ဇူလိုင် ၂ ၊ ၂၀၂၆
GG (VOM)
မကွေးတိုင်း ၊ ပြည် – မကွေးကားလမ်း ၊ အောင်လံမြို့ နဲ့ ဆင်ပေါင်ဝဲမြို့အကြားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ဆင်ပေါင်ဝဲမြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူး နဲ့ ရဲတပ်ကြပ်ကြီးတို့ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
မနေ့က ဇူလိုင် ၁ ရက်နေ့ ၊ နေ့လယ် ၁ နာရီလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ကား နဲ့ အိမ်စီးကား တို့ပစ်ခတ်ခံခဲ့ရတာ ဖြစ်ကြောင်း အဲဒီဖြစ်စဥ်မှာ ရဲတပ်ကြပ်ကျော်လွင်က ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ဆင်ပေါင်ဝဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇေယျကတော့ နားထင်ကျည်ဖောက်ဝင် ဒဏ်ရာ ၊ ပေါင်နှစ်ဖက် ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” ဖြစ်တာက အောင်လံမြောက်ဘက် ၃ မိုင်လောက်မှာ ဖြစ်တာပါ။မြို့အထွက်ပေါ့ ။ ဖြစ်တဲ့ ဘုရားတောင်ဗွေရွာနားမှာ လမ်းလေးက အကွေ့ကောက်လေးများတယ်။အဲဒီနေရာမှာဖြစ်တာ။ အောင်လံခရိုင်ရဲမှူးကားမောင်းတဲ့ ရဲတပ်ဖွဲ့ဝင် ဆုံးတယ်။
တိုက်ပွဲ ထိတွေ့မှုဖြစ်တဲ့အချိန် ကြားထဲကို ကားက သူတို့ရောက်သွားတော့ မှန်သွားတာလို့ ကနဦးသိရတယ်။ ကားတွေတော့ရပ်ခိုင်းတယ်သိရတယ်။ဒါကို မောင်းသွားတာလား ဘယ်လိုဖြစ်လဲတော့ သေချာ မသိရသေး ဘူး ။ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူးကတော့ အောင်လံဆေးရုံကနေ ပြန်သယ်ပြီးလို့ သဂြိုလ်ပြီးသွားပြီ။” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုအတွင်းမှာ ရဲအုပ်အောင်သန်းဇော် ညာတင်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဒုရဲမှူးကြီးဝင်းလှိုင်မှာ ညာလက်ကောက်ဝတ် ကျည်ထိမှန်ဒဏ်ရာတို့ ရရှိခဲ့သလို နောက်ထပ်အသက်ကြီးပိုင်း မျိုးသမီးနဲ့ အမျိုးသားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရှိရပါတယ်။
” ဟုတ်တယ် ။ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးမှူး သေသွားတယ်။ ပြီးတော့ ပြည်ဘက်က ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်က အရာရှိတယောက်ရဲ့ အဖေနဲ့အမေ လည်းဒဏ်ရာရလို့ ဆေးကုသမှုခံနေရတယ်။ သိရတာတော့ တိုက်ပွဲကြားထဲကို ကားရောက်သွားတယ်သိရတယ်။ ခရီးသည်တင်ကားတွေလည်း ပစ်ခံရတယ် သိရတယ် ။ ” လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ စိုးရိမ်ရသူတွေ ရှိနေပြီး လက်ရှိမှာ ပြည်မြို့ဆေးရုံနဲ့ အောင်လံဆေးရုံမှာ ဆေးဝါး ကုသမှုပေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
