ဩဂုတ် ၂၊ ၂၀၂၆။
NN(VOM)
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် “ဝ” ပြည်သွေးစည်းညီညွတ် ရေးပါတီ၊ “ဝ” တပ်မတော် (UWSP/UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်နေပြီလို့ “ဝ” တပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။
အစိုးရဘက်က “ဝ” တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြီးခဲ့တဲ့လကတည်း က ဖိတ်ကြားထားတာဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ “ဝ” တပ်ဖွဲ့နဲ့ ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
“‘ဝ’ တပ်ဖွဲ့ ကိုယ်စားလှယ်တွေ နေပြည်တော် ရောက်နေပါပြီ။ အသေး စိတ်တော့ ပြောလို့မရသေးပါဘူး” လို့ “ဝ” တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက် က ပြောပါတယ်။
ဘယ်လိုအကြောင်းအရာတွေကို အဓိကထားဆွေးနွေးမယ်ဆိုတာကိုလည်း ပြောလို့မရသေးဘူးလို့ သူကဆိုပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ NCA အပစ် ရပ်လက်မှတ် မထိုးရသေးတဲ့ TNLA တပ်ဖွဲ့၊ SSPP/SSA တပ်ဖွဲ့၊ ရှမ်းနီအမျိုး သားများညီညွတ်ရေးအဖွဲ့ (SNA) တွေအပြင် NCA မှာ လက်မှတ် ရေးထိုးထား တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံ ထားပါတယ်။
ဒီလိုတွေ့ဆုံရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပြည်နယ်ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရေး စတဲ့အချက်တွေကို အဓိကထား ဆွေးနွေးထားတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် အစိုးရ ငြိမ်းချမ်းရေးကော်မတီနဲ့ “ဝ” တပ်ဖွဲ့တို့ ဆွေးနွေးရာမှာ လည်း “ဝ” တပ်ဖွဲ့ဘက်က သူတို့လိုလားနေတဲ့ ပြည်နယ်ရရှိရေးကို ဦးစား ပေးတောင်းဆိုနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက် ပြုပါတယ်။
“TNLA တောင်းသွားတဲ့ဟာကို ကြည့်လေ။ သူလည်း ပြည်ထောင်စုက ခွဲမ ထွက်ဘူး။ ပြည်နယ်သတ်မှတ်ပေးပါလို့ တောင်းခဲ့တာ။ ‘ဝ’ တပ်ဖွဲ့က လည်း အရင်ကတည်းက ဒီကိစ္စတောင်းနေတာ ကြာပြီ။ ဆိုတော့ ဒီကိစ္စတွေပဲ အဓိက ဆွေးနွေးတာမျိုး ဖြစ်နိုင်မယ်လို့” ရန်ကုန်အခြေစိုက် နိုင်ငံရေးအကဲခတ် တယောက်က မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက် ရေးဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တာဝန်ရှိသူတွေဟာ ပြီးခဲ့ တဲ့ ဇွန်လ ၁၈ ရက်နေ့က “ဝ” တပ်ဖွဲ့ထိန်းချုပ်တဲ့ ပန်ဆန်းနဲ့ အထူး ဒေသ (၄) မိုင်းလားမြို့တွေကို သွားရောက်ခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ရှမ်းပြည်နယ်အတွင်းက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်ခုကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအနေနဲ့ သတ်မှတ်ထားပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ အစိုးရထိန်းချုပ်တဲ့ ဟိုပန်နဲ့ ပန်လုံ နှစ်မြို့ကို MNDAA က သိမ်းပိုက်ပြီး “ဝ” တပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။
အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ “ဝ” တပ်ဖွဲ့က အဲဒီမြို့တွေကို နမ့်တစ်မြို့နဲ့ပေါင်းပြီး ဟိုပန်ခရိုင်အနေနဲ့ သတ်မှတ်အုပ် ချုပ်နေတာ ဖြစ်ပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ လက်ထပ်ရက် ၁၀၀ စီမံကိန်းထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေး နွေးဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
ပုံစာ – . ဗိုလ်ချုပ်ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တာဝန်ရှိသူတွေနဲ့ “ဝ “တပ်ဖွဲ့ခေါင်းေဆောင်တွေကို ဇွန်လ ၁၈ ရက်နေ့က ပန်ဆန်းမြို့မှာတွေ့ရစဉ်။
