်မှတ်တဲ့အချိန်
…………………………………………

ကျွန်တော့်နားရောက်တော့ သူ မောဟိုက်နေသည်။ ကျွန်တော့်မျက်နှာကို သူ မော်ကြည့်သည်။ ကျွန်တော်က မိတ်ကပ်ဖြင့် လက်နေသော သူ့မျက်နှာလေးကို စိုက်ကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ မိတ်ကပ်ရနံ့လေးက သင်းလို့။ “ခဏနော် ဦးကျော်” ဟုပြောပြီး စောစောက သူ ထွက်လာခဲ့သည့် အခန်းထဲက လူတစ်ယောက် ထွက်လာသည်။ ဆံပင်က အတော်ရှည်သည်။ ဂျင်းဘောင်းဘီရှည်ကို စမတ်ကျကျ ဝတ်ထားကာ အဖြူရောင်ဝွေံကင်းရှူးကို စီးထား၏။ ဆောင်းတွင်းပေမယ့် ဒီဇိုင်းဆန်းဆန်းနှင့် တီရှပ်ကို ဝတ်ထားသည်။ ထိုသူက သောက်လက်စ စီးကရက်ကို သမံတလင်းပေါ် ပစ်ချကာ ရှူးဖိနပ်နှင့် နင်းခြေသည်။

မင်းသမီးက ထိုသူ့လက်မောင်းကို လှမ်းကိုင်သည်။ “ကို… ဒါ သီတာပြောတဲ့ ဦးကျော်ဆိုတာလေ၊ သိပ်တော်တာ ကိုရဲ့၊ တကယ့်အနုပညာရှင်..” “ ဦးကျော်။၏.. သူက သီတာနဲ့ စေ့စပ်ထားတဲ့ ကိုညိုမင်း၊ သီတာတို့ မြို့ကပဲ” ကိုညိုမင်းဆိုသူက ဟက်ခနဲရယ်လိုက်ပြီး လက်လှမ်းပေးသည်။ ကျွန်တော်က ကြောင်အမ်းအမ်းနှင့် လက်ဆွဲနှုတ်ဆက်လိုက်ရသည်။ “ဦးကျော် အဲ.. ကိုကျော်ပေါ့ဗျာ၊ ကြီးမှ မကြီးသေးပဲ၊ ကျွန်တော်မမြင်ဘူးခင်ကတည်းက နံမည်ကို ရင်းနှီးနေတာပါဗျ၊ သီတာက သူရေးတဲ့စာတိုင်းမှာ ကိုကျော့်အကြောင်း အမြဲပါတယ်။ တော်ကြောင်း အနုပညာမှာ စိတ်ရှည်ကြောင်း၊ သီချင်းစပ်လည်းကောင်းကြောင်း၊ သီချင်းဆိုတာလည်း ကောင်းကြောင်း ဝတ္ထုတွေလည်း ရေးကြောင်း ..၊ အို.. စုံလို့ပါဗျာ၊ ကျွန်တော့်အမျိုးသမီးက အိမ်ထောင်သာ ပြုတော့မှာ တစ်ခါတစ်ခါ ကလေးစိတ်က မကုန်သေးဘူးဗျ၊ ကျွန်တော်လည်း ငယ်ငယ်က သူ့လို စာရူး ကဗျာရူး ဂီတရူးပေါ့ဗျာ”

“ ဗျာ..” ကျွန်တော့် တကယ်လုံး တောင့်တင်းသွားသည်။ ရင်ထဲကလည်း ကျဉ်ခနဲ ဖြစ်သွားသည်။ ခင်သီတာက ဖျပ်ခနဲ ကျွန်တော့်ကို လှမ်းကြည့်လိုက်သည်။ ကျွန်တော် ခေါင်းကို ရမ်းလိုက်ပြီး ခပ်ပြုံးပြုံးနှင့်ပဲ သက်ပြင်းချလိုက်သည်။ ကိူညိုမင်းဆီက အနံ့တစ်ခု ရလိုက်လို့ စိတ်လျော့လိုက်သည်။ “ကဲ.. ကျျွန်တော်လည်း ဧည့်သည်တွေရှိသေးလို့ ခန်းမထဲ ပြန်ဝင်လိုက်ပါဦးမယ်၊ နောက် တွေ့ရင် ခေါ်ပါဗျာ” ဟု ပြောပြီး အပေါက်ဝမှာ ရပ်ကြည့်နေသော လူကြားတိုးပြီး ခန်းမထဲ ပြန်ဝင်လိုက်သည်။ ခန်းမထဲ ရောက်သည်အထိ မြင်ကွင်းအားလုံးက မပီပြင်တော့။ ဇာတ်ခုံပေါ်မှာ ဘာတွေ ဆို ဘာတွေ ကသွားမှန်း မသိတော့။ အတန်ကြာမှ ကျွန်တော့်စိတ်တွေ တည်ငြိမ်သွားတော့သည်။

 

မကြာမီ ပွဲပြီးတော့မည်
……………….. …….

စင်ပေါ်မှာ အငြိမ့်ခန်း ထွက်နေပါပြီ။ မီးရောင်အောက်တွင် မင်းသမီးခင်သီတာ၏ ပန်းနုသွေးဖျော့ဖျော့ မင်းသမီးဝတ်စုံက နောက်ခံ ကတ္တီပါကား နီညိုရောင်မှာ လိုက်ဖက်လှ၏။ ပန်းနုသွေး ခါးတောင်အင်္ကျီ၊ ထဘီပေါ်က ဘော်ကြယ်ပွင့်လေးတွေက ကကြိုးနှင့်အတူ တဖျပ်ဖျပ်လက်လို့။ ဒါပေမယ့် ကျွန်တော် စိတ်ဂဏှာမငြိမ်သူပမာ ခန်းမထဲက ပြန်ထွက်လိုက်ပြီး ခန်းမအရှေ့ဘက် ခပ်လှမ်းလှမ်းက ယူကလစ်ပင်ကြီးအောက်က ခံလေးမှာ သွားထိုင်နေလိုက်သည်။

အငြိမ့်ခန်းက ကပွဲ၏ နောက်ဆုံးအစီအစဉ်လေ။ မကြာမီ အငြိမ့်ခန်းသိမ်းတော့မည်။ အငြိမ့်ခန်းသိမ်းတာနှင့် ကပွဲ အစီအစဉ်ပြီးပါပြီ။ ဤသို့ဖြင့် ဇာတ်ခေါင်းကွဲပါပြီ၊ ကိုယ့်အိမ်ကိုယ့်ရာ ပြန်ကြရတော့မည်။ အောင်စည်ရွန်းသံနှင့်အတူ ခန်းမထဲက လူတွေ ထွက်လာကြပါပြီ။

ခပ်ဝေးဝေးက သံချောင်း ၃ချက်ခေါက်သံကြားလိုက်ရသည်။ ကျွန်တော်လည်း ယူကလစ်ပင်ခြေ ခုံပေါ်က ထကာ ထွက်လာသည့် လူတွေကြားကတိုးပြီး ခန်းမထဲက တီးဝိုင်းဆီ သွားသည်။ ကိုအောင်ကြည်နှင့် သူ့အဖွဲ့ကို နှုတ်ဆက်ရဦးမည်လေ။ ကိုအောင်ကြည်က သူ့တီးဝိုင်းပစ္စည်းတွေ သိမ်းနေ၏။

 

အဝါရောင်စာအုပ်လေး
……………………..

စန္ဒရားခုံနား ရပ်လိုက်တော့ ကိုအောင်ကြည်က “ဟာ.. ဇာတ်ဆရာ အုပ်ကြီး၊ စောစောကတင် ဆရာ့မင်းသမီးက ဆရာ့ကိုလာရှာပြီး မတွေ့မိဘူးလားလို့ မေးနေသေးတယ်ဗျ၊ အခုရော မင်းသမီးနဲ့ တွေ့ပြီးပြီလား၊ အဲဟို စန္ဒရားခုံပေါ်မှာ စာအုပ်လေးတစ်အုပ်ကို ဆရာ့ပေးပေးပါဆိုပြီး ထားသွားခဲ့တယ်” ဟု ကွမ်းစားရင်း ဗလုံးဗထွေး ပြောသည်။ ကျွန်တော်က အံ့အားသင့်ကာ စန္ဒရားခုံပေါ်မှာ အဝါရောင် စာအုပ်လေးကို ယူလိုက်ပြီး လွယ်အိတ်ထဲ ထည့်သည်။ ကိုအောင်ကြည် နှင့် သူ့အဖွဲ့ကို နှုတ်ဆက်ပြီး ကျွန်တော်လည်း ဂိတ်ပေါက်က ကော်ဖီဆိုင်လေးသို့ ထွက်လိုက်သည်။ သည်ည အိပ်လို့မရနိုင်တော့။ မကြာမီ မိုးလင်းတော့မည်။ မနက် ၇နာရီထိုးသည်နှင့် ခန်းမထဲပြန်စုပြီး ကျောင်းအုပ်ကြီးက နှုတ်ဆက်စကားပြောမည်။ ပြီးတာနှင့် ကိုယ်ပအထုပ်အပိုး ကိုယ်ဆွဲပြီး ပြန်ကြပေရော့။

ကျွန်တော်က ကာဖီဆိုင်လေးက ထိုင်နေကျနေရာလေးမှာ ထိုင်ဖို့ကြည့်လိုက်တော့ ထိုနေရာမှာ လူရှိနေသည်။ သူတို့က ကျောပေးထားသည်။ ဆောင်းတွင်း အရုဏ်တက်လုမို့ စိမ့်စိမ့်အေးနေပေါ့။ ထို့ကြောင့် ဗန်းမော်တဘက်ကြီး တစ်ထည်ကို ၂ယောက်တွဲကာ ခြုံထားရင်း မင်းသမီးဆံထုံးပင် မဖြုတ်ရသေးသော တစ်ယောက်က ဆံင်ရှည်ရှည်နှင့် စီးကရက်ဖွာနေသော အမျိုးသား၏ ပုခုံးပေါ် ခေါင်းတင်ရင်း အိပ်နေပုံရသည်။
သြော်… ကိုညိုမင်း.. ခင်သီတာ၊ ဗန်းမော်တဘက်ကြီး တစ်ထည် ၂ယောက်တွဲ ပူးကပ်ခြုံထားကာ တစ်ဘက်သို့ လှည့်ထိုင်နေကြလို့ ကျွန်တော့်ကို မမြင်။ ကျွန်တော်လည်း နောက်ပြန်ဆုတ်ပြီး အရှေ့ဘက်အစွန် သရက်ပင်အောက်က ခုံလေးမှာ ချောင်ကုပ်ပြီး ကော်ဖီတစ်ခွက်မှာသောက်ရင်း လွယ်အိတ်ထဲက အဝါရောင် စာအုပ်လေးကို ထုတ်ယူကြည့်ချင်လာသည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW