ကျောက်ဖြူမြို့က သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေ

မေ ၂၆ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြုမြို့နယ်၊ စနဲမြို့အနီးက တောင်မော်ဦး ရေတပ်စခန်းဝန်းကျင်နဲ့ သိုင်းချောင်း၊ ဇိုင်ချောင်းတဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေပြီး အစိုးရတပ်က လေကြောင်းကနေ လေယာဉ်၊ ဒရုန်းတွေ အသုံးပြုကာ ရေကြောင်းကနေလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲတွေက ဒီလဆန်းပိုင်းကစပြီး ပြင်းထန်လာတာ။ ဒရုန်းတွေ၊ လက်နက်ကြီးတွေကျလို့ ရွာတော်တော်များများလည်း ပျက်စီးသွားပြီ။ စစ်ရှောင်တွေအတွက် ပြန်မယ်ဆိုရင်တောင် နေစရာ အိမ်မရှိတော့တဲ့ အခြေအနေပါ။ အများစုက ဘာပစ္စည်းမှ ယူချိန်မရဘဲ အဝတ်တထည် ကိုယ်တခုနဲ့ ရှောင်လာရတဲ့သူတွေချည်းပဲ။ မိုးသည်းနေတဲ့ကြားမှာ နေစရာနေရာမရှိဘဲ အတော်လေး ဒုက္ခရောက်နေကြတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် စနဲမြို့ပေါ် ရပ်ကွက် ငါးခုက ဒေသခံတွေအပြင် ကျောက်ဖြူမြို့နယ်အတွင်းက စံပါယ်ရှောင်၊ မျှောချောင်း၊ ဒွေးချ၊ တောင်မှော်၊ အလယ်ဒွီန်၊ အနောက်ထိန်ဒွေ၊ အရှေ့ထိန်ဒွေ အစရှိတဲ့ ကျေးရွာပေါင်း ၁၄ ရွာဝန်းကျင်က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ရမ်းဗြဲမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေဘက်ကို စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် တောင်မော်ဦးရေတပ်စခန်းအနီး ပတ်လည်မှာရှိတဲ့ တောင်မော်၊ ပြုံးပြဲ၊ သိုင်း ချောင်း၊ ဇိုင်ချောင်း၊ ထိန်ဒွေ၊ အဝတောင်အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ တသောင်းနီးပါးလည်း ထပ်မံ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ရှောင်တွေရဲ့ နေထိုင်ရေးအတွက် မိုးကာလိပ်တွေ၊ အခြေခံ စားသောက်ကုန်တွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ အရေးပေါ် ဆေးဝါးတွေ အလွန်အမင်း လိုအပ်လျက်ရှိပြီး လက်ရှိမှာ သန့်ရှင်းတဲ့ သောက်သုံးရေ လုံလောက်စွာ မရရှိတာကြောင့် စစ်ရှောင်နေရတဲ့ နေရာတွေမှာ ဝမ်းရောဂါနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ ကူညီပေးနေသူက ပြောပါတယ်။
လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်မှုကြောင့် စနဲမြို့အနီးက ကျေးရွာပေါင်း ၂၀ ဝန်းကျင်က နေအိမ်တွေ ပျက်စီးခဲ့ရသလို ပေါက်ပြင်နဲ့ ရွာသစ်ကေကျေးရွာ အတွင်းမှာလည်း လူထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
“လက်ရှိ အနေအထားက အစိုးရတပ်က ကျောက်ဖြူ – ရမ်းဗြဲ လမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ။ ဒါပေမယ့် AA ရဲ့ကြားဖြတ် တိုက်ခိုက်မှုတွေ ရှိနေတော့ ရှေ့မတိုးနိုင်သေးဘူး။ ဒါကြောင့် ခုနောက်ပိုင်း အစိုးရတပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေပစ်တာတွေ ပိုပြီး စိပ်လာတယ်” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ကျောက်ဖြူမြို့နယ်ဟာ တရုတ်နိုင်ငံရဲ့ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တည်ရှိရာနေရာဖြစ်တာကြောင့် နှစ်ဖက် တပ်ဖွဲ့တွေအတွက် စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးအရ အလွန်အရေးပါတဲ့ မဟာဗျူဟာမြောက် မြို့နယ်တခု ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW