အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာတွေကို ဆေးရုံကြီးတွေမှာပဲ ART ဆေး ထုတ်ပေးတော့မယ်

ဩဂုတ် ၉ – ၂၀၂၅
SN (VOM)
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကူးစက်ခံ လူနာတွေအတွက် ART (Antiretroviral Therapy) ဆေးကို အစိုးရ ဆေးရုံကြီးတွေမှာပဲ ထုတ်ယူခွင့် ပေးတော့မှာ ဖြစ်တယ်လို့ ကျန်းမာရေး အသိုင်းအဝိုင်းက သိရပါတယ်။
မနေ့ ဩဂုတ် ၈ ရက်ကနေ စတင်ပြီး မြန်မာနိုင်ငံတွင်းရှိ HIV/AIDS လူနာတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ART ဆေးတွေကို အရပ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ NGO/INGO အဖွဲ့တွေက‌နေတဆင့် ဆေးပေးခွင့် ရပ်ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က “ကျွန်တော်တို့လည်း ဒီသတင်း ကြားပါတယ်။ သေချာသလောက်တော့ ရှိတယ်ပေါ့။ တကယ်လို့သာ ဒီသတင်း အတည်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်သွားနိုင်လဲ ဆိုတော့ ဒါက HIV/AIDS လူနာတွေအတွက် သတင်း‌ကောင်းတော့ မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။
အစိုးရဆေးရုံတွေမှာ ဆရာဝန်တွေ၊ လူနာ လက်ခံနိုင်စွမ်းတွေ အားလုံး အကန့်အသတ် ရှိနေတဲ့အပြင် တန်းစီပြီး ဆေးထုတ်ယူရမယ် ဆိုပါက လူနာတွေအတွက် အဆင်မပြေနိုင်ဘူးလို့ သူက ပြောပါတယ်။
“လူနာတွေကို အစိုးရ ဆေးရုံတွေဆီ ပြန်လွှဲမယ်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနမှာရှိတဲ့ ဆေးပေးခန်းနဲ့ လူအင်အားနဲ့က ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်တာပေါ့။ အဲဒီလို အဆင်မပြေမှုမျိုးတွေတော့ ကြုံတွေ့ရနိုင်တယ်” လို့ သူက ပြောပါတယ်။
ယခင်က NGO/INGO တွေနဲ့ အလှမ်းဝေးတဲ့ ကူးစက်ခံရသူတချို့သာ ခရိုင်ဆေးရုံကြီးတွေနဲ့ မြို့နယ်ဆေးရုံကြီးတွေမှာ လစဥ် တပတ်ကို သုံးရက်၊ တရက်ကို ပျမ်းမျှ လူဦးရေ ၁၀၀ ဝန်းကျင်နဲ့ လစဥ် အနည်းဆုံး လူဦးရေ ၁၀၀၀ ဝန်းကျင်ကို ဆေးထုတ်ပေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
အများဆုံးဟာ မွေးရာပါကူးဆက်ခံရသူ ကလေးငယ်တွေ၊ အိမ်ထောင်သည်တချို့နဲ့ မိန်းကလေးငယ်တွေ၊ LGBT အုပ်စုထဲက လူငယ်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
အခုလို NGO/INGO တွေထံမှာ ဆေးထုတ်ယူခွင့် ပိတ်ပင်လိုက်တဲ့အခါမှာ ခရိုင်ဆေးရုံကြီးတွေနဲ့ မြို့နယ်ဆေးရုံကြီးတွေမှာ လူဦးရေ ပိုများလာနိုင်ပြီး တပတ်ကို လူ ၃၀၀ လောက် ဖြစ်သွားနိုင်တဲ့အတွက် ဆေးထုတ်ယူရမှာ အခက်ခဲတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
“များသောအားဖြင့် ဒီလူနာတွေက သူတို့ရောဂါကို လူသိခံလိုစိတ် မရှိကြဘူး။ NGO ဆေးခန်းတွေမှာက အချိန်မရွေး ဆေးထုတ်ယူနိုင်သလို လျှို့ဝှက်ပြီးလည်း ထုတ်လို့ရတယ်။ လူနာတွေအတွက် စိတ်ရောကိုယ်ပါ အဆင်ပြေနိုင်တယ်။ ဒီဆေးပေးခန်းတွေ ရှိနေတာက အစိုးရဆေးရုံကိုလည်း တဖက်တလမ်းက ဝန်ပေါ့စေတယ်။ အဲဒီတော့ ကျွန်တော် စဉ်းစားမိတာက တကယ်လို့သာ အစိုးရဆေးရုံတွေမှာသာ ART ဆေး ထုတ်ရမယ်ဆိုရင် ဒီလူနာတွေအတွက် လုံခြုံတဲ့ ဝန်ဆောင်မှုမျိုး ရှိပါ့မလားပေါ့။ လိုအပ်တဲ့ အခွင့်အရေးတွေကိုလည်း အပြည့်အဝ ပေးနိုင်ဖို့ လိုတယ်” လို့ သူက ပြောပါတယ်။
HIV လို ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုတာဟာ ဆရာဝန်ကနေ လူနာကို ဆေးပေးလိုက်တာနဲ့တင် ပြီးသွားတာမျိုး မဟုတ်ဘဲ လူနာအနေနဲ့ အဆင်ပြေပြေနဲ့ ရေရှည် ဆေးဆက်သောက်နိုင်ဖို့ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍ‌ပေါင်းစုံကနေ စောင့်ရှောက်မှု‌ ပေးဖို့လိုအပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ART ဆေး ထုတ်ယူခွင့်တွေကို အစိုးရ ဆေးရုံကြီးတွေမှာသာ ထုတ်ယူခွင့် ပေးလိုက်ပါက ဆေးသောက်နေရသူ လူငယ်တွေနဲ့ ကူးစက်ခံထားရတာကို အသိမပေးလိုသူတွေအတွက် များစွာ အဆင်မပြေမှုတွေ ဖြစ်လာနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဆေးသောက်သုံးမှု ရပ်ဆိုင်းကာ ဆေးဖြတ်လိုက်တဲ့ သူတွေပါ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ ART ဆေး သောက်သုံးနေရသူရဲ့ မိသားစုဝင်တယောက်က “အစိုးရ ဆေးရုံ၊ ဆေးပေးခန်းက ဘယ်တုန်းက ဘယ်လိုလူနာတွေအပေါ် နွေးထွေးပေးဖူးသလဲ။ ယဥ်ကျေးပေးဖူးသလဲ။ နှစ်သိမ့်ပေးဖို့ဆိုတာ အဝေးကြီး။ ဆရာဝန်မပြောနဲ့ သန့်ရှင်းရေးသမားကတောင် ပါဝါပြနေတဲ့နေရာ။ တကယ် ယုံကြည်လို့ရော ရနိုင်ရဲ့လား။ သူတို့ရဲ့ တာဝန်မဲ့မှုကြောင့် နစ်နာသူတွေ ပေါ်လာခဲ့ရင် တာဝန်ယူပေးနိုင်လို့လား။ လူတွေက အစိုးရဆေးရုံဆိုရင် ယုံကြည်မှုမရှိကြတာက အကြောင်းမဲ့မဟုတ်ဘူး။ ကိုယ်ကတော့ အစိုးရဆေးရုံမှာ ART သွားထုတ်ရမယ်လို့ သတင်းကြားတာနဲ့တင် စိုးရိမ်စိတ်က ဝင်နေပြီ” လို့ ပြောပါတယ်။
Human immunodeficiency virus (HIV) ဆိုတာ ခန္ဓာကိုယ်ရဲ့ CD4 ဆဲလ်ဆိုတဲ့ ရောဂါပိုးကို တိုက်ဖျက်ပေးတဲ့၊ ကိုယ်ခံအား ဆဲလ်တွေကို တိုက်ခိုက် ဖျက်ဆီးတဲ့ဗိုင်းရပ်စ် တမျိုးဖြစ်ပြီး မှန်ကန်တဲ့ ဆေးကူသမှု ခံယူထားမယ်ဆိုရင် HIV ဗိုင်းရပ်စ်တွေကို Acquired immunodeficiency syndrome (AIDS) ရောဂါအဆင့်ထိ ရောက်မလာအောင် ဆယ်စုနှစ်တခုအထိ ထိန်းထားလို့ရတဲ့အတွက် HIV positive လူနာ တယောက်အနေနဲ့တော့ ဆေးဖြတ်တာမျိုးတွေ လုပ်ဖို့မသင့်ဘူးလို့ ကျန်းမာရေးဝန်ထမ်းက ပြောပါတယ်။
“ဒီဆေး ဖြတ်လိုက်ပြီ ဆိုရင်တော့ HIV positive ဖြစ်တဲ့ လူနာအနေနဲ့ အခြေအနေ ပိုဆိုးသွားဖို့ပဲရှိတယ်။ ART ဆေးက ပိုးကောင်အရေအတွက် များမလာအောင် ထိန်းထားပေးတာ။ ဆေးဖြတ်လိုက်ရင်တော့ HIV ရောဂါလက္ခဏာတွေက ပိုဆိုးလာနိုင်တယ်။ ကိုယ်ခံအား၊ ခုခံအား ကျဆင်းမှုတွေ ပိုပြီးဆိုးလာမယ်။ ရောဂါနဲ့ပတ်သက်လို့ ပိုပြီးခံရမယ်” လို့ သူက ပြောပါတယ်။
