သူတို့အိမ် အခန်း ၅၅

 

 

ကျွန်တော် ပုံဆွဲသမား
—————————–

ကျွန်တော်တို့ ၁၀တန်းဘီ၏ အင်္ဂလိပ်စာကို ဆရာကြီးဦးလှအောင်က သင်သည်။ ထိုနှစ်က စပြီး အင်္ဂလိပ်စာက သင်ရိုးပြောင်းသည်။ မှတ်မိကြမှာပေါ့ ချင်ပင်ဇီတို့ ဖလောရင့် နိုက်တင်ဂေးတို့ ဖြစ်သွားသည်။ စံနစ်သစ်ဆိုလား၊ အင်္ဂလိပ်စာကို မြန်မာလို ပြောမသင်ရ။ အင်္ဂလိပ်လိုပဲ ရှင်းပြရမည်တဲ့။ ဆရာကြီးဦးလှအောင်က သူ့အင်္ဂလိပ်စာ သင်ရိုးသစ်အတွက် ပြဋ္ဌာန်းစာအုပ်ထဲက သရုပ်ဖော်ပုံတွေကို ၂၀လက်မ × ၃၀လက်မ အရွယ် ပုံကြီးများ ဆွဲရန် ဘယ်သူ တာဝန်ယူနိုင်မလဲဟု မေးသည်။ သည်တော့ မော်နီတာ ကိုပေါစံ အပါအဝင် အတန်းသား အားလုံးက ကျွန်တော့်ကို လှမ်းကြည့်နေကြသည်။ ထိုအခါ ကထိန်တွင် ပဒေသာပင် လက်စွမ်းပြခဲ့သော ကျွန်တော်က ဆရာကြီးဦးလှအောင် ပေးသော တာဝန်ကို ရဲရဲ ယူလိုက်ပါ၏။

ထို့ကြောင့် ကျောင်းက အပြန် ဈေးချို စီရုံထဲက မမမူဆိုင်သို့ ဝင်ပြီး တစ်ဖက်ချောဂျပ်တွေ၊ ပီလီကင်ပုံဆွဲမင်တွေ၊ ဆော့ပင် အနက်တွေ ကလောင်သွား အပြားကြီးတွေနှင့် ဘိုင်နာ အဖြူ တစ်ပုလင်း ဝယ်လိုက်သည်။ အိမ်ရောက်သည်နှင့် ရေမိုးချိုး ညစာစားပြီးသည်နှင့် ကျွန်တော့် အလုပ်စခန်း စတင်တော့သည်။ တစ်ဖက်ချောဂျပ် ၂၀လက်မ × ၃၀လက်မ အရုက်ရွယ်ကို ကျွန်တော့် ခုတင်ပေါ်မှာပဲ ဖြန့်ခင်းလိုက်ရသည်။ အိမ်မှာ သည်ဆိုက်ကို လွတ်လွတ်လပ်လပ် ဆွဲနိုင်ဖို့ နေရာမရှိ။ ထို့ကြောင့် ကိုယ့်အိပ်ရာပေါ်မှာပဲ ဂျပ်ခင်းကာ စတင်ရသည်။ ပြဿနာက နေရာထိုင်ခင်းမဟုတ်၊ အလင်းရောင် ဖြစ်သည်။ နေမဝင်ခင်တော့ ကိစ္စမရှိ။ ပြတင်းပေါက်က အလင်းရောင် ရသည်။ နေဝင်သွားတော့ အလင်းရောင်မရှိတော့။ ပုံက အခုမှ ပုံနှိပ်စာအုပ်ထဲက ပုံကို ဂျပ်ပေါ်တွင် ခဲလျာစကာစ ရှိသေးသည်။ ဒဏ်ရာရ စစ်သားလူမမာများကို နိုက်တင်ဂေးက မီးအိမ်လေး ဆွဲကာ ဆေးကုသနေပုံဖြစ်သည်။

 

ရေနံဆီမှန်အိမ်လေး အလင်းရောင်အောက်မှာ
——————————————————

သည်နေရာမှာ အခု ကျွန်တော် ရေးသားနေသည့် “သူတို့အိမ်” ကို အစကတည်းက ဆက်တိုက် ဖတ်ရှုသူ မိတ်ဆွေများတော့ မှတ်မိပါလိမ့်မည်။ ကျွန်တော်တို့ အိမ်မှာ လျှပ်စစ်မီး မရှိပါ။ မှန်အိမ်ခေါ် ရေနံဆီမီးအိမ်လေးနှင့်ပင် အလင်းရောင် ရယူရသည်။ စာကြည့်တော့လည်း ထိုမှန်အိမ်လေးနှင့်ပဲ ရသည့်အလင်းရောင်နှင့် မွေးကတည်းက ကြည့်ခဲရသည်။ စာကြည့်ဖို့ ဗလာစာအုပ်ထဲ ပုံဆွဲဖို့ ပုံဆွဲစာအုပ်ထဲ ပုံဆွဲဖို့လောက်တော့ ထိုမှန်အိမ် အလင်းရောင်က အထိုက်အသင့် လုံလောက်ပါသည်ဟု ပြောရပါမည်။ သို့သော် အခု ခုတင်ပေါ် ဖြန့်ခင်းထားရသည့် ၂၀လက်မ × ၃၀လက်မ အရွယ် ဂျပ်ကြီးပေါ် ပုံဆွဲဖို့ကျ သူ့အလင်းရောင်က အဆင်မပြေ။ မှောင်လာတော့ ခုတင်ဘေး စာကြည့်စာပွဲလေးဘေးက တိုင်မှာ ချိတ်ထားသည့် ရေနံဆီမှန်အိမ်လေးက အလင်းရောင်နှင့် ရသလောက် ခဲကောက်သည်။ မျက်လုံတွေ ဝါးလာသည်။ မျက်ရည်တွေ ကျလာသည်။ နားလို့ မဖြစ်၊ ဒီည ပြီးမှ ဖြစ်မည်။

တကယ်တော့ ထိုအချိန်အခါက အိမ်သုံးအတွက်ပင် လျှပ်စစ်မီတာရရှိဖို့က တကယ့် အခက်အခဲကြီး ဖြစ်သည်။ ရသည်ထားဦး ထိုစရိတ်စက ကိုလည်း မတတ်နိုင်ပါ။ လျှပ်စစ်မီတာဆိုသည်မှာ အောက်ခြေလူတန်းစားအတွက် မမျှော်လင့်ကောင်းသည့် အဖိုးတန် ဇိမ်ခံပစ္စည်းကြီး ဖြစ်ပါသည်။ ထိုစဉ်ကာလ စာစောင်များတွင် တွေ့ဖူးသော လျှပ်စစ်ဖြင့် လောကနိဗ္ဗာန် တည်ဆောက်အံ့ ဟူသော ကြော်ငြာက လတ်တလော လောကနိဗ္ဗာန် ရောက်နေသူတွေ အတွက် လျှပ်စစ်ဟုပဲ ဟု သဘောပေါက်မိပါသည် (အခုထိ ဆိုပါတော့)။ ထို့ကြောင့် ထိုစဉ်အခါက လျှပ်စစ်မီတာရှိသည့် အိမ်မှ ကြိုးဖြင့် သွယ်ကာ မီးတစ်ပွင့် ဘယ်လောက်ဟူသော မီးရောင်းမီးဝယ် တွေ စတင် ခေတ်စားလာသည်။

 

မီးတစ်ပွင့် တစ်လ ၁၀တဲ့
——————————-

အခု လပိုင်းအတွင်း ကျွန်တော်တို့ဝင်း၏ အနောက်မြောက်ထောင့် အုတ်တံတိုင်းနှင့် ကပ်ရက် ရှိသည့် ဘုန်းကြီးကျောင်း မီတာက တဆင့် ဝင်းထဲက အိမ်တွေ မီးယူဖို့ စီစဉ်နေကြသည်။ ဝင်းအနောက်ဘက်ရှိ ဦးကြီးစာဗျောတို့ အိမ်သည်ပင်လျှင် လမ်းကြားလေးကို ကျော်ပြီး ဘုန်းကြီးကျောင်းက မီးယူထားသည်။ ကိုယ့်အိမ်သို့ သွယ်သည့် ကြိုးဖိုး ခလုတ်ဖိုး မီးသီး မီးချောင်း မီးခေါင်းဖိုးတော့ ကိုယ့်ဖာသာ ကျခံပေါ့။ မီးသုံးခ ကတော့ ဘုန်းကြီးကျောင်းကို မီးတစ်ပွင့်လျှင် တစ်လ ငွေ၁၀ကျပ် လှူရပါသည်။ တစ်အိမ်အတွက်ဆို မီး၃ပွင့်လောက်ဆို အဆင်ပြေသည်။ တစ်လ ၃၀ကျပ်ဖိုးပေါ့။ မီးကြိုး မီးခေါင်း မီးသီး မီးချောင်းအတွက်တော့ ငွေ ၂၀၀ကျပ် ၃၀၀ကျပ်နီးပါးတော့ ကုန်နိုင်သတဲ့။

ဝင်းထဲက မြောက်အစွန်ရှိ ၃အိမ်လောက်က ထိုမီးကို ယူကြမည်။ ကိုကိုစိန်လှိုင်အိမ်ကလည်း ယူမည်တဲ့။ ကျွန်တော်က အိမ်အတွက်လိုချင်သည်။ အဘကို တီးခေါက်ကြည့်တော့ “ဘာ့လို့ အပို ထပ် အကုန်ခံမလဲကွာ၊ ဒီတိုင်းလည်း နေဖြစ်တာပဲ။ တစ်သက်လုံး ဒီလိုပဲ နေလာတာပဲ” တဲ့။ အဘ က အဲ့လောက် ရိုးသည်။ လျှပ်စစ် မီးသီး မီးချောင်း ဆိုတာ ဒို့ဆင်းရဲသားနဲ့ လားလားမှ မထိုက်ဟု စွဲမှတ်ထားသည်။

ကိုင်း အခု ဒီပုံဆွဲ ဖို့ ကျွန်တော် ဒုက္ခရောက်ချေပြီ။ ထို့ကြောင့် အဘကို ထပ် အတွန့်တက်သည်။ ဘုန်းကြီးကျောင်းက မီးပေးလျှင်ယူဖို့ပေါ့။ မရပါ၊ ဘယ်လိုမှ မရပါ။ “ဒို့က မီးချောင်းနဲ့ ကြွားရမယ့် အခြေအနေမဟုတ်ဘူတဲ့” ကျွန်တော့ အဘ က အဲ့လို။ ထိုနေ့ည က အိမ်နှင့် မျက်နှာချင်းဆိုင် ၁၀ပေလောက်သာလှမ်းသည့် ဦးလေးသောင် တိုက် အနောက်ဘက်အခန်း အပြင်ဘက်တွင် ဆင်ထားသည့် လုံခြုံရေး မီးလုံးလေးအောက် အဘက စာပွဲခင်းပေးသည်။ ထိုစာပွဲမှာ ခြင်တဖျပ်ဖျပ် ရိုက်ရင်း ခဲလျာသည်။ ခဲလျာပြီးတော့ ကလောင်တွင် ပီလီကင်မင် တို့ပြီး လိုင်းဆွဲ လိုင်းခြစ် အနက်ဖြည့် လုပ်ရသည်။ အစွန်းအပိုလိုင်းတွေ ဘိုင်နာ အဖြူတို့ပြီးဖျက်ပေါ့။ သည်လိုနှင့် နာရီပြန် ၁ချက်ကျော်မှ ပုံပြီးသည်။ သည်လိုနှင့် အင်္ဂလိပ်စာ သင်ရိုးအတွက် ပုံတွေကို တစ်ပတ် တစ်ပုံနှင့် ၄ပုံလောက်တော့ ဆွဲလိုက်ရသည်။

 

နံရံကပ်စာစောင်နှင့် မိုးဦးပန်း
——————————-

နောက် မကြာမီ အချိန်မှာပင် မြန်မာစာဆရာမ ဒေါ်မြမြတို့ ဒေါ်ခင်ဝင်းတို့က ကျောင်းတွင်းနံရံကပ်စာစောင် ထုတ်မတဲ့။ ကျွန်တော်တို့ အတန်းက မော်နီတာ ကိုပေါစံလည်း ထိုအစည်းအဝေးတက်ရတော့ အစည်းအဝေးအပြီး သိရသည်။ နံရံကပ်စာစောင်ဟု အသံကြားတော့ ကျွန်တော် ရင်ခုန်သွားသည်။ စာဖတ်ဝါသနာပါကတည်းက ဖတ်ရ ဖတ်ဖူးသော စာများအရ နံရံကပ်စာစောင်ဆိုတာကိူ ရင်းနှီးကာ ကြုံဖူးချင်နေသည်။ ကျောင်းသားဘဝမှာ နံရံကပ်စာစောင် ပါမှ ပြည့်စုံသည်။ ကျောင်းသားပီသသည်ဟု ယုံကြည်နေသည်။ သို့သော် မကြုံဖူးခဲ့။ အခု ၁၀တန်းရောက်မှ ကြုံရတော့မည် တဲ့။ ဘယ့်နှယ် ရင်မခုန်ဘဲ ရှိပါ့မလဲလေ။

ကိုပေါစံက နံရံကပ်စာစောင် ထုတ်လျှင် ပုံတွေဆွဲဖို့ ကျွန်တော့်ကိုလည်း တာဝန်ပေးနိုင်ပါတယ်လို့ ဆရာမတွေကို ပြောခဲ့ပြီတဲ့။ ကျွန်တော်က ကိုပေါစံပြောသည့် ပုံဆွဲဖို့ထက် နံရံကပ်စာစောင်အတွက် အစမ်းစာတွေ ဆောင်းပါးတွေကို ကြိုတွေးနေမိသည်။ သည်နေရာမှာ ကျွန်တော်က အစမ်းစာဟု ပြောရခြင်းက သည်ရက်ပိုင်း တစွက်စွက် ဖတ်ပြီး သဘောကျမဆုံး ဖြစ်နေသော စာအုပ်တစ်အုပ် ရှိပါသည်။ မိုးဦးပန်း အစမ်းစာဟူသော စာအုပ်ဖြစ်သည်။ ထိုစာအုပ်မှာ မောင်စွမ်းရည်၊ မောင်သိန်းနိုင်၊ မောင်ဇော်၊ တင်မိုး၊ ကြည်အောင်၊ မောင်မိုးသူ နှင့် မိုးကြည်တို့၏ အစမ်းစာ ၁၈ ပုဒ်ပါဝင်သည်။ အက်ဆေးဟု ခေါ်ရိုးခေါ်စဉ် ကို အစမ်းစာဟု သုံးနှုန်းထားသဖြင့် သဘောကျနေသည်။ ထိုစာအုပ်လေးကို ကျွန်တော်က သတိရတိုင်း ဖတ်ဖြစ်သည်။

အထူးသဖြင့် ဆရာတင်မိုး၏ ရွာပြန်လက်ဆောင်နှင့် စိန်ဒိုးသံ မြဒိုးသံကို အလွတ်ရလုနီးနီး ဖတ်သည်။ သဘောကျလှချည့်။ ထို့ကြောင့် ကျွန်တော်ကလည်း ဆရာတင်မိုးကို တုကာ အဘတို့နှင့် ရွာပြန်သည့် အတွေ့အကြုံ၊ ရွာအလှူက အတွေ့အကြုံတွေကို အစမ်းစာတစ်ပုဒ် ရေးထားသည်။ အခု နံရံကပ်စာစောင်က ကဗျာ ဆောင်းပါး ဝတ္ထုများရေးသား ပေးပို့ရန် ဖိတ်ခေါ်တော့ ထို အစမ်းစာနှင့် အတူ သရော်စာဆန်ဆန် တစ်ပုဒ်ကို ကိုပေါစံ လက်ထဲ အပ်လိုက်သည်။ သရော်စာက “ အဝယ်တော်”တဲ့။ သမဝါယမ အဝယ်တော် တစ်ယောက်က သူ့ရပ်ကွက် သမဝါယမဆိုင်အတွက် မြစ်ဝကျွန်ပေါ်အထိ ဆင်းကာ ငါးခြောက်များဝယ်သည်။

ထိုသို့ အဝယ်ထွက်ရင်း ဆရာတပည့်၂ယောက် ဘီယာသောက် တည်းခိုခန်းတည်း စားပွဲရုံတက်စား သုံးဖြုန်းပြီး အပြန်တွင် ငါးခြောက်ဈေးနှုန်းကို အဆမတန် တင်လိုက်တော့ မြစ်ဝကျွန်းပေါ်အထိ ဆင်းဝယ်သည့် ငါးခြောက်ဈေးက ဈေးချို ထဲက ငါးခြောက်ဆိုင် လက်လီဈေးထက် များနေသည့် အကြောင်း ဖြစ်သည်။ ဒါက ကိုယ်တွေ့ဟု ပြောရပေမည်။ ထိုအဝယ်တော်ခရီးတွင် တပည့် အဖြစ်ပါသွားသော ဝမ်းကွဲအစ်ကိုက ကျွန်တော့်ကို တိုးတိုးတိတ်တိတ် ပြောပြလို့ ဖြစ်သည်။

သည်တော့ နံရံကပ်စာစောင်တွင် ကျွန်တော့် စာ က ၂ပုဒ်စလုံးဖော်ပြပါ၏။ သည်အခါ ကျွန်တော်က ဆရာတင်မိုး အစမ်းစာကို ပုံတူနီးနီးတုပထားသည့် စာကို ပိုသဘောကျနေသည်။ တကယ်တော့ မဟုတ်၊ ထိုစာက စာပေ ဝါသနာအိုးအတွက် စု၊ တု၊ ပြု အဆင့်တွင် စု အဆင့်နှင့် တု အဆင့်ကြားပဲ ရှိသေးသည်။ တကယ်တမ်း “အဝယ်တော်” က မှ “ ပြု” အဆင့် နီးနီး မဟုတ်ပါလား။ ကျျွန်တော်က ပထမဆုံး ပရိသတ်ထံ တင်ပြခွင့် ရခဲ့သည့် နံရံကပ်စာစောင် ထဲက ကျွန်တော်၏ စာမူအကြောင်းကိုပဲ အလောတကြီး ပြောလိုက်ပါပြီ။ ထိုနံရံကပ်စာစောင် အတွက် ဆရာမများနှင့် ကိုပေါစံ က ကျွန်တော့် ကို တာဝန်ပေးသည်မှာ သရုပ်ဖော်ပန်းချီများ ရေးဆွဲ ပေးဖို့ ဖြစ်ပါ၏။

 

နံရံကပ်စာစောင် သရုပ်ဖော်ပန်းချီ
————————————-

ကျောင်းနံရံကပ်စာစောင်အတွက် ပန်းချီပုံများကို ကျောင်းသား အတော်များများက ရေးဆွဲကြမှာတဲ့။ ကျွှန်တော်ကတော့ စာမူ၂ပုဒ်ပို့လိုက်ရလို့ အပျော်ကြီး ပျော်နေပါသည်။ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ရွာအလှူ အစမ်းစာက ဆရာတင်မိုး ကို မတန်မရာ တုပထားခြင်းပါပဲ။ “အဝယ်တော်” ကလည်း တကယ်တမ်း ကိုယ်ပိုင်အရေးအသားဟု ဆိုငြား အခု ပြန်စဉ်းစားလိုက်တော့ သိပ္ပံမောင်ဝ အရေးအသားတွေ သဘောကျနေတော့ သူ့ဟန်တွေပဲပေါ့။ ထိုရက်များက ကျွန်တော့်မှာ နံရံကပ်စာစောင်ထွက်မည့် ရက်ကိုသာ မျှော်လင့်နေမိသည်။ ထိုစဉ် သရုပ်ဖော်ပုံအတွက် ကျွန်တော် တာဝန်ကျတာက နံရံကပ်စာစောင် အယ်ဒီတာအဖွဲ့၏ “ဥယျောဇဉ်” ကဏ္ဍကို သရုပ်ဖော်ရမည်တဲ့။ ကဲ.. ဘာသွား သရုပ်ဖော်မလဲလေ။ ထိုစဉ်က ဗလာစာရွက်နှင့် ၃မျက်နှာလောက် ရေးထားသော လက်ရေးစာမူကို တစ်ဖက်ချောဂျပ်မှာ သရုပ်ဖော် ပြင်ဆင်ပေးရမည် ဖြစ်သည်။

ကိုပေါစံက ကျွန်တော် သရုပ်ဖော်ရမည့် စာမူကို ပေးရင်း “ ဒို့ ၉တန်းဘက်မှာ ကျောင်းသား တစ်ယောက် ရှိတယ်ကွ၊ သူက မြောက်ပြင် မှာနေတာ။ သူ့အဖေက နာမည်ကျော် ပန်းချီဆရာကြီးကွ။ အခု သူ့သားကလည်း ပန်းချီဆွဲတယ်။ အခု သူက သရုပ်ဖော်ပုံတွေ ရေးမှာတဲ့” ဟု ပြောသည်။ ကျွန်တော် အတော် အံ့အားသင့် သွားသည်။ ထိုပန်းချီဆရာကြီးကို ကျွန်တော်ကြားဖူးသည်။ နိပတ်တော်ပန်းချီကားများတွင် ထိုဆရာကြီးက နာမည်ကျော် ဖြစ်သည်။ အိမ်တော်ရာဘုရား ၁၄ခန်းဇရပ်တွင် ထိုဆရာကြီး၏ နိပတ်ပန်းချီများကို ကြုံတိုင်း စိမ်ပြေနပြေ ကြည့်ဖြစ်သည်။ အခု သူ့သား ပန်းချီဆရာကလည်း နံရံကပ်စာစောင်မှာ သရုပ်ဖော်ပုံတွေ ရေးမည်တဲ့။ ကျွန်တော် ခေါင်းနပန်းကြီး သွားသည်။

အဘယ်ကြောင့် ဆိုသော် ကျွန်တော်က ပန်းချီရေးသည်ဆိုသည်မှာ ဘာမှမတတ်ဘဲ တောင်ခြစ် မြောက်ခြစ် အဆင့်မျှဖြစ်သည်။ ပီပီပြင်ပြင် မဟုတ်။ ဒီလို ယောင်ဝါးဝါးက တကယ့် ပန်းချီကျော်ဆရာကြီး သား ပန်းချီဆရာနှင့် အတူ သရုပ်ဖော်ပုံ ရေးရမည် ဆိုတော့ မြင်းမိုရ်တောင်နှင့် ဆီးစေ့ပမာ မနှိုင်းအပ် မနှိုင်းရာ ရှက်စရာကြီး ပါလား။ ကိုပေါစံကို ကျွန်တော် မဆွဲတော့ဘူး ဆိုကာ စာမူ ပြန်ပေးလိုက်ရမလား။ ဒါလည်း အခုမှတော့ မဖြစ်နိုင်တော့။ ထို့ကြောင့် သက်ပြင်းချကာ စာမူစာရွက်တွေနှင့် တစ်ဖက်ချော ဂျပ်ကို လိပ်ကာ အိမ်သို့ ခပ်သွက်သွက် ပြန်ခဲ့တော့သည်။

အိမ်အပြန် လမ်းတလျှောက်လုံး ဘာပုံဆွဲရမလဲဆိုသည်ကို တွေးနေရသည်။ “ဥယျောဇဉ်” တဲ့။ ဘယ်လို သရုပ်ဖော်ရပါ့။ ကျွှန်တော်လည်း အိမ်ရောက်တော့ ဂျပ်ကြီး ဖြန့်ခင်း စာမူကိုဖတ် ဘာရေးရမှန်းမသိ။ ဒီတော့ ကိုယ့်ဘေးမှာရှိတဲ့ ဟိုစာအုပ်လှန် ဒီစာအုပ်လှန်ရင်း အကြံအိုက်နေသည်။ ထိုစဉ် စာအုပ်ဟောင်းတစ်အုပ်ကို လှန်ကြည့်ရင်း အတွေးတစ်ခု ရသည်။ ထိုစာအုပ်က အရှင်သီလာနန္ဒာဘိဝံသ ပြုစုသော မြန်မာဗိသုကာ ပညာရှင် ဆရာဆိုင် အမည်ရှိ စာအုပ်ဖြစ်သည်။ ထိုစာအုပ်မှာ ၁၉၇၁ခုနှစ်တွင် မြဇော်စာပေက ပထမအကြိမ် ထုတ်ဝေသည့် စာအုပ်ဖြစ်သည်။ မြဇော်စာပေ က အိမ်တော်ရာဆင်တံတားပေါ်မှာ ရှိသည်။ ပုံနှိပ်တိုက်ကလည်း မြဇော်ပုံနှိပ်တိုက် ဖြစ်သည်။ ထိုစာအုပ်၏ မျက်နှာဖုံးမှာ ပန်းပုဆရာကြီးဦးလသာ၏ ပန်းပုလက်ရာများကို ပန်းချီဆရာဦးအုန်းကြိုင်က ပန်းချီပြန်ဆွဲပြီး သရုပ်ဖော် ထားခြင်း ဖြစ်သည်။

 

တိုင်ဆင်းနယားနှင့် ဖဲပြားတွန့် ခေါင်းစီး
——————————————

ကျွန်တော်က ချက်ချင်းပင် ခုတင်ပေါ်က ထကာ ဖြန့်တားသည့် ဂျပ်တွင် ပေတံနှင့် တိုင်းထွာကာ လျာသည်။ ၁၅” နှင့် ၂၀” ဂျပ်ကို အလျားလိုက်ယူပြီး အောက်ခြေမှ ၃” အကွာတွင် မျဉ်းပစ်သည်။ ထို့နောက် ဘေး ၂ဖက်တွင်လည်း ကလနားများမှ တစ်ဖက်လျှင် ၅” စီ အတွင်းသို့ ယူပြီး မျဉ်းမတ် ထောင်လိုက်သည်။ ထိုမျဉ်းမတ် ကို မှီ၍ တိုင်ဆင်း နယား၂ကောင်ကို အမြင့်တူ အရွယ်တူ ကူးဆွဲသည်။ ထို့နောက် အပေါ်က နဖူးစည်းမှာ အလယ်က ဖဲပြားတွန့်ထည့်သည်။ ဘေး၂ဖက်မှာ စိုင်ပေါင်နှင့် အညွန့်အတက်တွေ ဘယ်ညာ ထည့်သည်။ နယားခြေတွေကို ၁” ထု တိုင်လုံးနှင့်ကပ်ကာ တိုင်တွင် ထိပ်အုပ်နှင့် အခြေတွင် ကြာကလပ်တွေ ထည့်သည်။

တကယ်တော့ ကျွန်တော်ဘာမှမသိ၊ ကြားဖူးနားဝများနှင့် ဆရာဆိုင်စာအုပ် မျက်နှာဖုံးနှင့် အတွင်းပုံတွေကို စိတ်ကူးတည့်ရာ ကူးဆွဲ ဆက်စပ်ခြင်း ဖြစ်သည်။ ရလာသော ခဲပုံကြမ်းတွင် ဝါတာကာလာထဲက အဝါနှင့် လိမ္မော်ကို လိုသလို အနက်နည်းနည်းစပ်ပြီး ပြင်လိုက် ခြယ်သည်။ ပြီးတော့ အညိုရင့်နှင့် လိုင်းဖော် အလင်းအမှောင်ကို ထည့်လိုက်သည်။ ဖဲပြားတွန့်ပေါ်မှာ လည်း မုခ်ပန်းတောင်ထည့်ကာ စာလုံးကို အတွန့်နှင့် ထုထည့်လိုက်သည်။ အလယ်မှာ ကျန်သည့် ၁၀” × ၁၀” ပတ်လည် အဖြူသားထဲ မျဉ်းပစ်ပြီး ဥယျောဇဉ် စာမူကို အနေတော်လက်ရေးနှင့် သပ်သပ်ရပ်ရပ် ကူးလိုက်သည်။ အံကျပါပဲ။ စာက အပိုအလိုမရှိ ကွက်တိပါပဲ။ ကျွန်တော့် သရုပ်ဖော်က တိုင်ဆင်း နယား ၂ ရုပ်နှင့် မြန်မာမှု မုခ်ဦးကြီးနှင့် ဥယျောဇဉ် ဖြစ်သွားတာပေါ့။ ရွှေရောင် ဟင်္သပြဒါးရောင်တွေပေါ့။ နောက်ရက် ကျွန်တော့် သရုပ်ဖော် ဂျပ်စက္ကူကို ကိုပေါစံဆီ အပ်လိုက်သည်။ ကိုပေါစံကတော့ သဘောကျသည်။ သို့သော် ကျွန်တော်က တထိပ်ထိပ်၊ ဆရာမတွေကများ မင့်ဟာ ဘုရားစောင်းတန်းနဲ့ ဘုန်းကြီးကျောင်း ရောက်နေသလိုပဲကွာ ဟု ပြောလေမလား။ ထို့ပြင် ပန်းချီဆရာကြီးသား က ဘယ်လို သရုပ်ဖော်ပုံများ လာမလဲ .. စသည်ဖြင့် ရင်အခုန်သား။

သည်လိုနှင့် နံရံကပ်စာစောင်ကို ကျောင်းရှေ့ မန်ကျည်းပင်ကြီးအောက် ကွက်လပ်မှာ စတင် ဖွင့်လှစ်တော့ ကျွန်တော်က အပြေးအလွှား ဦးဆုံးသွားကြည့်သည်။ ဆရာမတွေကလည်း ကြည့်နေကြလို့ ကျွန်တော်က ကိုယ်ရှိန်သပ်လိုက်သည်။ နံရံကပ်စာစောင်အနား မရောက်မီ မန်ကျည်းပင်အောက် ခုံဝိုင်းနားက လှမ်းကြည့်တော့ ကျွန်တော့် ဥယျောဇဉ်က ပြူးပြူးပြဲပြဲနှင့် အထင်အရှား မြင်နေရသည်။ ဆရာမဒေါ်ခင်မြမြအေးနှင့် ဒေါ်မြမြ ဒေါ်ခင်ဝင်းတို့ အပါအဝင် ဆရာမတွေက နံရံကပ်စာစောင်၏ တစ်နေရာကို ဝိုင်းကြည့်ကာ လက်ညှိုူနှင့် ထောက်ပြပြီး ရယ်နေကြသည်။ ဘေးမှာ ကိုပေါစံကလည်း လက်ကို နောက်ပစ်ပြီး ဆရာမများနှင့် ရယ်မောနေ၏။

ကျွန်တော်က မန်ကျည်းပင် ခုံဝိုင်းလေးနားကနေ ရှေ့တိုးရမလား ရပ်နေရမလား တုန့်ဆိုင်းနေစဉ် ကိုပေါစံက မြင်သွားပြီး လက်ယပ်ကာ “လာလေ.. ကျော်ဆန်း..၊ စာရေးဆရာကြီးရဲ့ လာပါ။ ဆရာမ ဒီမှာလေ..” ဟု ဆိုကာ ဆွဲခေါ်သည်။ ကျွန်တော် အနားရောက်သွားတော့ ကျွန်တော်ရေးသော “အဝယ်တော်” ကို ဝိုင်းဖတ်ပြီး သဘောကျနေကြခြင်းဖြစ်သည်။ ဆရာမ ဒေါ် ခင်မြမြအေးက ကျွန်တော့်ကို အပြုံးဖြင့် လှမ်းကြည့်ပြီး “သူက ပန်းချီလည်းဆွဲတယ်လေ” ဟု ကျန်ဆရာမများကို ဂုဏ်ယူစွာ ပြောသည်။ ဆရာမ ဒေါ်ခင်ဝင်း က “ဟိုဘက်မှာလည်း မင်းရေးတဲ့ ရွာ အလှူ အကြောင်းလည်း ဖတ်ပြီးပြီ။ မင်း ကိုယ်တိုင် တွေ့တာတွေ ရေးတာလား” ဟု မေးတော့ ကျွန်တော်က ခေါင်းညိတ်ပြီး ရှက်နေသည်။

 

ရေဆေးအကြည် အပီအပြင်နှင့် ညာဝါးပန်းချီ
—————————————————

ဆရာမတွေက နံရံကပ်စာစောင်ကို ဆက်ဖတ်နေစဉ် ကျွန်တော်နှင့် ကိုပေါစံက စာစောင်၏ တစ်နေရာကို သွားကြည့်သည်။ ကိုပေါစံက ထိုစာမျက်နှာကို ခေါ်ပြသည်ဟု ဆိုရပါမည်။ ကျောင်းအုပ်ဆရာမကြီး ၏ အဖွင့် အမှာစကား စာမျက်နှာ ဖြစ်သည်။ ထိုစာမျက်နှာမှာ သရုပ်ဖော်ပန်းချီက ကျုံး မြို့ရိုး ပြာသာဒ်ပုံ ဖြစ်သည်။ ကျုံးရေကြည်လဲ့လဲ့မှာ ကြာပွင့် ကြာဖက်တို့ ကမ်းစပ်မှာ ပွင့်နေသည်။ ကျုံးရေစပ် ထနောင်းပင်၏ အကိုင်းက ကျုံးရေစပ် ငုံ့နမ်းနေသည်။ နေခြည်မှာ ခံ့ညားနေသည့် ပြာသာဒ်က ကျုံးရေပြင်မှာ မှန်ကြည့်နေ၏။ သူ့ရှေ့မှာ မီးတား အဖြူ ထုကြီးထည်ကြီးက ထင်းထင်းကြီးနှင့် ကျုံးရေစပ်မှာ ကိုယ်တစ်ပိုင်းစိမ်နေသယောင်။

ကောင်းလိုက်တဲ့ ပန်းချီ၊ ရေဆေးအကြည်က ရင်ထဲအေးမြကာ ကျုံးဘေးက လေညှင်းလေးပင် တိုက်ခတ် လာသယောင် အေးလို့။ ရောင်စုံ ပန်းချီလေးကို အနက်ရောင် မျဉ်းထူနှင့် လေးဘက် ဘောင်ခတ်လိုက်သည်ကပင် ပန်းချီကားက ပို ကြည့်ကောင်းနေသည်။ နာမည်ကျော် ပန်းချီဆရာကြီးသား ပီသပါပေရဲ့။ ထို ပန်းချီကားနှင့် သရုပ်ဖော် စာမျက်နှာနှင့် ကပ်လျှက် ကျွန်တော့် သရုပ်ဖော် ပန်းချီ ဥယျောဇဉ်က ကြမ်းနေသည်။ ထူနေသည်။ အညာအဝါးတွေ ပါနေသည်။ တစ်ခုတော့ရှိသည်။ ကျွန်တော့ ဥယျောဇဉ် သရုပ်ဖော်ကတော့ သာမာန် လူပြိန်းကြိုက်ပေါ့။ ပြူးတူးပြဲတဲ..။

 

အောင်မှတ် ဘယ်ဟာ
————————–

တကယ်တော့ ကျွန်တော်၏ ပထမဦးဆုံးသော ဝါသနာပါသည့် အလုပ် စာမေးပွဲတွင် စာပေက အမှတ်၆၀လောက်ရပြီး ပန်းချီက အောင်မှတ် ရရုံပဲဆိုတာ ရိပ်မိလိုက်ပါ၏။ သို့သော် မည်သို့ပင် စံနစ်သစ် ဘက်စုံ ပညာရေးဟူ၍ ကြွေးကြော်ကာ သင်ရိုးတွင် ပုံမျာ သင်ထောက်ကူအတွက် ကျောင်းသား၏ တီထွင်ဖန်တီးမှုတွေ၊ ကျောင်းတွင်း စာပေအနုပညာလှုပ်ရှားမှု ကဏ္ဍအတွက် နံရံကပ်စာစောင်ဖြင့် စီမံချက် အကောင်အထည်ဖော်သည်ဖြစ်စေ၊ ကျွန်တော့် ကျောင်းစာ အရည်အချင်း ကရော ဘယ်နှမှတ် ရမည်နည်း။ ဘယ်အမှတ်တွေက စာမေးပွဲ အောင်ခြင်း မအောင်ခြင်းနှင့် လူ့တန်ဖိုးဆိုသည်ကို အဆုံးအဖြတ်ပေးပါမည်နည်း။ ကျောင်းဝင်ပေါက် အနောက်ဘက် သံတဲဆောင် ထဲတွင် ကိုစောနေဝင်း ဦးဆောင်သည့် ဘင်ခရာအဖွဲ့က ဘင်သံတဒုန်းဒုန်းနှင့် သီချင်းတစ်ပုဒ်ကို တိုက်နေသည်။ တစ်ထပ်ဆောင် သံတဲကျောင်းခန်းထဲ ကျောင်းသားတွေ အပြည့်၊ အပြင်ပြတင်းပေါက်က တိုးကြည့်နေသူတွေကလည်း ပြတင်းပေါက်အစေ့။

စောစော ဖွင့်လှစ်လိုက်သည့် နံရံကပ်စာစောင်ရှေ့မှာ ကျောင်းသား ၄-၅ ဦးလောက်သာ မိုးတိုး မတ်တပ် ရပ်နေကြသည်။ လေတစ်ချက် အဝှေ့မှာ မန်ကျည်းကိုင်း အဖျားလေးတွေ လှုပ်သွား၏။ ကျောင်းစောင့်ကြီး ကိုတင်က ရုံးခန်းရှေ့ရှိ ခေါင်းလောင်းကြီးကို လှုပ်ခတ်ကာ ထမင်းစားကျောင်း ပြန်တက်ရန် အချက်ပေးလိုက်သည်။ ကျွန်တော်လည်း အတန်းပေါ် ပြန်တက်တော့မည်လေ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW