ဧပြီ ၁-၂၀၂၆
MT(VOM)
ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) နဲ့ ပတ်သက်ပြီး နက်ဖ်ဂျာ ဆာဘတ် အယ်လ်-ကူဝါရီ (Nafja Sabbah Al-Kuwari) တင်ပြထားတဲ့ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ (၃) ခုကို တင်ပြပေးလိုက်ပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေ ၃ ရပ်
(၁) ဒေသတွင်းနိုင်ငံများ စစ်ရေးအရ ကိုယ်တိုင်ဖြေရှင်းခြင်း (စစ်ရေး)
ဒီအခြေအနေမှာတော့ ပင်လယ်ကွေ့နိုင်ငံတွေ (GCC) နဲ့ ဂျော်ဒန်နိုင်ငံတို့ စုပေါင်းပြီး ပိတ်မိနေတဲ့ ရေလက်ကြားကို ပြန်ပွင့်အောင် သူတို့ဘာသာ စစ်ရေးအရ ကြိုးပမ်းတာမျိုးပါ။
အကြောင်းရင်း
ရေလမ်းကြောင်းပိတ်လို့ စီးပွားရေး အကြီးအကျယ် ထိခိုက်နေတာကို အမေရိကန် အကူအညီမပါဘဲ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းချင်တာကြောင့်ပါ။
အခက်အခဲ
ပင်လယ်ကွေ့နိုင်ငံတွေမှာ ခေတ်မီလက်နက်တွေ ရှိပေမဲ့ အီရန်ရဲ့ ရေမိုင်းတွေကို ဖယ်ရှားဖို့နဲ့ ရေတပ်အင်အားချင်း ယှဉ်ဖို့ကျတော့ အကန့်အသတ် ရှိနေပါသေးတယ်။
(၂)နိုင်ငံတကာ ပူးပေါင်းစစ်ဆင်ရေး (စစ်ရေး)
ဒါကတော့ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ မဟာမိတ်တပ်တွေက အင်အားသုံးပြီး ရေလမ်းကြောင်းကို အတင်းအဓမ္မ ပြန်ဖွင့်တာမျိုးပါ။
လုပ်ဆောင်ချက်
ရေမိုင်းတွေကို ရှင်းမယ်၊ ကုန်တင်သင်္ဘောတွေကို စစ်သင်္ဘောတွေနဲ့ စောင့်ရှောက်ပြီး လိုက်ပါပို့ဆောင်ပေးမယ်၊ ပြီးတော့ အီရန်ရဲ့ ကမ်းခြေစောင့် တပ်စခန်းတွေကို တိုက်ခိုက်တာမျိုးတွေ ပါဝင်နိုင်ပါတယ်။
ပါကစ္စတန်ရဲ့အခန်းကဏ္ဍ
ဒီနေရာမှာ ပါကစ္စတန်က ကြားဝင်စေ့စပ်သူ ဖြစ်ပေမဲ့ အနောက်အုပ်စုနဲ့ အီရန် ကြားထဲမှာ ဗျူဟာမြောက် ဂရုတစိုက် နေရမယ့် အနေအထားပါ။
(၃)အဆင့်လိုက် ဆွေးနွေးညှိနှိုင်းခြင်း (သံတမန်ရေး)
ဒီနည်းလမ်းကတော့ အဖြစ်နိုင်ဆုံးလို့ ယူဆရပါတယ်။ အီရန်က ရေလက်ကြားကို ပိတ်ထားနိုင်တဲ့ အစွမ်းကို အသုံးချပြီး နိုင်ငံတကာနဲ့ အကျိုးအမြတ်အတွက် အပေးအယူလုပ် ဆွေးနွေးတာမျိုးပါ။
ပါကစ္စတန်ရဲ့ အခန်းကဏ္ဍ
ဒီနေရာမှာ ပါကစ္စတန်က အမေရိကန်နဲ့ အီရန်ကြား “စကားပြန်” ဒါမှမဟုတ် “ကြားခံဆက်သွယ်ပေးသူ” အဖြစ် အဓိကနေရာက ပါဝင်နေပါတယ်။
လက်ရှိအခြေအနေ
အီရန်က ပါကစ္စတန်အလံတင်ထားတဲ့ သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးတာဟာ ပါကစ္စတန်ရဲ့ စေ့စပ်ညှိနှိုင်းမှု အောင်မြင်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။ ထရန့် (Trump) အစိုးရနဲ့ အီရန်ခေါင်းဆောင်ပိုင်းကြားမှာ ပါကစ္စတန်က သတင်းစကားတွေကို အပြန်အလှန် ပါးပေးနေတာ ဖြစ်ပါတယ်။
ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်ပေးမှု
ပါကစ္စတန်ဟာ ပြိုင်ဘက်နှစ်ဖက်လုံး (အမေရိကန်နဲ့ အီရန်) နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေလို့ ဒီပဋိပက္ခ စစ်ပွဲကြီးဖြစ်မသွားအောင် တားဆီးပေးနိုင်တဲ့ တစ်ခုတည်းသော “တံတား” လို ဖြစ်နေတယ်လို့ အယ်လ်-ကူဝါရီ က သုံးသပ်ထားပါတယ်။
Ref: Al Jazeera