ဆေးတွေ ပုံမှန်မရတာ၊ Delay treatment တွေ ဆေးကုသဖို့အတွက် နောက်ကျတာမျိုးတွေ ရှိလာခဲ့မယ်ဆိုလို့ရှိရင် အဆိုပါ လူနာနဲ့ပတ်သက်လို့ ရောဂါကူးစက်နိုင်ခြေလည်း အရမ်းမြင့်တက်သွားနိုင်ကာ မြန်မာပြည်တွင်း HIV တိုက်ဖျက်ရေးအတွက် ကြီးကြီးမားမား ဆုတ်ယုတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
HIV/AIDS လူနာတယောက်ဟာ တခြား ရောဂါတွေလိုမျိုး သူတို့အကြောင်း အလွယ်တကူ ပြောထွက်တဲ့ ရောဂါမျိုးလည်း မဟုတ်တဲ့အတွက် social stigma ရှိတာတွေကြောင့် သေချာ အချိန်ပေးပြီး ကုသပေးရတဲ့၊ နှစ်သိမ့်ပေးရတဲ့ ရောဂါမျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။
တသက်လုံး ART ဆေး သောက်ရမယ့် လူနာအတွက် ဆေးသောက်ပုံသောက်နည်း၊ အချိန် မှန်၊ မမှန် ‌ဆွေးနွေးပေးဖို့လိုပြီး ဆေးမှန်မှန်သောက်နေရဲ့လား ဆိုတာကို ခြောက်လ တကြိမ် ပိုးကောင်ရေ စစ်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဆေးသောက်နေချိန်မှာ ရလဒ်မကောင်းဘူး ဆိုပါကလည်း ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ ပြဿနာရှိနေပြီလဲ၊ ဆေးမတိုးတာလား၊ လူနာက ဆေးသေချာမသောက်တာလား အဖြေရှာဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဒါအပြင် လူနာဆီကနေ တခြားသူတွေကို ကူးစက်တာမျိုး မဖြစ်အောင် ပညာပေးဖို့ လိုပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးဆိုပါက ရင်သွေးဆီကို HIV မကူးစက်အောင် intervention လုပ်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာတောင် အစိုးရဆေးရုံတွေက ကျန်းမာရေးဝန်ထမ်း အရေအတွက်၊ လူနာ အရေအတွက် မမျှတတာ‌ကြောင့် အစိုးရ ဆေးရုံဝန်ဆောင်မှုတွေမှာ လိုအပ်ချက်တွေ အများကြီး ရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“NGO မှာ လူနာတွေအတွက် နွေးထွေးတဲ့ စောင့်ရှောက်မူခံရတယ်။ လိင်အကာကွယ်သုံး ပစ္စည်းတွေလည်း အခမဲ့ပေးတယ်။ ဆေးပြဖို့ စောင့်နေတဲ့အချိန် သောက်စရာ၊ စားစရာတွေလည်း ပေးတယ်။ ပြန်ရင်တောင် လမ်းစရိတ်ကအစ ပေးသေးတယ်။ ဒီလို ဝန်ဆောင်မှုမျိုးက အစိုးရဆေးရုံမှာ လုံးဝ မရနိုင်ပါဘူး” လို့ ART ဆေး သောက်သုံးနေရသူ တယောက်က ပြောပါတယ်။
HIV/AIDS လူနာအများစုဟာ ဆင်းရဲချို့တဲ့သူတွေ များပြီး NGO/INGO အဖွဲ့တွေအနေနဲ့ ကျေးရွာထိ ဆေးထုတ်ပေးတာ၊ ဆေးသောက်ဖို့ အနီးကပ် ဖျောင်းဖျတာ၊ အားပေးနှစ်သိမ့်တာတွေ အဝေးရောက်နေသူတွေကို ချိတ်ဆက် ဆေးထုတ်ပေးတာ၊ လူနာရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် ထိန်းသိမ်း လျှို့ဝှက်ပေးတာတွေ ပြုလုပ်ပေးတာကြောင့် လူနာ အတော်များများ ဆေးသောက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
အစိုးရအနေနဲ့ ၂၀၂၂ ခုနှစ်မှာ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းပြီး INGO နဲ့ NGO တွေ မဖြစ်မနေ မှတ်ပုံပြန်တင်စေခဲ့ကာ ၂၀၂၃ ခုနှစ် ဝန်းကျင်ကစပြီး HIV၊ တီဘီနဲ့ ငှက်ဖျားဆေးတွေကို ကျန်းမာရေးဝန်ကြီးဌာန တခုတည်းမှာသာ ဆေးဝါး လက်ခံရယူပြီး NGO တွေက ပြန်လည်တင်ပြ တောင်းခံရတဲ့ စနစ်ကို ပြောင်းလဲထားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အခု ၂၀၂၅ ခုနှစ်၊ နှစ်စမှာပဲ အမေရိကန်ရဲ့ ရန်ပုံငွေဖြတ်တောက်မှုနဲ့ ပတ်သက်လို့ ရိုက်ခတ်မှုကြောင့်လည်း ဆေးဝါးရော ဝန်ဆောင်မှု အပိုင်းမှာပါ သက်ရောက်မှု ရှိလာခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် နိုင်ငံရေးအပြောင်းအလဲ မဖြစ်ခင်က ခြောက်လစာ ထုတ်ပေးနိုင်ခဲ့တဲ့ ART ဆေးဟာ လက်ရှိမှာတော့ မြို့ကြီးတွေမှာတောင် သုံးလ တကြိမ်သာ ထုတ်ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာပြီး တချို့ဒေသတွေမှာဆိုရင်တော့ တပတ်ကို တခါလောက်သာ ဆေးထုတ်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ART ဆေး သောက်သုံးနေရသူ နောက်ထပ် တယောက်ကလည်း “အရင်က ကျွန်တော်တို့ကို အဖွဲ့အစည်းတွေကပေးတာ ခြောက်လစာရတယ်။ အဝေးကဆို တနှစ်စာရတယ်။ အခုက ကျန်းမာရေးမှာ ထုတ်ရတာ သုံးလစာပဲရတယ်။ သွားလာရခက်တဲ့ ဒေသက လူတွေအတွက် စားရိတ်နဲ့ လမ်းခရီးက အခက်ခဲဖြစ်တာပေါ့” လို့ ဆိုပါတယ်။
ခုခံအားကျဆင်းမှုရောဂါ HIV ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ Malaria တွေအတွက် Global Fund ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းကနေ အလှူငွေတွေ ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ကာလအတွင်း မြန်မာပြည် HIV တိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး Global Fund ကနေ အမေရိကန်ဒေါ်လာ ၆၈ သန်းကျော် ပေးသွားမယ်လို့ ကြေညာထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက တီဘီ၊ HIV ရောဂါ ကုသဆေးတွေကို နိုင်ငံတော်မှ နှစ်စဉ် ခွင့်ပြုရန်ပုံငွေနဲ့ ဝယ်ယူပေးနေခြင်းကြောင့် လူနာတွေ ဆေးပြတ်လပ်မှု မရှိစေဘဲ ကုသမှု ခံယူရရှိနိုင်မှာ ဖြစ်တယ်လို့ မနေ့ ဩဂုတ် ၈ ရက်၊ မွန်းလွဲပိုင်းက ခုတင် (၁၀၀) နဲ့အထက် ပြည်သူ့ဆေးရုံကြီးတွေမှ ဆေးရုံအုပ်ကြီးတွေ၊ အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါအပြင် ပြည်သူ့ဆေးရုံတွေကို ပြည်သူလူထု အားကိုးယုံကြည်မှု ပိုမိုရရှိလာစေဖို့ ဆေးရုံတွေ ဥပဓိရုပ်ကောင်းမွန်ရေး၊ လူနာတွေ၊ လူနာမိသားစုတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးတို့ကိုလည်း ဆောင်ရွက်ပေးကြဖို့ လိုအပ်တယ်လို့ အဆိုပါ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၂၁ ခုနှစ် စာရင်းတွေအရ မြန်မာနိုင်ငံမှာ HIV ပိုး ကူးစက်ခံရသူ နှစ်သိန်း ခုနစ်သောင်းကျော် ရှိပြီး နိုင်ငံတဝန်း လူဦးရေရဲ့ သုည ဒသမ ၆၄ ရာခိုင်နှုန်း ကူးစက်ခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW