ဒီဇင်ဘာ ၇ ၊ ၂၀၂၅
GG (VOM)
ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ မင်းလက်ပံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ထိုင်း နဲ့ မြန်မာ နယ်စပ်က ပြည်သူတွေအတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာနေတယ်လို့ KNU က ဒီဇင်ဘာ ၆ ရက်မှာ စာထုတ် အသိပေးထားပါတယ်။
မင်းလက်ပံဒေသ တိုက်ပွဲ အခြေအနေကြောင့် ထိုင်းအာဏာပိုင်တွေက လတ်တလောမှာ သောင်ရင်းမြစ် ကမ်းကူးဂိတ်တွေကို ယာယီ ပိတ်ထားသလို မြဝတီ – မင်းလက်ပံ လမ်းကြောလည်း ပိတ်ထားတဲ့အတွက် မင်းလက်ပံဘက်က ကျားဖြန့်နဲ့ ဒေသခံ အချို့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ ည ၁၀ နာရီလောက်ကလည်း မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ချစ်ကြည်ရေးတံတားထိပ် (သိန်းသန်းစတိုးအနီး) ဘုရင့်နောင်လမ်း နဲ့ ပတ္တမြား လမ်းထောင့်မှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ် ။
” ဟုတ်တယ် ။ ညက ချစ်ကြည်ရေးတံတား ထိပ်မှာ ပေါက်ကွဲမှု ဖြစ်တယ် ။ လူထိခိုက်တာတော့ မရှိဘူး ။ အခုက မင်းလက်ပံဘက်က အခြေအနေကြောင့် ကမ်းကူးဂိတ်လည်း ခုနှစ်ရက်ပိတ်ထားတယ်။ တံတား ၁ ပဲဖွင့်ထားတယ်။ မင်းလက်ပံဘက်က သွားလို့လည်း မရဘူး ။ အခြေအနေတွေ ရှုပ်ထွေးနေတယ် သိရတယ်။ မင်းလက်ပံက မြဝတီကနေ သွားမယ်ဆိုရင် AA ဆိုက် ၊ KK Park တွေ ဖြတ်ပြီးမှ ရောက်တာ ။ မင်းလက်ပံဘက်က ကျားဖြန့်ဆိုက်ကိုလည်း KNU က ဝင်စီးပြီး သိမ်းထားတာရှိတယ် ။ အခြေအနေတွေကတော့ ရှုပ်နေတယ် ။ ” လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က KNU က ဖမ်းဆီးထိန်းသိမ်းထားတဲ့ Shunda park ငွေလိမ်ဂိုဏ်းဝန်း အတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး KNU ရဲ့ မြေပြင်အကဲဖြတ် အဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာ ၅ ရက် နေ့ကလည်း ထိုင်းနိုင်ငံ ဘက်ခြမ်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုင်းပြည်သူ အချို့ထိခိုက်ဒဏ်ရာ ရရှိမှု ရှိခဲ့သလို မင်းလက်ပံဒေသမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ရှိခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၃ ရက်ကလည်း မင်းလက်ပံတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ကိုးလုံး ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့ သိရပါတယ် ။
အဆိုပါ အခြေအနေတွေကြောင့် လုံခြုံရေးအခြေအနေတွေ ကာကွယ် စောင့်ရှောက်ဖို့အတွက် KNLA ကရင်အမျိုးသား တပ်မတော်ကို KNU က အာဏာအပ်လိုက်ကြောင်း ဖော်ပြထားပါတယ်။
” KNLA ကို အာဏာအပ်လိုက်တယ်ဆိုတော့ ဘာတွေ ဆက်ဖြစ်မလဲ မပြောတတ်ဘူး ။ ထိုင်းကလည်း နောက်တခါ လက်နက်ကြီးကျရင် ပြန်ပြီး တုံ့ပြန်မယ်ဆိုပြီး ပြောနေတယ် ။ နယ်စပ်အခြေအနေက ရှုပ်နေတဲ့သဘောရှိတယ်။ စစ်တပ်ကလည်း ကျားဖြန့်တွေကို ဒီတခါတော့ တကယ်လုပ်နေတဲ့ပုံတွေ့ရတယ်။ အဆောက်အဦ တွေပါ ဖျက်ဆီးနေကြတာ ။ ” လို့ သူက ဆက်ပြီး ပြောပါတယ်။
DKBA ထိန်းချုပ်နယ်မြေထဲက မင်းလက်ပံဒေသရှိ shunda park ငွေလိမ်ဂိုဏ်းကိုတော့ နိုဝင်ဘာ ၂၁ ရက်မှာ KNU တပ်က စတင် ထိန်းချုပ်ခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်း ရမိခဲ့တဲ့ ကျားဖြန့်လုပ်သားတွေထဲက ၂၄၀၀ ကျော်ကို ထိုင်းနိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ မင်းလက်ပံဘက် ဒေသကို ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရတပ်တွေက မြေပြင်စစ်ကြောင်း ၊ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှု ၊ လေကြောင်း တိုက်ခိုက်မှု သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – KNU / CJ
