မြန်မာပြည်က ဆွီဒင်သံရုံးကို ဒီနေ့ကစပြီး အပြီးပိတ်သိမ်း

ဩဂုတ် ၇ – ၂၀၂၆
SN (VOM)
ရန်ကုန်မြို့ရှိ ဆွီဒင်သံရုံး ရုံးခွဲကို ဒီကနေ့ ဩဂုတ် ၇ ရက်ကစပြီး အပြီး ပိတ်သိမ်းလိုက်ပြီလို့ Embassy of Sweden Section Offfice in Yangon က ထုတ်ပြန်လာပါတယ်။
ဒီနေ့ကစတင်ပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆွီဒင်နိုင်ငံရဲ့ ကောင်စစ်ရေးရာနဲ့ သံတမန်ရေးရာ ကိစ္စတွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဆွီဒင်သံရုံးကနေသာ တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ အသိပေးထားပါတယ်။
ဒါအပြင် ရန်ကုန် Section Office ရဲ့ တရားဝင် Facebook စာမျက်နှာကိုလည်း အပြီးတိုင် ပိတ်သိမ်းသွားမှာဖြစ်ပြီး နောက်ဆုံးရ သတင်းတွေနဲ့ တရားဝင် ထုတ်ပြန်ချက်တွေကို ဘန်ကောက်ရှိ ဆွီဒင်သံရုံးရဲ့ Website နဲ့ Facebook စာမျက်နှာတွေကတဆင့် ဆက်လက် ဖော်ပြသွားမယ်လို့ ဆိုပါတယ်။
“အခုလို နိုင်ငံခြားသံရုံးတွေ တရုံးပြီးတရုံး ပိတ်သိမ်းတယ်ဆိုတာ မြန်မာပြည်အတွက် အလားအလာ လုံးဝ မကောင်းနိုင်ဘူးပေါ့။ နိုင်ငံ့စီးပွားရေးကို ပိုပြီး ထိခိုက်စေနိုင်တယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အခွင့်အလမ်းတွေ နည်းလာနိုင်တယ်။ သံတမန်လမ်းကြောင်းတွေ လျော့နည်းသွားတဲ့အတွက် နိုင်ငံရဲ့ အရေးပေါ် အကျပ်အတည်းတွေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ခက်ခဲလာနိုင်တယ်” လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူက သုံးသပ်ပြောဆိုပါတယ်။
ဆွီဒင်သံရုံး ရုံးခွဲဟာ မြန်မာနိုင်ငံမှာ သံတမန်ရေးရာ လုပ်ငန်းတွေအပြင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အဓိက ပံ့ပိုးခဲ့တဲ့ သံရုံးတရုံးဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှုနဲ့ ကုန်သွယ်ရေး အခွင့်အလမ်းတွေ တိုးမြှင့်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Sida) ကတဆင့် ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း (NGO) တွေအတွက် ရန်ပုံငွေနဲ့ နည်းပညာအကူအညီတွေ ပေးအပ်ခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း ဆွီဒင်အစိုးရထံ တိုက်ရိုက် သတင်းပေးပို့ခွင့် ရှိခဲ့တယ်လို့ သိရပါတယ်။
ဆွီဒင်သံရုံးဟာ မြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်မှုကို ရပ်နားလိုက်တဲ့ ဥရောပသံရုံးတွေထဲက တခုဖြစ်လာပြီး အခု ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ပိတ်သိမ်းခဲ့ပြီးဖြစ်သလို ဒိန်းမတ်နိုင်ငံကလည်း ၂၀၂၆ ခုနှစ်မကုန်ခင် မြန်မာနိုင်ငံကနေ သံရုံးလုပ်ငန်းတွေ ရပ်နားတော့မယ်လို့ ကြေညာထားတဲ့အပြင် နယ်သာလန်သံရုံးလည်း ပိတ်သိမ်းဖို့ ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW