ဇူလိုင် ၂ ၊ ၂၀၂၆
GG(VOM)
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့မှာ ဇူလိုင် ၁ ရက်နေ့က မိသားစုနဲ့ အဆက်သွယ်ပြတ်ပြီး ပျောက်ဆုံးသွားတဲ့ ဆိုင်ကယ်Taxi ယာဉ်မောင်းအမျိုးသားကို ဒီကနေ့မှာ အသတ်ခံထားရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ ပြန်တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူဟာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ် (၆)လမ်းနေထိုင်သူ အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ် Taxi သမားဦးအောင်ဟိန်းဦး ဆိုသူဖြစ်ပြီး မနေ့က ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းမှာ Taxi ပြေးဆွဲဖို့ အိမ်ကနေထွက်သွားပြီးနောက် နေအိမ်ကို ပြန်ရောက်မလာဘဲ မိသားစုနဲ့ အဆက်သွယ်ပြတ်တောက် ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် ဒီကနေ့ မနက်ပိုင်း မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ တောင်ရိုးတန်း View Point အောက်ဘက်ရှိ ချစ်သူလမ်းကြား လမ်းဘေးခြုံအတွင်းထဲမှာ မှောက်ရက်အနေအထားနဲ့ အလောင်းကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ဓားနဲ့ထိုးသွင်း ဒဏ်ရာတွေ တွေ့ရတယ်။လည်ပင်းမှာ ဒဏ်ရာသုံးချက်။ မနေ့ကညနေ အိမ်ကထွက်သွားပြီး ၁၁ လောက်အထိပြန်မလာလို့ မိသားစုက ဖုန်းခေါ် တော့ ဖုန်းဝင်ပေမယ့် မကိုင်ဘူးသိရတယ်။ ဒီနေ့မနက် ၆ နာရီလောက်မှာ ဖုန်းထပ်ခေါ်တော့ သေဆုံးသူရဲ့ဖုန်းကို ကောက်ရထားတဲ့သူက အခြေအနေပြောပြလို့ မိသားစုဝင်တွေက ရောက်လာပြီး ချစ်သူလမ်းကြားတောစပ်တွေရှာရာကနေ အလောင်းကိုတွေ့ရတာ ။ ညကအသတ်ခံရတဲ့ သဘောပေါ့ ။ ” လို့ ဒေသခံက ပြောပါတယ်။
ဆိုင်ကယ်တက္ကစီသမားရဲ့ ရုပ်အလောင်းကိုသာတွေ့ရပြီး ဆိုင်ကယ်ကိုမတွေ့ရှိရကြောင်းနဲ့ လက်ရှိမှာ တာဝန်ရှိသူတွေက လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ် လို့သိရပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ကလည်း ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီး အမှတ် (၃) လမ်းမပေါ်မှာ တက္ကစီယာဥ်မောင်းတယောက် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ အောက်တိုဘာ ၆ ရက်ကလည်း ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ (၃) ရပ်ကွက်၊ ရန်ပြေ (၁၈) လမ်းအနောက်မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် တက္ကစီယာဥ်မောင်း ဦးစံသိန်းဆိုသူကိုလည်း သတ်ဖြတ်ပြီး ကားလုယက်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို ဖမ်းဆီးရမိ ခဲ့ တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်မှာ အသက် ၆၄ နှစ်အရွယ် တက္ကစီ ယာဉ်မောင်းဖြစ်သူကို ချွန်ထက်တဲ့အရာနဲ့ တိုက်ခိုက်ပြီး တက္ကစီ၊ ဖုန်းနဲ့ ငွေကြေး စတာတွေ အကုန်လုံး လုယက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ဒါအပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်းတယောက် အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ခုနောက်ပိုင်းမှာ ရန်ကုန်အပါအဝင် တိုင်း နဲ့ပြည်နယ်အများစုမှာ အခုလို ကား နဲ့ ဆိုင်ကယ်တွေ လုယက်ပြီး ယာဥ်မောင်းတွေကိုသတ်ဖြတ် မှုတွေ မကြာခဏ ဖြစ်ပွားမှု ရှိလာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
