ဆူးငှက်
အာကာကို လွှာပုံပြုပါလို့
——————————–
ထိုနေ့ညက မြန်မာရုပ်ရှင်ကား တစ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို သတိရမိသည်။ ဇာတ်ကား အမည်တော့ မမှတ်မိ။ ဇာတ်ဝင်ခန်းမှာ ဇာတ်ရံသရုပ်ဆောင်တစ်ယောက်က စာရေးနေသည်။ ညအခါ လသာသာမှာပေါ့။ သရုပ်ဆောင်က ဆေးလိပ်ဖွာလိုက်၊ စာရေးလိုက်၊ မကြိုက်လို့ ဆုတ်ဖြဲလုံချေပြီး ဘေးက အမှိုက်ခြင်းတောင်းထဲ ထည့်လိုက်၊ နောက်ထပ် စာရွက်အသစ်တစ်ရွက် ယူလိုက်၊ ဆေးလိပ်ဖွာလိုက်၊ တွေးလိုက် ထပ်ရေးလိုက်၊ မကြိုက်လိုက်၊ ဆုတ်ဖြဲ လုံးချေပြီး ခြင်းထဲ ထည့်လိုက်၊ နောက်ထပ် စာရွက် အသစ်ယူလိုက်၊ အစီခံနားကပ်နေသော သောက်လက်စ ဆေးလိပ်ကို ပြာခွက်ထဲ ထိုးချေပြီး ဆေးပေါ့လိပ် အသစ်ယူ ဆေးလိပ်ခေါင်းလေး သွားဖြင့် ကိုက်၊ ဆေးလိပ်ဖင်ကို လက်သည်းနှင့် ခြစ်၊ အနာက ဓာတ်မီးခြစ်နဲ့ ဆေးလိပ်မီးညှိ၊ တရှိုက်နှစ်ရှိုက်ဖွာ၊ ခေါင်းကုပ်ပြီးတွေး၊ စာရွက်ပေါ် စာတွေချရေး၊ ပြန်ဖတ်ကြည့်၊ ခေါင်းရမ်း၊ စာရွက်ဆ့တ်ဖြဲ၊ လုံချေပြီး ခြင်းထဲထည့်၊ သည်လိုနှင့် အမှိုက်ခြင်းသာ လုံးချေထားသော စက္ကူစုတ်တွေ အပြည့်အမောက် ဖြစ်သွားသည်။ စာက တစ်မျက်နှာပင်မပြီး။
သည်လိုပါပဲ ထိုညက ကျွန်တော့်မှာ အစ်ကိုတွေ လာမခေါ်ကြပါစေနဲ့။ ကျွန်တော့်ဘေးက ကုတင်မှာ လာမအိပ်ကြပါစေနှင့် ဆုတောင်းရတာ တမျိုး။ ဈေးချိုအောက်လိုင်း စီရုံ အပေါက် စာရေးကိရိယာဆိုင်က ဝယ်လာသည့် စာရေးပက် အပြာလေးမှာ ဂျီးဆေးထားသည့် ပိုင်းလော့ဖောင်တိန်ထဲ ပတ်ကားမင် အပြာရင့်လေးထည့်ပြီး ဘယ်စာလုံးက စရေးရမလဲ စဉ်းစားလိုက်၊ ရေးကြည့်လိုက်၊ မကြိုက်လိုက်၊ စာတစ်ကြောင်းမျှ မပြည့်မီ ဆုတ်ဖြဲ လိုက်၊ နောက်တစ်ရွက် အသစ်မှာ ပြန်ရေးလိုက်၊ စာတစိကြောင်းမက တစ်ပိုဒ်လောက် အရောက် အဆင်မပြေလို့ ဆုတ်ဖြဲလိုက်။ စာရေးပက်က စာရွက် တဝက်သာကျိုးသွားရော စိတ်ကြိုက် မရလိုက်ပေ။ ဒီကိစ္စတွေက အတွေ့အကြုံရှိသော စီနီယာတွေကို အားကိုးပုံအပ်လိုက်ရင် တစ်ခဏနှင့် ပြီးမှာလေ။ အခုတော့ ကိုယ့်ကို ကလေးလို့ပဲ သတ်မှတ်ထားသည့် ကိုယ့် အထက်က စီနီယာတွေကို လေသံမျှ မ ဟရဲဘဲ ကိုယ့်အားကိုယ်ကိုးနေရတော့ အဆင်မပြေ တာပေါ့။
သို့သော် အားလျော့လို့တော့မဖြစ်။ အိပ်ရာပေါ် ခဏနားသည်။ ခေါင်းအုံးပေါ် ပက်လက်လှန်သည်။ ညောင်းနေသော ဇက်ကို လက်၂ဖက်နှင့် ပတ္တာယှက်ကာ ဖိထားရင်း မျက်စိကို မှတ်ထားလိုက်သည်။ ဟုတ်ပါ့ ဆံပင်လေးက ထိုစဉ်ကာလ ခေတ်စားသော အိုမီဂါပုံလေးလေ၊ မျက်တောင်က အဖြူဘက်လုကာ ညက်သော အသားမှာ ထင်ထင်ရှားရှားနက်မှောင် ဇင်ရော်တောင်လေ။ မျက်ဝန်းကလည်း လဲ့ရွှန်း၊ ထင်း၍ စင်းသည့်နှာတံ၊ အပေါ်နှုတ်ခမ်းပါး အောက်နှုတ်ခမ်းဖူးဖူးနှင့် မျက်နှာလေးက မှိတ်ထား၍ ပိတ်နေသော မြင်လွှာမှာ ထင်းထင်းလေး ပေါ်နေသည်။ ကိုင်း ဒါဖြင့် အဲ့ဒီအလှတွေကို စာဖွဲ့လေ၊ ဒါလေးတွေကို မြင်မိကတည်းက မေ့မရအောင် စွဲလမ်းမိကြောင်း ဆက်ရေးလေ၊ ဒါကြောင့် ဒီအလှလေးတွေကို တစ်နေ့ မမြင်ရရင် အိပ်မပျော်လောက်အောင် ခံစားရလို့ မြင်ခွင့်ရအောင် ညနေဆို လာရတဲ့အကြောင်း ဆက်ပြောလေ၊ ပြီးရင် အဲလို မဖြစ်မနေ မြင်ချင်နေတာက တစ်ခါမှ မခံစားဖူးတဲ့ အချစ်ဆိုတာ အခုတော့ သိရပါပြီ လို့ ဆက်ရေးလေ။
နေဦး ဒီလိုဆိုရင်ကော အဲလို မြင်ချင်တွေ့ချင် မမြင်ရမနေနိုင် မတွေရ မနေနိုင်တာက “…………….” ကို ချစ်လို့ပါ လို့ ပြောလိုက်လေ။ ဝူး.. မလွယ်လိုက်တာ၊ ဒီအကြောင်းအရာတွေကို အမြီးအမောက် တည့်တည့် စီကာပတ်ကုံး ချောချောမွေ့မွေ့ ဖျက်ရာမပါ၊ အမှားမပါ၊ လက်ရေးလက်သားလှလှနဲ့ ရေးဖို့ဆိုတာ လွယ်ပါ့မလား။ အခုကိုပဲ စာရွက်ပေါ် ဖောင်တိန်တင်လိုက်တာနဲ့ လက်ကတုန်ချင်နေပြီလေ။ စာလုံ ၅လုံး ၅လုံးလောက် ရောက်တာနဲ့ နောက်ရေးမယ့်စာလုံးက မှားပြီလေ။ ဒီတော့ နောက်တစ်ရွက်။ မှား နောက်တစ်ရွက်၊ မကောင်း နောက်တစ်ရွက်။
နောက် စဉ်းစားမိတာ တစ်ခုက ကိုယ်ကရေးပြီတဲ့။ အဲ့ဒီစာတွေကို သူကနားလည်ပါ့မလား၊ နားမလည်ရင် သူ့အစ်မကို ပြလို့ဘယ်ဖြစ်မလဲ။ ခက်လိုက်တာနော်။ ကိုယ်က သူ့ရှေ့ ဖြတ်လျှောက်ပြီး ကြည့်လို့ သူကပြန်အကြည့်မှာ မျက်လုံးချင်းတော့ ဆုံတာပဲလေ။ အဲ့လိုဆုံတော့ ပြစ်ပြစ်ခါခါ မျက်နှာလွှဲတာ စိတ်ဆိုးတဲ့ အမူအရာတော့ မရှိပါဘူး၊ မျက်လုံးချင်းဆုံတာ တစ်ခါတစ်ခါ တော်တော်ကြာပါတယ်။ သူက အကြည့်မလွှဲ။ အပျိုပေါက်လေးပဲလေ။ သူလည်း သိမှာပါ။ မထူးပါဘူး၊ သူ့အစ်မ သူငယ်ချင်း မမခင်စိန်ကို ပြောခိုင်းရမလား။ ဒါကလည်း မမခင်စိန်က သူ့အဖေ ဦးပု သိ။ ဦးပု က အဘ သိ။ သေချာတာက အဘ မသိခင် တစ်ရပ်ကွက်လုံးသိမှာ။ ကိုင်း ရှုပ်ပါတယ်ကွာ စာပဲရေးမယ်။ အဓိက က သူသိဖို့။ ဘာသိရမှာလဲ။ ဒို့ ချစ်တာ သိဖို့။ ကိုင်း လာလေရော၊ ဤသို့ အားတင်းကာ လက်ခမောင်းခတ်လိုက်ကာ စာပွဲ ပြန်ထိုင်၊ စာရေးပက်က စာရွက်အသစ်တစ်ရွက်ယူ၊ ပိုင်းလေားဖောင်တိန်ကို အနားက စာရွက်ကြမ်းတစ်ရွက်မှာ မင်စမ်းပြီးတာနှင့် ငါချစ်တာ သူသိဖို့ ငါချစ်တာ သူသိဖို့ဟူသော ဦးတည်ချက် ပန်းတိုင်ကို မမှိတ်မသုန် ဦးတည်ကာ ချီတက်လိုက်တော့လေသတည်း။
အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ။ တကယ်တော့ ဤသို့ ကြွေးကြော်သင့်ပေ၏။ အခုတော့ ဘာခက်လို့လဲလေ။ ရေးပြီးစာရွက်ကို အနားက ရူပဗေဒ ပြဋ္ဌာန်းစာအုပ်ထူကြီးထဲ ညှပ်ထည့်၊ လုံးချေထားသော စရွက်စုတ်တွေကို စက္ကူအိတ်အလွတ်ထဲတည့်၊ ဖောင်တိန်တွေ မင်အိုးတွေသိမ်း၊ မှန်အိမ်ငြှိမ်းပြီး သကာလ အိပ်ရာဝင်တော့ ဝင်းထိပ် ကင်းတဲက သံချောင်း ၁၂ချက် ခေါက်နေပြီ။ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနှင့် ချက်ချင်း အိပ်ပျော်သွားတော့၏။ ခြင်ထောင်ပင် မချမိ။
မှန်အိမ်လင်းဆဲ သန်းခေါင်ကျော်
———————————-
“မင်းတို့ စာမေးပွဲ နီးပြီလားကွ”
အိမ်ရှေ့မှာ ထင်းခွဲနေသော အဘက သန်းလွင် ဝင်လာတာနှင့် ဆီးမေးသည်။ ကျွန်တော် က ကျောင်းလွယ်အိတ်ကို အိမ်ရှေ့ဝရံတာ အတက် လှေကားထစ်တိုင်မှာ ချိတ်လိုက်ပြီး ကျောင်းသွား အပြင်သွားလျှင် စီးသည့် ရှုမဝ ပန်းသီးတံဆိပ် သားရေဖိနပ်ကို ဖုံခါပြီး လျှိုနေသည်။ သန်းလွင်က ဇန်နဝါရီလလယ် အအေးဓာတ်ကြောင့် အဖြူရောင် ဂျာကင်ကို ကျောင်းဝတ်စုံအပေါ်က ဝတ်ထားသည်။ ကျွန်တော်ကလည်း ကျောင်းဝတ်စုံပေါ်က ဖလန်နယ် အပြာကွက် အင်္ကျီကို ထပ်ဝတ်ထားသည်။
“စာမေးပွဲက မတ်လလယ်မှာ ဆိုတော့ လိုပါသေးတယ် ဦးလေး၊ အခုမှ ဇန်နဝါရီ ၁၆ သောကြာနေ့လေ”
“ သြော် မသိပါဘူးကွာ၊ ငါက ဒီနေ့မနက်ဖြန်လား စာမေးပွဲ ဖြေရမယ်အောက်မေ့လို့။ မင်းသူငယ်ချင်းက မနေ့ညက စာမကျက်စဖူး ကျက်နေလို့ဟေ့။ သန်းခေါင်တိုင်ရော”
အဘ စကားကြောင့် ကျွန်တော်ခေါင်းနပန်းကြီးကာ ထူပူသွားသည်။ ငါရည်းစားစာရေးတာ သိလို့ ရွှဲ့ပြောတာလား၊ သိတော့ မသိလောက်ပါဘူး၊ မနေ့ညက စာရော စာအုပ်ရော ငါထားတဲ့ အတိုင်း ခြေရာလက်ရာ မပျက်ပါဘူး၊ လုံးချေထားတဲ့ စာရွက်တွေ ထည့်ထားတဲ့ စက္ကူအိတ်လည်း ဈင်းထိပ် အမှိုက်ပုံးမှာ ပစ်ဖို့ လွယ်အိတ်ထဲမှာပါ၊ ထိုသို့ ဒွိဟ စိတ်ဖြင့် အဘကို အကဲခတ်မိသော အခါ တကယ်ပဲ သူ့သားက မနေ့ညသန်းခေါင်ထိ စာကြည့်နေတယ် ထင်နေရှာတာ၊ ဒီလိုစာကြည့်လို့ ကျေနပ်နေတဲ့ မျက်နှာက အထင်းသားလေ။ သန်းလွင်က ကျွန်တော့် မလုံမလဲ လှမ်းအကြည့် ကျွန်တော်က မသိမသာ လက်မထောင်ပြလိုက်သည်။ သန်းလွင်က အဘကိုနှုတ်ဆက်ပြီး ကျွန်တော်တို့ ၂ယောက်သား ဝင်းဟန်နှင့် သန်းဆောင်တို့ရှိရာ အုတ်ဝန်မင်းဝင်းသို့ ဒေါင်းရိုးလမ်းကြားမှ ဒက္ခိဏဝန်တိုက်ကို ဖြတ်ပြီး သိမ်ပေါက်မှ ထွက်ကာ တလမ်းလုံး စကားတပြောပြောနှင့် သွားကြတော့သည်။
“သူငယ်ချင်း ဘယ်လိုလဲ၊ ပြီးပြီလား၊ အဆင်ပြေလား” ဟု သန်းလွင်က မေးတော့ ကျွန်တော်က “အဆင်ပြေတယ်၊ ပြီးသွားပြီ။ မနေ့ညက ၁၂နာရီထိုးမှ ပြီးတာကွာ၊ လူကို ချာလပတ်လည်နေတာပဲ’ ဟု ဖြေတော့ သန်းလွင်က သူ့သွားတက်ပေါ်အောင် တဟဲဟဲ ရယ်နေတော့သည်။
“ မင်း ညနေကျ ဘယ်လိုပေးမှာလဲ၊ ကိုမောင်ဒွေး ပေးခိုင်းမှာလား”
“ ဟာ.. မဖြစ်ဘူး ထင်တယ်နော်၊ ငါက သူမသိအောင် လှုပ်ရှားနေတာ”
ကျွန်တော်၏ လှုပ်ရှားနေတာ ဟူသော စကားကို သန်းလွင်က မင်းစကားလုံးက ကြီးကျယ်ရန်ကော ဟူသော အကြည့်ဖြင့် လှမ်းကြည့်သည်။ “သန်းလွင် ဒီကိစ္စတွေ ဟိုကောင်တွေ မသိပေးစေနဲ့နော်” ဟူသော ကျွန်တော့် စိုးရိမ်မှုကို သန်းလွင်ကလည်း “ဟာ.. သိလို့ ဘယ်ဖြစ်မလဲကွ၊ စိတ်ချပါ။ အေး ငါ့ကိစ္စလည်း သူတို့ မသိစေနဲ့ဦး” ။ ကျွန်တော်က “မင်းက ပိုင်ပါတယ်ကွာ၊ တစ်ရပ်တည်း မိုးလင်းမိုးချုပ် အမြဲမြင်နေရတာပါ” ဟု သူ့ကို ကြည့်ရင်းပြောတော့ ထုံးစံအတိုင်း တဟဲဟဲ ရယ်နေသည်။
ကုန်ရုံ ၊ USIS နှင့် လေကြောင်းရုံး
—————————————
ကျွန်တော်တို့က အမှတ် ၁ အ.ထ.က သို့ သူငယ်ချင်းတွေ မခွဲနိုင်မခွာရက် တစ်စုတဝေးသွားကြသည်။ သန်းလွင်က ဥယျာဉ်တန်းကနေ ကျွန်တော့်ဆီလာ၊ သူနှင့် ကျွန်တော်က ဝင်းဟန်နှင့် သန်းဆောင်ရှိရာ အုတ်ဝန်မင်းဝင်း သွား။ အဲ့ဒီကနေ လေးယောက်သား ဝင်းဟန် အဖေ ဦးထွန်းလှိုင်၏ ကားနံပတ် /၅၁၀၄ GMC ကုန်ကားက ဘူတာကြီးကုန်ရုံသို့ ဂိတ်ထိုးအသွားတွင် လမ်းကြုံလိုက်ကြကာ USIS အမေရိကန် ပြန်ကြားရေးစာကြည့်တိုက်တွင် ဆင်းကာ လမ်းတဘက်က လေကြောင်းရုံးဘက်ကူးပြီး ကျောင်းသို့ သွားကြသည်။ ဝင်းဟန်တို့ GMC ကားကြီးက စစ်ကြီးအပြီး ကျန်ရစ်သော စစ်သုံးကားကြီး ဖြစ်ပုံရသည်။ ခေါင်းခန်းမှာ ကိုယ်ထည်နှင့် အမိုးက သံထည် တစ်ဆက်တည်း ဖြစ်သည်။ ကားက မူလဆေးရောင် အစိမ်းပုပ်က မပြယ်သေး။ နောက်တော့ /၅၁၀၄ နံပတ်နှင့် ကုန်ရုံဘူတာမှာ ကုန်သယ် ကုန်ပို့ ခေါက်တို ကားကြီးအဖြစ် ဝင်းဟန်၏ ဖခင် ဦးထွန်းလှိုင် က ပိုင်ဆိုင်ထားတော့သည်။ အဆွေစာရှုသူ၊ ထိုစဉ်က ဘူတာကြီးကုန်ရုံမှာ ယခုဘူတာကြီး မြောက်ဘက်အခြမ်း ၂၆ဘီလမ်းနှင့် ၂၇လမ်းအကြား၊ ၇၈လမ်းနှင့် ၇၉လမ်းကြားမှာရှိသည်။ ကုန်ရုံသို့ ၇၉လမ်းဘက် အနောက်ပေါက်က ဝင်ရသည်။ ထိုအပေါက်မှ ကုန်ကားများ ဝင်ထွက်ကြပြီး မီးရထားဖြင့် ရောက်လာသော ကုန်များ၊ မီးရထားနှင့် တင်ပို့မည့် ကုန်များကို သယ်ယူ ပို့ဆောင်ကြသည်။
ထိုကုန်ရုံပေါက်၏ တောင်ဘက်မှာလည်း ကုန်သယ်ပို့ လှည်းဝိုင်းကြီးလည်း ရှိပါသည်။ USIS အမေရိကန် ပြန်ကြားရေးစာကြည့်တိုက်ဆိုသည်မှာ ၂၆ဘီလမ်းနှင့် ၈၁လမ်းထောင့် တွင် ရှိပါသည်။ တစ်ထပ်တိုက် အဆောက်အအုံ ဖြစ်သည်။ ထိုစာကြည့်တိုက်မှာ အင်္ဂလိပ်စာအုပ်များ မဂ္ဂဇင်းများ စာစောင်များ ဖတ်ရှုနိုင်သလို ငှားရမ်း၍လည်းရသည်။ စာအုပ်များလည်း လက်ဆောင်ပေးပါ၏။ ထိုအဆောက်အအုံ၏ အနောက်ဘက်ခြမ်း ဘီလမ်းဘက်မျက်နှာပြု အခန်းက မန္တလေးရုပ်ရှင်ကုမ္ပဏီလိမီတက်၏ ရ့ုံးခန်းဖြစ်ပါသည်။ ၁၉၈၄ခုနှစ်က လောင်ကျွမ်းသော ဦးကျားကြီးဝင်း မီးဘေးတွင် ထိုအဆောက်အအုံ တစ်ခုလုံး မီးသင့်ခဲ့ပါသည်။ ထို့နောက် ထိုနေရာတွင် အဆောက်အအုံ အသစ်ဖြင့် ဟောင်ကောင်စတိုး အမည်ဖြင့် မီနီမတ်ကက်တစ်ခု ဖွင့်လှစ်ခဲ့သည်။ လေကြောင်းရုံးဆိုသည်မှာ ၂၆ဘီလမ်း၏ မြောက်ဘက် ၈၁လမ်းပေါ် အနောက်ဘက်လှည့် တည်ရှိပါသည်။ ထိုစဉ်က လေကြောင်းခရီးစဉ်များ၏ လက်မှတ်များ ရောင်းချခြင်းနှင့် ခရီးသည်များ လေဆိပ်သို့ အကြိုအပို့အတွက် စုဝေးစောင့်ဆိုင်းကြသည့်နေရာ ဖြစ်သည်။ ထိုစဉ်က လေဆိပ်မှာ ဆင်ဖြူကန် တောင်ဘက်က ချမ်းမြသာစည် လေဆိပ်ဖြစ်ပါသည်။
ကျွန်တော်တို့က မနက်ကျောင်းသွားခရီးမှာ ခြေကျင်တဝက်၊ /၅၁၀၄ GMC ကားကြီးနှင့် တဝက်ဖြစ်သည်။ ကိုယ်စီ ထမင်းဘူးတွေ ယူလာလို့ နေ့လယ်ထမင်းစားချိန်တွင် ကျောင်းရှေ့ မန်ကျည်းပင်ကြီးအောက်က ခုံဝိုင်းပေါ် စုစားကြသည်။ ညနေကျောင်းဆင်းတော့ ခြေကျင် ပြန်ကြတာပေါ့။ ထိုစဉ်ကာလ ၉တန်းမှာပင် ၁၀တန်းအတွက် အမြော်အမြင်ရှိသူတွေက ကျူရှင်ယူနေကြလို့ မနက်ကျူရှင် ညနေကျူရှင်အတွက် အချိန်လုကြရသည်။ ထို့ကြောင့် မနက်ကျူရှင်အပြီး ကျောင်းသို့ စက်ဘီးနှင့် အပြေးအလွှားလာ ကျောင်းတက်၊ ကျောင်းဆင်းတော့ ခေါင်းလောင်း ထိုးသည်နှင့် ညနေ ကျူရှင်မီဖု့ိ စက်ဘီးလေးတွန်းပြီး အမြန်ထွက်၊ ကျောင်းအပြင်ရောက်သည်နှင့် စက်ဘီး ဒုန်းစိုင်းစီးကာ အချိန်ပုပ် မခံကြချိန် ကျွန်တော်တို့က ကျောင်းတက် ကျောင်းဆင်း သူငယ်ချင်း အချင်း မခွဲနိုင်ကြဘဲ ကျောင်းနှင့်အိမ် အိမ်နှင့် ကျောင်း အချိန်ကုန်ခံ ခြေကျင်လျှောက်နေကြသည်။
ထိုနေ့က ကျောင်းက အိမ်အပြန် အုတ်ဝန်မင်းဝင်း အပေါက် ရောက်လို့ ဝင်းဟန်နှင့် သန်းဆောင်က ဝင်းထဲဝင်အသွား ကျွန်တော်နှင့် သန်းလွင်က လမ်းလျှောက်ရင်း ခေါင်းချင်းဆိုင်လိုက်ကြသည်။
/၅၁၀၄ မန္တလေးနှင့် လေမှာပျံဝဲလိုက်ချင်
———————————————–
အမှတ် ၁ အ.ထ.က သို့ ဆင်တံတား အုတ်ဝန်မင်းဝင်း အတွင်း သူငယ်ချင်း ဝင်းဟန် အဖေ ဦးထွန်းလှိုင်၏ / ၅၁၀၄ နံပတ် GMC ကားကြီးနှင့် သွားကြတာ ပြန်စဉ်းစားတော့ လွမ်းစရာကောင်းလှသည်။ ကားကြီးက ဝင်းပေါက်မှာ ထိုးထားပြီး ဝင်းအတွင်း ဝင်းဟန်တို့ အိမ်က ကားပေါ်တွင် ယူရမည့် ဂေါက်တံနှင့် တူ၊ ကျောက်လှည့်၊ ပလာယာ စသည့် ပစ္စည်းများ ထည့်ထားသည့် အိတ်ကြီးကို ကားရှေ့ခန်းသွားထား၊ ဦးထွန်းလှိုင်၏ ထမင်းချိုင့်ကိုယူ။ ထို့နောက် ဦးထွန်းလှိုင်က ကားပေါ်ထိုင် စက်ဖွင့်၊ ဝင်းဟန်က ကားအောက်မှ ဂေါက်ကြီးနှင့် လှည့်၊ ကားကတော်တော်နှင့် စက်မနိုး၊ သည်တော့ ဦးထွန်းလှိုင်က ထိုင်ရာမှ ဆင်းကာ ဝင်းဟန်ကို ဒရိုင်ဘာ ခုံ၌ ထိုင်စေပြီး စက်နှိုးခိုင်း သူက ဂေါက်လှည့်၊ စက်က မနိုးသေး။ တစ်ခါ ကျွန်တော်တို့ ထဲမှာ လူကောင်ကြီးသော သန်းဆောင်က ဂေါက်ဝင်လှည့်၊ ကျွန်တော်နှင့် သန်းလွင်ကတော့ ဘာမှမလုပ်တတ်တော့ မဆီမဆိုင် ကားဘီး ကိုင်ကြည့်လိုက်၊ ဂေါက်လှည့်သူနား သွားကာ ထိုင်ရမလို ထရမလို။ ကားက စက်နိုးတော့ ရှေ့ခန်း သူ့အဖေ ဘေးမှာ ဝင်းဟန်က ထိုင်သည်။ ကျွန်တော်တို့ ၃ယောက်က နောက်က ဘော်ဒီပေါ်တက်ကာ အမိုးနောက် ကပ်လျက် ကိုင်ရင်း မတ်တပ်ရပ် လိုက်ကြသည်။
ကားက ဆင်တံတား ခါးပြတ်လမ်းအတိုင်း မြောက်ထွက်တော့ ဈေးလမ်းမို့ ခပ်ဖြည်းဖြည်းပေါ့။ ၂၆ဘီလမ်းက အရှေ့တက် နာရီစင်ကျော်၊ မာရဂျမ်းတိုက်ရှေ့ကနေ ရိုးကုမ္ပဏီအတက်မှာ အရှိန်ယူပြီလေ။ သည်တင် ၈၃လမ်း ကာတစ်တိုက် လွန်တော့ ကားအရှိန်ရော လေတိုက်တာရောမို့ ပုဆိုးတွေ အကုန် လေဟုန်စီးကာ ဝဲကာလွင့်ပျံ ဖြစ်ကုန်တော့သည်။ လက်ကလည်း ရှေ့က အမိုးကိုင်းကိုင်ထားရလို့ လွင့်နေသော ပုဆိုးကို မထိန်းနိုင်တော့။ တစ်ယောက်မှလည်း အောက်ခံ ဘောင်းဘီ မပါ။ ဤသို့ဖြင့် လေသလပ်ခံကာ ရီရင်းမောရင်း ၈၁လမ်းထိပ် USIS ရောက်တော့ ကားပေါ်က ဆင်းကြသည်။ ကျွန်တော်တို့က ကျောင်းသွားတာကို အပျော်ဖက်ကြသေးသည်။ နောက်တော့ ဦးကြီးဦးထွန်းလှိုင် ကုန်ရုံဂိတ်ထိုးသည့် အချိန်နှင့် ကျွန်တော်တို့ ကျောင်းချိန်မကိုက်တော့ /၅၁၀၄ နှင့် မလိုက်ကြတော့။ ကျောင်းသို့ ခြေကျင်ပဲ ယွန်းကြ တော့သည်။
အုတ်ဝန်မင်းဝင်းကနေ ဆင်တံတားအတိုင်း အရှေ့တက်သည်။ ဆင်နှစ်ကောင်ရောက်တော့ ရွှေတချောင်း ကူးကာ မုန့်စုံတန်းကနေ ဝက်သားရုံ၏ မြောက်ဘက် ဘေးကပတ်ပြီး နာရီစင်ဘက် ထွက်လိုက်သည်။ သည်လမ်းကြောက အများသဘောတူ လမ်းကြောဖြစ်သည်။ မိုးရွာလို့ ဈေးရုံနဲ့ လင်းရောင်ခြည် ဈေးတန်းကြားက ရွှံ့ဗွက်တွေနဲ့မို့ အလယ်ပေါက်အတိုင်း အရှေ့တက်မယ် ဟု မည်သူမျှ လမ်းကြောင်းမပြောင်းကြ။ ပြောင်းရန် အဆိုတင်လျှင်လည်း ၃မဲ ၁မဲနှင့် ကန့်ကွက်မှာ သေချာသည်။ ဒါဖြင့် ဘာ့ကြောင့် ဝက်သားရုံ မြောက်ဘက် ဈေးသည်တွေနှင့် မြီးရှည်ဆိုင် ခုံတွေကြား ကျဉ်းကျဉ်းကျပ်ကျပ် ဖြတ်ချင်နေကြသနည်း ။ ကျပ်ရုံမက လမ်းကလည်း ခချော်ခချွတ် မညီမညာ။ ထိုလမ်းကို ဘာ့ကြောင့် ဖြတ်ချင် သနည်းဟူမူ ဝက်သားရုံ မြောက်ဘက်ပေါက် အဆင်း လှေကားထစ် အရှေ့ဘက်ကပ်လျက်မှာ ဘဲဥဆိုင်ရှိသည်။
ဘဲဥ ချောချောလေး
—————————-
ဘဲဥဆိုင်ဆိုလို့ ကြီးကြီးမားမားမဟုတ်။ လှေကားထစ်ဘေး ခရမ်းချဉ်သီး သေတ္တာအလွတ် ၂လုံးပေါ် စပါးခွံများ ထည့်ထားသည့် နှီးဘန်းကြီးတင်ကာ ထိုစပါးခွံများတွင် ဘဲဥများထည့်၍ ရောင်းခြင်း ဖြစ်သည်။ ကျွန်တော်တို့က ထိုစပါးခွံ ထိုနှီးဘန်းနှင့် ထိုဘဲဥများကို စိတ်ဝင်စားခြင်းမဟုတ်။ ထိုဘဲဥရောင်းသော ဈေ းသည်မလေးကို ဖျပ်ခနဲတွေ့မိရာမှ သဘောကျကြကာ ကျောင်းသွားတိုင်း သူ့ဆိုင်ရှေ့ဖြတ်ပြီး ခလုတ်တိုက်လုမတတ် ငန်းကြတာပေါ့။ ဘဲဥသည်လေးက ကျွန်တော်တို့ထက် ၁နှစ် ၂နှစ်လောက်တော့ ကြီးနိုင်သည်။ အရပ်အမောင်းက အနေတော် မနိမ့်မမြင့် နှင့် ကိုယ်လုံးကိုယ်ထည်က သွယ်သွယ်လျလျလေး။
ဆံပင်က ကျောလယ်လောက်ထိရှည်ပြီး ဆံပင်ကို အလယ်ခွဲကာ နောက်မှာ ဖဲကြိုးလေးနှင့် စည်းထားသည်။ မျက်ခုံး မျက်လုံး နှာတံ ထင်ရှား ပြေပြစ် ကျော့ရှင်းသည်။ အမြဲတမ်းလိုလို ရင်စေ့လက်စက ခါးတို အင်္ကျီလေးနှင့် ပွင့်ရိုက် ထမီလေး ဝတ်သည်။ ဖိနပ်လေးက ချယ်ရီဖိနပ်အဖြူလေး။ သူ့ကို ပိုမိုသတိထားမိတာက အသားအရေညက်သော မျက်နှာမှာ သနပ်ခါးကို မှုံနေအောင် ညီညီညာညာ လိမ်းထားပြီး ခေါင်းမှာ စပယ်ပန်းကုံးလေး တွဲလွဲခိုပန်ဆင်ထားခြင်း ဖြစ်သည်။ မြင်သာအောင်ပြောရလျှင်တော့ ပန်ချီဆရာကြီး တင်လှဝင်းထင်၏ မြန်မာ မိန်းကလေးပုံ ပန်းချီကားလေးနှင့် တူတော့သည်။ အလွန် မြန်မာဆန်လှချည့်။ ကျွန်တော်တို့ ၄ယောက်သား မနက်တိုင်း မပျက်မကွက် ဘဲဥ ကသိုဏ်းရှုကြတော့ ကာယကံရှင်တွင်မက ဘေးဆိုင်တွေကပါ ရိပ်မိတာပေါ့။ ထို့ကြောင့် ကျွန်တော်တို့ လာတာမြင် လျှင်ကို ဘေးဆိုင်တွေက သူ့ကို လှမ်းအချက်ပေး စပြောင်ကြသည်။
