စက်တင်ဘာ ၁၂ ၊၂၀၂၅
GG (VOM)
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ထဲက သရက်တပင်ရွာမှာ ဒီနေ့မနက်အစောပိုင်းက လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး ၁၈ ယောက်သေဆုံးကာ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီကျော်လောက်မှာ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းပေါ်ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း ပြင်းထန်ပြီးစိုးရိမ်ရသူတွေရှိတယ်လို့သိရပါတယ်။
” လတ်တလော အတည်ပြုရတာက သေဆုံးက ၁၈ ယောက်ဒဏ်ရာရက ၂၀ ကျော်ပါတယ်။” လို့ ဖြစ်စဥ်သိရှိတဲ့ စာရေးဆရာဝေဟင်အောင်ကပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ လူသေဆုံးမှုများပြီးထိခိုက်ဒဏ်ရာရရှိမှုများသလို နေအိမ်အဆောက်အဦး အချို့လည်းပျက်စီးခဲ့ကြောင်း ၊ သေဆုံးသူတွေထဲမှာ ကျောင်းသားတွေများတယ်လို့ ကနဦးသိရပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုတွေပြုလုပ်ပေးနေပြီး လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အခြေအနေကို AA ဘက်မှထုတ်ပြန်ပေးသွားမယ့်အကြောင်း ဒေသတွင်းမီဒီယာကိုပြောဆိုထားတာတွေ့ရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်က ဇီးချောင်းတောင်တန်းဘက်မှာလေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။
ဩဂုတ် ၂၅ ရက်နေ့ ညပိုင်းကလည်း မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်ထဲကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတွေ ၂၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – APM