တစ်ရက်တွင် ကျွန်တော်တို့က လင်းရောင်ခြည်ဈေးတန်းက အထွက် ဝက်သားရုံ အနောက်ပေါက်နား ရောက်ခါနီးတွင် ဘဲဥဆိုင်လေးလှမ်းကြည့်တော့ သူက မတ်တတ်ရပ်ပြီး တစ်နေရာရာသွားဖို့ ပြင်နေပုံရတာ မြင်လိုက်သည်။ ထိုစဉ် ကျွန်တော်တို့ လာနေတာ သူ့ဘေးဆိုင်က မြင်လိုက်တော့ သူ့ကို လှမ်း၍ အချက်ပေးလိုက်ပုံ ရသည်။ သူက ဖျပ်ခနဲ လှည့်ကြည့်ကာ ဘဲဥဘန်းဘေးကနေ အပြင်ထွက်မည့် ခြေလှမ်းက တုံ့သွား၏။ ထို့နောက် သူ့နေရာလေးမှာ မသိမသာ ပြန်ထိုင်ကာ ဘာမှမဖြစ်သလို ကြော့ကြော့လေး ကျောပေးနေတော့သည်။ ကျွန်တော်တို့က သူ့ရှေ့ကဖြတ်၊ သူ့ကိုလှည့်ကြည့် သူကလည်း ဖျပ်ခနဲခိုးကြည့် မျက်လွှာချ၊ မျက်နှာလွှဲ။
ကျွန်တော်တို့ စန်းသော်တာ စာအုပ်ဆိုင်နား မရောက်မီ “ကဲ.. ကောင်မ ရှူးတွေ ထွက်ကျလိမ့်မယ်၊ နင့် မောင်တော်တွေက သွားကြပြီ၊ အိမ်သာကို ဖြောင့်ဖြောင့် သွားတော့” ဟူသော အသံနှင့် ရယ်မောသံများ ကြားလိုက် ရသည်။ ကျွန်တော် မသိမသာလှည့်ကြည့်တော့ သူက မတ်တတ်ထပြီး ထမီပြင်ဝတ်ကာ စောစောက အသံလာရာဆီ တခုခု လှမ်းပြော၍ ဘဲဥဘန်းဘေးက နေအပြင်ထွက်တာ မြင်လိုက်ရ၏။ တကယ်တော့ သူလည်း ကျွန်တော်တို့ လာချိန် မျှော်နေတာ နေမှာပေါ့။ သည်တွင် အပေါ့သွားချင်တာ မစောင့်နိုင်လို့ အပေါ့သွားဖို့ အထ၊ ဘေးက ကျွန်တော်တို့ လာနေပြီဟု ပြောလိုက်တော့ ယောင်တိယောင်ကမ်းနှင့် ပြန်ထိုင်လိုက်တာ နေမှာပေါ့။ ကဲ.. ကြည့်ကြစမ်းဆိုတဲ့ သဒ္ဓါစိတ်နှင့် ပေါ့လေ။
ကိုယ့်ကိုကိုယ်ဖော် ရှက်စရာနော်
————————————-
မိတ်ဆွေ စာရှုသူများ ခင်ဗျား။ ကျွန်တော်က ယခု “သူတို့အိမ်” ကို မှတ်မိသမျှ ကိုယ့်ဘဝဇာတ်ကြောင်းကို ရေးသားခြင်းဖြစ်ပါသည်။ ထိုအခါ ကျွန်တော်နှင့် ပတ်သက်သည့် ဆွေမျိုးသားချင်းများ၊ ဆရာသမားများ၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များကိုလည်း နာမည်ရင်းအတိုင်းဖော်ပြရသောအခါ သူတို့၏ ဂုဏ်သိက္ခာ၊ သူတို့၏ အကျိုးစီးပွား နှင့် သူတို့အပေါ် အထင်အမြင်လွှဲမှား အမြင်တိမ်းစောင်းစေမည့် အရေးအသားများ မဖြစ်အောင်၊ ထိုသို့သော အကြောင်းအရာများ မပါအောင် အထူး ဂရုစိုက်ရပါ၏။ ထို့အတူ အတိတ်က ရှေးရှေး ရေစက်များကြောင့် ယခုဘဝတွင် ဆက်စပ် ပတ်သက်ခဲ့သည့် “ထိုထို” သူမ များကိုလည်း ပြောရပြန်ပါသည်။ ထို့ကြောင့် ထိုထို သူမ များ မနစ်နာစေဖို့ သိက္ခာ မထိခိုက်စေရန်လည်း နာမည်များ မဖော်ပြခြင်း၊ နာမည်လွှဲများဖြင့် သုံးနှုန်းပါမည်။
ကျွန်တော်က ပြီးခဲ့သည့် အခန်းများတွင် ဒေါင်းရိုးငံပြာရည်ဝင်းပေါက် ပွဲရုံက ကလေးမလေးအကြောင်း စရေးတော့ ပျော်စရာကောင်းသော မှတ်ချက်များ ဖတ်ရသလို ရင်းနှီးသူမိတ်ဆွေအချို့နှင့် တပည့်တချို့က ‘ဆရာကလည်း ဆင်းရဲတယ်လည်း ပြောသေး မနက် လက်ဖက်ရည်ဆိုင် ထိုင်လိုက်၊ ညကျ ညဈေးတန်းသွားလိုက် ဒီကြားထဲ စာမကြိုးစားဘဲ ရည်းစားထားဦးမှာလား။ ဆရာတို့ခေတ်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားကြတယ်နော်၊ ဆရာက လူပျိုမှ မဖြစ်သေးဘူး၊ ရည်းစားထားချင်နေပြီလား၊ ငယ်ငယ်ကတည်းက ပွေတယ်နော်၊ ဟိုတဖက် ကောင်မလေးက ၆တန်းရှိသေးတာကို ဆရာက ငယ်ငယ်ကတည်းက ဝါသနာပါတာလား” စသည်ဖြင့်အပြစ်တင်သည့် စာမျိုးလည်း ချက်ဘောက်က လှမ်းရေးကြသည်။
သည်နေရာတွင် ကျွန်တော် တင်ပြလိုသည်မှာ ယခု ရေးနေသော ရသဟန် ဆောင်းပါးရှည်သည် ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသည့် ခေတ် စံနစ်ကို ရုပ်လုံးပေါ်စေချင်တာ၊ ထိုစဉ်ကာလ အောက်ခြေလူတန်းစား၊ လူလတ်တန်းစားတို့၏ ရုန်းကန်ရမှုနှင့် လူမှု စရိုက်များ သိရှိစေချင်တာ၊ မန္တလေး၏ ဆင်းရဲသား ရပ်ကွက်လေးနှင့် လူမှုဆက်ဆံရေး ဝန်းကျင်ကို သရုပ်ဖော်ချင်တာ၊ ကျွန်တော် နှင့် ကျွန်တော့်မိသားစု၏ တကယ့် နေထိုင်ခဲ့ရတဲ့ ဘဝကို သိရှိနားလည်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ မချွင်းမချန် ရေးသားဖြင်းဖြစ်သည်။ ထိုအခါ အိမ်မှာ ရေဒီယိုမျှပင် မရှိသော လူပျိုပေါက်တစ်ယောက်၏ စိတ်ကစားမှု၊ စိတ်အပန်းပြေစေသည့် ထွက်ပေါက် စသည်တို့ကို ဆင်ခြင်ကြည့်မိခြင်းမို့ မချွင်းမချန်တင်ပြရခြင်း ဖြစ်ပါ၏။
တကယ်တော့ အရွယ်က ရပ်တံ့မနေ၊ အသက်အလိုက် စိတ်၊ ကိုယ်ခန္ဓာ ၊ သွေးသား၊ အတွေးအခေါ် ပြောင်းလဲပါသည်။ ထိုအပြောင်းအလဲများတွင် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှု၊ ခေတ်စံနစ်၏ ဖိအား၊ ဆင်းရဲမွဲတေမှု စသည့် ပဋိပက္ခများက လူတစ်ယောက်၏ ကောင်းခြင်း ဆိုးခြင်းကို ထုဆစ်ပေးပါလိမ့်မည်။ ထို့ကြောင့် လာမည့် အခန်းများတွင်လည်း ကျွန်တော့်အကြောင်း မကောင်း အဆိုးများ ဗြောင်ကျကျ ပြောဦးမည်မို့ သူမသိငါပိုး၊ ဖိနပ်ပွန်း ထီးဖြူ၊ ငုံးဆူ လူမသိသည့် ထွေလီကာလီ အီစီကလီလေးများလည်း ပါရှိပါဦးမည်။
ကိုင်း ပရိသတ်လည်း မျှော်လင့်ရောပေါ။ ကျွန်တော့် ရှေ့လုပ်ငန်းစဉ်တွင် ရည်းစားစာရေးခြင်းကို စတင် အကောင်အထည် ဖော်ပြီးနောက် ဒုတိယ အဆင့်အနေနှင့် ဒီည မဖြစ်မနေ အကောင်အထည် ဖော်ပါမည်။ စာပေးမယ်လေ။ ကဲ ဘယ်လို ပေးမလဲ၊ သူ့အိမ်ရှေ့က ဖြစ်ပြီး သူထိုင်နေတာတွေ့တာနှင့် ရော့ စာ လို့ ပေးမှမဖြစ်တာ။ ဒါမှမဟုတ် သူကျောင်းသွားစဉ် နောက်က ကပ်လိုက်ပြီး လွယ်အိတ်ထဲ စာထည့်မလား၊ ဒါလည်းမဖြစ် သူက သူ့အစ်မနှင့် ကျောင်းသွားမှာလေ။ သည်တော့ ဒီည ပေးဖြစ်အောင်ပေးဖို့ စဉ်းစား စီစဉ်ပြီးပါပြီ။
အောင်မြင်ပါ့မလား၊ ဒီမစ်ရှင်
——————————–
ဒီနေ့တော့ ကိုမောင်ဒွေး လာမှ ဖြစ်မည်။ သူနှင့် ညဈေးတန်းသွာရင်း သူတို့အိမ်ရှေ့က ဖြတ်ရမည်။ ဒီနေ့ည ဆုတောင်းထားသလို ကိုမောင်ဒွေးရောက်လာပြီး သိမ်ပေါက်က ကြည်ကြည်ညွန့်တို့ ခရမ်းချဉ်သီးပွဲရုံသွားပြီး သူတို့ အပ်ထားသည့် ချုပ်ထည်တွေ သွားပေးရအောင်တဲ့။ ကျွန်တော်ကလည်း အပြင်ထွက်ချင်နေတာမို့ သွာလေ ဟု ဆိုကာ အိမ်ရှေ့ ကွပ်ပျစ်ကဆင်းသည်။ အဘက ပရိတ်ရွတ်နေရာက ကျွန်တော့်ကို လှမ်းကြည့်သည်။ သဘောက မနေ့ညကကျ သန်းခေါင်ထိ စာကြည့်နေပြီး ဒီနေ့ကျ ဘယ်လိုလဲ ဟူသော အကြည့်မှန်းသိသာ၏။
ကျွန်တော်က မလုံမလဲနှင့် ဂရပ်စာအုပ်က ကုန်နေပြီ။ ညဈေးတန်းက မောင်မောင်ပြေမှာ သွားဝယ်ရမှာဟု အဘကြားရန် ကိုမောင်ဒွေးကို လှမ်းပြောသည်။ ဇန်နဝါရီလမှာပင် ချွေးစို့ချင်နေပါပြီ။ ကျွန်တော်က အသင့်ပြင်ထားသည့် အလုပ်အတွက် အိတ်ထဲမှာ အသင့်ပါမပါ စမ်းကြည့်မိသည်။ ကိုမောင်ဒွေးက ဂရပ်စာအုပ်ဝယ်ဖို့ ပိုက်ဆံစမ်းသည်မှတ်လို့ ကဲပါ ငါ့ထဲ ပိုက်ဆံပါပါတယ် ဟု လှမ်းပြောသည်။ ဝူး ချွေးတကယ် ထွက်နေပြီ။ အဆင်ပြေပါ့မလား မသိ၊ ညဈေးက ပြန်ရောက်ရင်လည်း ယုတ္တိရှိအောင် ညနက်ပိုင်းထိ စာပွဲ ထိုင်ဦးမှ။
ဤသို့ဖြင့် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် သူတို့အိမ်ရှေ့ဖြတ်တော့ ကံကောင်းလွန်းစွာ သူက အိမ်ရှေ့ဗာဒံပင် အောက်က ခုံရှည်လေးမှာ ထိုင်လို့၊ ဟောဗျာ ပြောရင်းဆိုရင်း ပိုင်ရှင် ပွဲစားကြီးက မျက်မှန်ကြီး တဝင်းဝင်းနဲ့ ထွက်လာပြီ။ ကျွန်တော်တို့ ခြေလှမ်းတွေက သူထိုင်နေတဲ့နားနီးလာပြီ။ သူက လျမ်းတော့ကြည့်၏။ ပြီးတော့ မသိမသာ ပြန်လှည့်သွားသည်။ ဒုက္ခပဲ ပွဲစားကြီးက အပေါက်ဝမှာ ရပ်နေတာလေ။ သူထိုင်နေတဲ့ ခုံနဲ့ မလှမ်းမကမ်းမှာ။ ကျွန်တော်က အင်္ကျီအိတ်ထဲ နှိုက်ထားတဲ့ လက်ကို ပြန်နှုတ်ရမလို။ အလိုလေး သူ့ရှေ့ အရောက် ပွဲစားကြီးက သူ့အိမ်ထဲ ချာကနဲ ပြန်လှည့်အဝင် ကိုမောင်ဒွေးကလည်း တောင် ဘက် ထိုးမုန့်အိမ်က အပျိုကြီးမက လှမ်းနှုတ်ဆက်လို့ တောင်ဘက်လှည့်ပြီး စကားအပြော သူက သူ့ရှေ့တည့်တည့် ရောက်နေတဲ့ ကျွန်တော့်ကိူ မျက်လွှာလေးပင့်ပြီး ခိုးအကြည့် ကျွန်တော်က အင်္ကျီအိတ်ထဲက သေချာခေါက်ထားတဲ့ စာရွက်ခေါက်လေးကို ဖျပ်ခနဲ သူ့ရှေ့ ပစ်လိုက်တာပေါ့။
သူကလွဲ ဘယ်သူမှ မသိလိုက်၊ ဒီမစ်ရှင်က အောင်မြင်ပြီပေါ့လေ။ ဝူး.. လူလည်း စိတ်ပန်းလွန်းလို့ ချွေးနစ်နေပြီ။ တစ်ခုပါပဲ၊ အပြာနုရောင် စာရွက်ခေါက်လေးကို သူကောက်ပါ့မလား။ ကျွန်တော်က ဒေါက်တာ တင်သန်းမြင့် ဆေးခန်းရှေ့အရောက် နောက်သို့ လှည့်ကြည့် လိုက်သည်။ လက်ခမောင်း ခတ်ပေရော့၊ သူကောက်ယူသွားတာ သေချာ မြင်လိုက်ရပါသည်။ ကိုမောင်ဒွေးကတော့ တစ်လမ်းလုံး သူ့မိတ်ဆွေတွေမို့ ဟိုက သည်က နှုတ်ဆက် မေးမြန်းစကားတွေနှင့်မို့ ကျွန်တော် မစ်ရှင်ကို မသိလိုက်။
ထိုနေ့ညက စာကြည့်စာပွဲမှာ ညာဉ့်နက်အောင် ထိုင်ဖြစ်ပါသည်။ သင်္ချာ အိမ်စာတွက်တာမဟုတ်၊ ရူပဗေဒ ပုစ္ဆာ အဖြေရှာတာ မဟုတ်၊ ထို့အတူ စိတ်ကူးတည့်ရာ ပုံဆွဲတာ မဟုတ်။ အခုလောက်ဆို သူ စာခေါက်လေးကို တစ်ထပ်ချင်း ဖြည်နေမှာ၊ အခုအချိန်ဆို သူ စာရွက်လေး ဖြန့်ပြီး စာတွေ ဖတ်နေမှာ။ ဖတ်ပြီးတာနှင့် ဒေါသဖြစ် အံကြိတ် လုံးချေပစ်မှာလား။ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မှာလား။ ဒါမှမဟုတ် ရုပ်ရှင်တွေထဲကလို စာကို ဖတ်ရင်း မျက်ဝန်းလျားလေးက အရည်လဲ့ကာ ပီတိဖြာပြီး နှုတ်ခမ်းလေးက တွန့်ရုံ ပြုံးလေမလား၊ ဒါမှမဟုတ် စာလေးဖတ်ပြီးတာနှင့် စာရွက်လေး ဖြန့်ကာ ရင်မှာအပ်ပြီး မျက်လုံးမှေးစင်း ဝမ်းသာကျေနပ်ခြင်းတွေက အထွတ်အထိပ်ရောက်လေမလား။ ဒါမှမဟုတ် အခွင့်မသာလို့ စာရွက်ခေါက်လေး ကျောင်းစာစာအုပ်ထဲ ညှပ်ထားပြီး အကုန်အိပ် လူခြေတိတ်မှ ခိုးဖတ်လေမလား စတဲ့ အတွေးတွေနှင့် ကျွန်တော်က စာကြည့်စာပွဲရှေ့ မှန်အိမ်အလင်းရောင်အောက် ရင်ခုန်လို့။
ကဲ.. ကျွန်တော် သူ့ဆီရေးလိုက်တဲ့စာလေးက စာရေးပက် တစ်အုပ်နီးနီးကုန်ခါနီး မှ နှလုံးသားထဲက ရလာတဲ့ စာလုံးလေးတွေလေ။ တကယ့် ရင်ထဲက စကား၊ နှလုံးသားထဲက စာသား၊ ရှင်းရှင်းလေးမို့ သူလေး နားလည်မှာပါလေ။ ကျွန်တော်က ထိုည အိပ်မရတော့ ထိုစာသားလေးတွေကို မန္တာန်တစ်ပုဒ်လို အထပ်ထပ်ရွတ်နေမိပေါ့။ ဘာတဲ့..
“ထားထား ကို ချစ်လို့ပါ၊
ဒို့အချစ်ကို ၅၂၈ လို့ ဈေးမဆစ်နဲ့၊
ဒို့ ချစ်တာက ၁၅၀၀”
ကိုင်း.. မမိုက်လားဗျာ။
ဆူးငှက်
